ကျဉ်းထဲကျပ်ထဲ ရောက်နေသည့် တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှု ကုမ္ပဏီကြီး Didi Global 


ကျဉ်းထဲကျပ်ထဲ ရောက်နေသည့် တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှု ကုမ္ပဏီကြီး Didi Global 


တရုတ်နိုင်ငံမှ တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှု ကုမ္ပဏီကြီး Didi Global သည် နယူးယောက် စတော့အိပ်ချိန်းတွင် စာရင်းသွင်းပြီး အစုရှယ်ယာများ လူအများတို့ထံ ရောင်းချနေစဉ် တရုတ်အစိုးရက တားဆီးပိတ်ပင်သဖြင့် နယူးယောက်မှ ဟောင်ကောင် စတော့အိပ်ချိန်းသို့ ပြောင်းရွှေ့ရသည့် အခက်အခဲကို ရင်ဆိုင်နေရစဉ် အစိုးရ၏ ဆိုက်ဘာလုံခြုံရေး ပြန်လည်သုံးသပ်မှုနှင့် အခြားသော စည်းမျဉ်းစည်းကမ်းများက တကယ့်ပြဿနာ အခက်အခဲ ဖြစ်လာသည်။ 

နယူးယောက် စတော့အိပ်ချိန်းတွင် ရှယ်ယာများ လူအများထံ စတင်ရောင်းချပြီး ၂ ရက်အကြာတွင် တရုတ်အစိုးရ၏ တင်းကျပ်မှုများကို စတင်ရင်ဆိုင်ရသည်။ ယခုအခါ Didi သည် နယူးယောက် စတော့အိပ်ချိန်းမှ စာရင်း ပြန်နုတ်ခဲ့ပြီး ဟောင်ကောင် စတော့အိပ်ချိန်းတွင် စာရင်းသွင်းရန် လုပ်ဆောင်နေသည်။ 

Apple မှ ရင်းနှီးမြှုပ်နှံခဲ့သည့် အမေရိကန်ဒေါ်လာ ၁ ဘီလျံအပါအဝင် Didi သည် ၈ နှစ်တာ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ အမေရိကန်ဒေါ်လာ ၃၀ ဘီလျံကျော် ရရှိခဲ့ပြီး တိုးချဲ့မှုများ ပြင်းပြင်းထန်တန် လုပ်ဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော Didi  သည် တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း ပြိုင်ဘက်များဖြစ်သော Kuaidi နှင့် Uber China တို့ကို ကျော်တက်ပြီး တရုတ်ပြည်၏ အကြီးမားဆုံး တက္ကဆီခေါ်ပေးသည့် ပလက်ဖောင်း ဖြစ်လာသည်။ လူထုထံ ရှယ်ယာများ ရောင်းချခြင်းမပြုခင် Didi သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ အကြိမ် ၂၀ ခေါ်ယူခဲ့ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၀ နီးပါးတို့မှ ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။ ထိုအရေအတွက်သည် တရုတ်နိုင်ငံရှိ အင်တာနက်ကုမ္ပဏီများအကြား အများဆုံးအရေအတွက် ဖြစ်သည်။
တရုတ်အစိုးရ၏ ကြပ်မတ်မှုများနှင့် စည်းကမ်းအသစ်များသည် လုပ်ငန်းအပေါ် မိုးတိမ်မည်းမျာ အုံ့ဆိုင်းသည့်နှယ် ဖြစ်လာသဖြင့် Didi ကို အသုံးပြုပြီး တက္ကဆီငှားရမ်းခြင်းများသည် ယခင်နှစ်ကထက် ၃၀% လျော့နည်းသွားသည်။ Didi  ၏ ဒါဇင်ချီသော မိုဘိုင်းအက်ပ်များသည်  ပြီးခဲ့သည့် လအနည်းငယ်မှ စ၍ download ရယူခြင်း မပေးရန် Cyberspace Administration of China (CAC) က တားမြစ်ထားသည်။ 
သုံးစွဲသူအသစ် စာရင်းသွင်း မှတ်ပုံတင်ခြင်းကို ခွင့်မပြုခြင်း အပါအဝင် လုပ်ငန်းဆောင်တာများကို Didi  ရပ်ဆိုင်းပေးထားရသည်။ 
 Didi ၏ ပင်မ အက်ပ်ကိုလည်း ဇူလိုင်လ ၉ ရက်တွင် app store အမျိုးမျိုးတို့မှ ဖယ်ရှားပေးခဲ့ရပြီးသည့်နောက်တွင် CAC  က Didi လုပ်ကိုင်လျက် ရှိသည့် မိုဘိုင်းအက်ပ် ၂၅ ခုကိုလည်း ဖယ်ရှားစေခဲ့သည်။  ယခုအထိ တရုတ်ပြည်အတွက်  app store အမျိုးမျိုးတို့တွင် Didi  နှင့် ပတ်သက်သော အက်ပ်မှန်သမျှ တစ်ခုမှ မရှိတော့ချေ။ 

