ကျရှုံးသွားတဲ့ အီးဗီလုပ်ငန်း Electric Last Mile


ကျရှုံးသွားတဲ့ အီးဗီလုပ်ငန်း Electric Last Mile

 

ရှယ်ယာများ အများပြည်သူထံ ရောင်းချခဲ့ပြီး ၁ နှစ်ကြာ၊ ကုမ္ပဏီရဲ့ စီအီးအိုနှင့် ဥက္ကဋ္ဌတို့ နှုတ်ထွက်ခဲ့ကြပြီး ၄ လအကြာမှာ Electric Last Mile Solutions Inc. က လုပ်ငန်းကို ထုခွဲရောင်းချဖို့ စီစဉ်နေပါတယ်။

ယာယီ CEO ဖြစ်သူ Shauna McIntyre က ကုမ္ပဏီကို ဒေဝါလီခံပြီး ထုခွဲရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 Electric Last Mile ရဲ့ ထုတ်ကုန်များ၊ အစီအစဉ်များကို ဆန်းစစ်သုံးသပ်ပြီးချိန်မှာ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေလျှင် ရှယ်ယာရှင်များလည်း အကျိုးမရှိ၊ ကြွေးရှင်များလည်း အကျိုးမရှိ၊ အခြား အကျိုးစီးပွား ပတ်သက်သူများလည်း အကျိုးမရှိလို့ သုံးသပ်တာကြောင့် ကုမ္ပဏီကို ဒေဝါလီခံပြီး ထုခွဲရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 Electric Last Mile ထူထောင်သူများ ဖြစ်ကြတဲ့  James Taylor နှင့် Jason Luo တို့က အမေရိကန်နိုင်ငံ၊ အင်ဒီရားနားရှိ ယခင် General Motors Hummer စက်ရုံမှာ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြပါတယ်။ မြို့တွင်း ပစ္စည်းပို့ဖို့ သုံးကြတဲ့ အံစာတုံး ဗင်ကားတွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှ ယာဉ်အစိတ်အပိုင်းများကို မှာယူတင်သွင်းပြီး စက်ရုံမှာ တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး ဖေဖော်ဝါရီ လဆန်းမှာ နုတ်ထွက်ခဲ့ကြပါတယ်။ 

ယခင်က GM မှာ Hummer brand ကို တာဝန်ယူ လုပ်ကိုင်ခဲ့သူ Taylor က စီအီးအိုအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ယခင် Ford China ရဲ့ စီအီးအို Luo က ဥက္ကဋ္ဌ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ရှယ်ယာတွေ စတင်ရောင်းချချိန်မှာ ရှယ်ယာအားလုံးရဲ့ စုစုပေါင်း ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ အထိ မြင့်တက်ခဲ့ပါတယ်။

 Electric Last Mile  က လုပ်ငန်းလည်ပတ်တဲ့အခါမှာ မော်တော်ယာဉ်တွေ တွက်ခြေကိုက်အောင် ထုတ်လုပ်နိုင်ခြင်း မရှိတာကြောင့် ပြိုလဲပါတယ်။ 

Taylor နှင့်  Luo တို့ နုတ်ထွက်ခဲ့ကြပြီး တစ်ပတ်အကြာမှာ ကုမ္ပဏီစာရင်းစစ် BDO LLP ကလည်း ထွက်ခွာပါတယ်။

ထိုစဉ်မှစ၍ စာရင်းစစ် မရှိတော့တာကြောင့် ၂၀၂၁ အတွက် နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းဖို့ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။

၂၀၂၂ ပထမ ၃ လပတ်အတွက် စာရင်းရှင်းတမ်းကိုလည်း ထုတ်ပြန်နိုင်ခြင်း မရှိပါ။

 မတ်လမှာ ဝန်ထမ်းအင်အား ၂၄% လျှော့ချခဲ့ပါတယ်။

 ကုမ္ပဏီက မေလ ၂၇ ရက်မှာ လုပ်ငန်းလည်ပတ်ဖို့ ငွေပြတ်လပ်တော့မယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

ကုမ္ပဏီရဲ့ အ‌ခြေအနေ ယိုယွင်းနေတာကြောင့် စာရင်းစစ် ရဖို့ မဖြစ်နိုင်တဲ့အပြင် ရင်းနှီးမြှုပ်နှံလိုသူများလည်း မရှိနိုင်တာကြောင့် ‌ရှေ့ဆက်လက်လုပ်ကိုင်လျှင် ပတ်သက်သူအားလုံး အကျိုးယုတ်ဖို့သာ ရှိမှာ ဖြစ်လို့ ဒေဝါလီခံပြီး ထုခွဲ ရောင်းချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

 #MyanmarAutomobileGuide 

Read 4326 times