ဂျပန်မှာ အရောင်းရဆုံး လျှပ်စစ်ကား eK X


ဂျပန်မှာ အရောင်းရဆုံး လျှပ်စစ်ကား eK X

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဂျပန်တွင် ကားထုတ်လုပ်သူများကလည်း အီးဗီများ ထုတ်လုပ်ဖို့ လက်နှေးကြသည်။ ကားဝယ်စီးသူများကလည်း အီးဗီ ဝယ်စီးဖို့ လက်နှေးကြသည်။ သို့ဖြစ်ရာ လျှပ်စစ်ကားဆီသို့ ကူးပြောင်းရေး နှေးနေကြသည်။
သို့သော် ဂျပန်ပြည်တွင်း အီးဗီဈေးကွက်တွင် ဂျပန်ကားလုပ်ငန်းမှ ထုတ်လုပ်သည့် အီးဗီက အရောင်းရဆုံး ဖြစ်နေသည်။

အရွယ်အစား ငယ်ပြီး လေးထောင့်ပုံးဒီဇိုင်း၊ ဂျပန်မှာ အပေါ့စားဟု ဆိုလိုသည့် ကေး kei ကား အတန်းအစားဝင် လျှပ်စစ်ကား eK X သည် ဂျပန်မှ လမ်းကျဉ်းများအတွက် အကိုက်ညီဆုံး ဖြစ်သည်။

ယမန်နှစ်က စတင်ထုတ်လုပ်ခဲ့သော အီးဗီ eK X ကို နီဆန်း၏ လက်အောက်ခံ ကားလုပ်ငန်းခွဲ ဆာကူရာနှင့် မစ်စူဘီရှိတို့ အတူပူးပေါင်းပြီး ဖွံ့ဖြိုးထုတ်လုပ်ခဲ့ကြသည်။ 
ယခုနှစ်တွင် Bloomberg မှ ထုတ်ပြန်သည့် အချက်အလက်များအရ eK X သည် ဂျပန်တွင် အရောင်းရဆုံး အီးဗီ ဖြစ်လာသည်။

၂၀၂၂ ခုနှစ်တွင် ဂျပန်၏ Car of the Year ဆု ရရှိခဲ့သည်။ 
ဂျပန်တွင် ရောင်းချခဲ့သည့် အီးဗီ အစီးရေ စုစုပေါင်း၏ ထက်ဝက်ဝန်းကျင်သည် eK X မော်ဒယ်ဖြစ်ပြီး ယခုနှစ်တွင် ၃၅,၀၉၉ စီး ရောင်းချခဲ့သည်။

“ဂျပန်ပြည်သူတွေရဲ့ နေ့စဉ်လိုအပ်ချက်နဲ့ လမ်းအခြေအနေနဲ့ ကိုက်ညီတဲ့ Kei EV ကားအဖြစ်ဖြင့်  ကျွန်တော်တို့ ရောင်းချပါတယ်” ဟု Sakura ၏ ဂျပန်ပြည်တွင်း လုပ်ငန်းကဏ္ဍအတွက် နီဆန်း၏ စျေးကွက်ရှာဖွေရေး မန်နေဂျာဖြစ်သူ Keiko Kondo က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

eK X ကို မောင်းနှင်သည့်အခါ အခြား ကေးကားများထက် အရှိန်ပိုတင်ပေးနိုင်သည်။ ပိုမြန်သည်။ တနာရီ ကီလိုမီတာ ၁၃၀ အထိ ပြေးနိုင်သည်။ ဘက်ထရီထုပ်က ခရီးတာ ၁၈၀ ကီလိုမီတာအထိ သွားနိုင်သည်။ မြို့တွင်း တနေ့တာ သွားရေးလာရေးအတွက် ဖူလုံသည်။ အိမ်မှာ ညဘက် အားအပြည့် သွင်းနိုင်သည်။

eK X ကို ဝယ်ယူကြသူ အများစုသည် အရန်ကား အဖြစ် ဝယ်ယူကြသည်။ မြို့တွင်း ခရီးတို သွားဖို့လာဖို့ သုံးကြသည်။ 

Saitama စီရင်စုတွင်နေထိုင်သူ အသက် ၅၉ နှစ်အရွယ် Takatoshi Ehara သည် eK X ကို အရန်ကားအဖြစ် ဝယ်ယူခဲ့သည်။ 
“ကျွန်တော့်ဇနီးရဲ့ နေ့စဉ် အလုပ်တက် အလုပ်ဆင်း ခရီးက ၆ ကီလိုမီတာပဲ ရှိတယ်။ ကျွန်တော်လည်း မောင်းပါတယ်။ ကျေနပ်အားရ ဖြစ်မိပါတယ်”ဟု သူက ပြောသည်။
eK X ရောင်းဈေးမှာ ကန်ဒေါ်လာ ၁၃,၀၀၀ ဖြစ်ပါသည်။ 

အသက် ၄၁ နှစ်အရွယ် eK X ပိုင်ရှင် Yoshinori Suwa က အစိုးရ ထောက်ပံ့ကြေး ရရှိခြင်း၊ ဖူကူရှီးမားရှိ သူ့နေအိမ်တွင် အားသွင်းစနစ် တပ်ဆင်ရာတွင် နီဆန်းထံမှ အကူအညီ ရရှိခြင်းတို့ကြောင့်  ကုန်ကျစရိတ်သည် တစ်ပတ်ရစ်ကားကဲ့သို့ သက်သာသွားကြောင်း ပြောကြားခဲ့သည်။
"ကားသုံးစွဲရတဲ့ စရိတ်ကလည်း သက်သာတယ်။ ဓာတ်ဆီ သွားထည့်ဖို့ မလိုတော့ဘူး။ အင်ဂျင်ဝိုင် လဲပေးဖို့လည်း မလိုဘူး။ အဲဒီ ကရိကထတွေ မရှိဘူး" ဟု ပြောကြားသည်။

Source FMT
 

Read 2875 times