ကုမ္ပဏီသည်   CAC  က ကြပ်မတ်သည့် ဆိုင်ဘာလုံခြုံရေး ဆန်းသစ်သုံးသပ်ချက် ရလဒ်များကို စောင့်ဆိုင်းနေသည်။ ထိုရလဒ်များအရ ဆောင်ရွက်ပေးစရာ ရှိသည်တို့ကို ဆောင်ရွက်ပေးပြီးမှသာ အက်ပ်တစ်ခုကို ပုံမှန် ပြန်လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။ 

Didi သည် တစ်ချိန်တုန်းက တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှု ဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀% ကျော်အထိ ရရှိထားခဲ့ဖူးသည်။ နေ့စဉ် တက္ကဆီခေါ်ပေးရသည့် ကြိမ်ရေ သန်း ၃၀ ရှိခဲ့သည်။  ၂၀၂၀ တွင် Didi တစ်နှစ်တာ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၂.၂ ဘီလျံ ရခဲ့သည်။ ၂၀၂၁ ပထမ ၃လပတ်တွင် ဝင်ငွေ ၄၂,၂ ဘီလျံ ယွမ် (အမေရိကန်ဒေါ်လာ ၆.၆ ဘီလျံ)  ရရှိခဲ့သည်။ 
Didi သည် တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှုအပြင် စက်ဘီးအငှား၊ တက္ကဆီအငှား၊ ငွေကြေးဝန်ဆောင်မှုမှင့် အခြား ဝန်ဆောင်မှုအမျိုးမျိုးတို့ကို လုပ်ကိုင်လျက် ရှိသော်လည်း တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှုသည် ဝင်ငွေအတွက် ပင်မအလုပ် ဖြစ်သည်။ 

တရုတ်အစိုးရ၏ ကြပ်မတ်မှုများနှင့် စည်းကမ်းအသစ်များကြောင့် Didi ၏ တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှု ပလက်ဖောင်းကို ထိခိုက်သည်။ 
၂၀၁၇ ခုနှစ်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ဝန်ဆောင်မှုတွင် လုပ်ကိုင်နေကြသည့် ယာဉ်မောင်းနှင့် မော်တော်ယာဉ်အားလုံးကို လိုင်စင်ထုတ်ပေးရန် လိုအပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်။

