ပုံသွန်းနည်းသစ်နဲ့ ထုတ်လုပ်ထားတဲ့ ET5


ပုံသွန်းနည်းသစ်နဲ့ ထုတ်လုပ်ထားတဲ့  ET5 

ကမ္ဘာ့ဈေးကွက်ထဲ ချဲ့ထွင်နေတဲ့ တရုတ် လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ NIO က လျှပ်စစ်ကားလောကကို ဦးဆောင်နေတဲ့ Tesla က အလေူအနက်ထား ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြတယ်။
NIO က မော်ဒယ်အသစ် ET5 လျှပ်စစ်ဆီဒင်ကားကို ကြေညာလိုက်တယ်။ ကြော်ငြာအရ ခရီးတာ မိုင် ၆၂၀ (ကီလိုမီတာ ၁,၀၀၀)အထိ သွားနိုင်တယ်။ အတန်းအစားတူ Tesla Model 3 ထက် ဈေးသက်သာမယ်လို့ ဆိုတယ်။

လျှပ်စစ်ကား မဖြစ်မနေ ထုတ်ကြရမယ့် အခြေအနေ ဆိုက်ရောက်လာတဲ့အခါ လူသစ်တန်းတွေက လူဟောင်းတွေထက် ခြေပိုသွက်ပြီး လျှပ်စစ်ကားဈေးကွက်မှာ ဝေစု ရယူကြတယ်။
ဈေးကွက်က ငယ်နေသေးတော့ ကြီးထွားဖို့ နေရာတွေကျန်တယ်။ ကြီးထွားလာနေချိန်မှာ ကုမ္ပဏီအသစ်တွေက အစိုးရမူဝါဒအရ ပံ့ပိုးမှုတွေ ရရှိကြပြီး အခွင့်အလမ်းတွေ ရရှိကြတယ်။
လမ်းသစ်စဖောက်တဲ့ Tesla ဟာ ခိုင်မာတဲ့ ကုမ္ပဏီကြီးအဖြစ်သို့ ရောက်ရှိလာတယ်။ တရုတ်နိုင်ငံမှ လျှပ်စစ်ကား brand တွေမှာ မကျဆုံးဘဲ မားမားမတ်မတ်ဖြင့် ရောင်းအားကောင်းတဲ့ brand တွေ နိုင်ငံတကာဈေးကွက်ကို ချဉ်းနင်းဝင်ရောက်လာကြတယ်။

လျှပ်စစ်ကားကို ဘီးတပ်ထားပြီး လူတွေ ထိုင်စီးလို့ရတဲ့ ကွန်ပျူတာလို့ ရှုမြင်ကြတော့ Apple က လျှပ်စစ်ကားလောကထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေချိန် iPhone စမတ်ဖုန်းတွေ တပ်ဆင်ပေးတဲ့ Foxconn က လျှပ်စစ်ကားဆိုတာ စမတ်ဖုန်းကို ဘီး ၄ ဘီး တပ်ဆင်တာလို့ ကြွေးကြော်ပြီး လျှပ်စစ်ကား တပ်ဆင်ရေး ပလက်ဖောင်းတွေ တည်ဆောက်ဖို့ လုပ်ကိုင်နေချိန်မှာ စမတ်ဖုန်း ထုတ်တဲ့ Xiaomi ကလည်း Mi car ကို ထုတ်လုပ်ဖို့ တာစူနေတယ်။ Huawei ကလည်း ကားထုတ်ဖို့ အစီအစဉ်ကို စတင်နေပြီ။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အခြေစိုက် NIO က Tesla Model 3 ကို ပခုံးချင်းယှဉ်ဖို့ ET5 မော်ဒယ်ကို ကြေညာတယ်။ သက်တမ်း ၇ နှစ် ရှိပြီဖြစ်တဲ့ NIO ရဲ့ ET5 မှာ ဘက်ထရီကို အငှားဝန်ဆောင်မှု ပေးထားတယ်။ ကားရောင်းဈေးကို အမေရိကန်ဒေါ်လာ ၄၁,၀၀၀ သတ်မှတ်ထားတယ်။ Tesla Model 3 ထက် ၁၀% လောက် ဈေးပိုသက်သာတယ်။


ဘက်ထရီအငှား ဝန်ဆောင်မှုမှာ 75, 100 သို့မဟုတ် 150 kWh ဘက်ထရီ ၃ မျိုး ရွေးစရာ ပေးထားတယ်။ ပါဝါက သုညကနေ တစ်နာရီ ၁၀၀ ကီလိုမီတာ အမြန်နှုန်းကို ၄.၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်တယ်။
NIO က အရွယ်အစား ပိုကြီးတဲ့ဆီဒင်ကား ET7 ကိုလည်း ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်။ ဉရောပ နိုင်ငံအချို့သို့ ၂၀၂၂ မှာ တင်ပို့ရောင်းချဖို့ ရည်ရွယ်ထားတယ်။ ၂၀၂၅ မှာ နိုင်ငံ ၂၅ ခုမှာ ရောင်းချနိုင်အောင် ကြိုးပမ်းအားထုတ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။


 
ET5 ထုတ်လုပ်မှုအပိုင်း ထူးခြားချက်ကတော့ ယာဉ်နောက်ပိုင်းကို အစိတ်အပိုင်း တစ်ခုတည်းအဖြစ် ပုံဖော်ထုတ်လုပ်ပေးတဲ့ ပုံသွန်းနည်းသစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာ‌တယ်။ အချိန်‌လည်း သက်သာတယ်။ ပိုတောင့်တင်းတယ်။ အစိတ်အပိုင်းတွေ ထုတ်ပြီး ဂဟေဆက်ပြီး ထုတ်လုပ်တာထက် အလေးချိန် ၁၃ ကီလိုဂရမ် လျော့နည်းသွားတယ်။ ပစ္စည်းထားဖို့နေရာ ထုထည် ၁၁ လီတာ ပိုကျယ်သွားတယ်။ 

ဖိအားအပြင်းစားသုံးပြီး ပုံသွန်းနည်းကို ကားချာစီ ထုတ်လုပ်မှုမှာ Tesla က စတင်အသုံးပြုခဲ့ပါတယ်။ Model Y ကို ရှေ့ခြမ်း နောက်ခြမ်း နှစ်ပိုင်းပဲ ထုတ်လုပ်ပါတယ်။ ယခင်က အစိတ်အပိုင်း ခုရေ ၇၀ ထုတ်လုပ်ပြီး ဆက်စပ် ထုတ်လုပ်တာအစား နှစ်ပိုင်းပဲ ထုတ်လုပ်ပြီး ဆက်စပ်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်မှာ ဆောက်လုပ်နေတဲ့ Giga Texas စက်ရုံသစ်မှာ ပုံသွန်းစက် Giga Press က ဖိအား တန် ၈,၀၀၀ သုံးထားပြီး Tesla ရဲ့ Cybertruck ချာစီအတွက် ဖြစ်ပါတယ်။

 

Source: jalopnik.com

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
Tesla စိတ်ကူး တကယ်ဖြစ်လာတဲ့ ကားချာစီ  ပုံသွန်းနည်းသစ်

 

Read 1566 times