ယခုနှစ်စက်တင်ဘာလတွင် ဝန်ကြီးဌာန ၅ ခုတို့သည် Didi အပါအဝင် အငှားယာဉ်ခေါ်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်း  ၁၁ စီးခု ခေါ်တွေ့ခဲ့ပြီး ယခုနှစ်ကုန်တွင် လိုအပ်ချက်များ ပြည့်စုံအောင် လုပ်ဆောင်ရန် ဖိအားပေးခဲ့သည်။
လိုက်နာရန် အခက်ခဲဆုံးမှာ ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့ မြို့ကြီးများတွင် အာဏာပိုင်များက စီးနင်းလိုက်ပါသည့် ယာဉ်မောင်းများကို မြို့မှာ နေထိုင်သော အိမ်ထောင်စုစာရင်းများ ထားရှိရန် တောင်းဆိုထားခြင်း ဖြစ်သည်။ တက္ကဆီခေါ်ပေးသည့် ဝန်ဆောင်မှုများနှင့် ချိတ်ဆက် လုပ်ကိုင်နေကြသော တက္ကဆီယာဉ်မောင်း အများစုတို့သည် တစ်နယ်တစ်ကျေးမှ ရောက်လာပြီး တက္ကဆီမောင်းနေကြခြင်း ဖြစ်ရ မြို့မှာ နေထိုင်သော အိမ်ထောင်စုစာရင်း မရနိုင်ပေ။ 

နောက်ထပ် အခက်အခဲတစ်ခုမှ ကော်မရှင်နှုန်းထား အများဆုံးရာခိုင်နှုန်းကို ဆီလျော်သည့် နှုန်းထားဖြင့် သတ်မှတ်ခိုင်းခြင်း ဖြစ်သည်။  နိုဝင်ဘာ ၃၀ ရက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန ရှစ်ခုတို့က အငှားယာဉ်လိုင်းများအား ၎င်းတို့၏ ကော်မရှင်ခနှုန်းထား
အများဆုံးရာခိုင်နှုန်းကို ကျိုးကြောင်းဆီလျော်စွာ သတ်မှတ်ရန် တိုက်တွန်းခဲ့သည်။ 
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် ကော်မရှင်နှုန်းထား သတ်မှတ်ခြင်းအတွက် စည်းကမ်းများ၏ အသေးစိတ်အချက်အလက်များကို လုပ်ဆောင်နေဆဲဖြစ်သော်လည်း ယခု သတ်မှတ်နေသည့် ကော်မရှင်နှုန်းထားထက် လျော့နည်းဖို့သာ ရှိလိမ့်မည်။ 

Didi ကို ဆိုက်ဘာလုံခြုံရေးပြန်လည်သုံးသပ်နေခြင်းသည် ခြောက်လနီးပါးကြာမြင့်ခဲ့ပြီး အခြားသောပြိုင်ဘက်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။ Didi ၏ အဓိကပြိုင်ဘက်များတွင် ကားထုတ်လုပ်သူများနှင့်  အငှားယာဉ်လုပ်ငန်းအသစ်များ၊ အခြားအင်တာနက်ပလက်ဖောင်းမျာသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍထဲသို့ ဝင်ရောက်လုပ်ကိုင်လာနေသည်။   ကားထုတ်လုပ်သူများနှင့် တက္ကဆီလုပ်ငန်းများက ကျောထောက်နောက်ခံ ပြုပေးထားကြသည့် တက္ကဆီခေါ်ပေးသည့် ပလက်ဖောင်းများ ပိုများလာနေသည်။ Cao Cao Mobility, T3 Chuxing, Xiangdao Chuxing  အစရှိသည့် တက္ကဆီခေါ်ပေးသည့် ပလက်ဖောင်းများသည် တရုတ်နိုင်ငံတစ်လွှား လုပ်ငန်းနယ်ပယ် ချဲ့ထွင်နေကြသည်။ 
Cao Cao Mobility ကို ကားထုတ်လုပ်သူ Geely က ကျောထောက်နောက်ခံ ပြုပေးထားသည်။ Xiangdao သည် SAIC Motor Corp. Ltd မှ ပိုင်ဆိုင်သည့် brand  ဖြစ်သည်။ Alibaba Group Holding Ltd. နှင့် လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်သည့် Contemporary Amperex Technology Co. Ltd. (CATL) တို့ အရင်းအနှီးထည့်ဝင်ပေးထားသည်။ 

Read 358 times