တကျော့ပြန် Cyberquad


တကျော့ပြန် Cyberquad

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Tesla မှ ထုတ်လုပ်သည့် ကလေးများအတွက် Cyberquad သည် ခရီးတာ ၁၃  ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး အမြန်ဆုံး အမြန်နှုန်း  8 km/h အထိ မြန်နိုင်သည်။ လျှပ်စစ်ယာဉ်စစ်စစ် ဖြစ်ပြီး  လစ်သီယမ်-အိုင်းယွန်း 188 Wh ဘက်ထရီ သုံးစွဲထားပါသည်။
Cyberquad သည် အသက် ၈-၁၂ နှစ်အရွယ် ကလေးများအတွက် သင့်လျော်ပြီး အများဆုံး အလေးချိန် ၅၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သည်။ 
မြေမျက်နှာပြင် အနေအထားမရွေး မောင်းနှင်နိုင်မည့် ယာဉ် all-terrain vehicle (ATV)ဖြစ်ပါသည်။
အမေရိကန်တွင် ယခင်က ရောင်းချခဲ့ဖူးပြီး ယခုအခါ တရုတ်ပြည်မှာ တကျော့ပြန် ပြန်လည် ရောင်းချခဲ့ပါသည်။
ကလေးစီးယာဉ်ငယ် Cyberquad ရောင်းဈေးမှာ ယွမ် ၁၁,၉၉၀ ($1,670) ဖြစ်ပါသည်။

 

 Cyberquad ကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် Tesla ၏ တရုတ်ပြည်အတွက် ဝဘ်ဆိုက်မှ  အွန်လိုင်းစတိုးအပြင် JD.com အပါအဝင် e-commerce ပလက်ဖောင်းများတွင် စတင် ရောင်းချသည်။

၂၀၁၉ တွင် Tesla က ပစ်ကပ်ထရပ် Cybertruck ကို မိတ်ဆက်သည့် အခမ်းအနားတွင် ATV Cyberquad ကိုလည်း ကြေညာခဲ့သည်။

 


Cybertruck ကိုယ်ထည်ဒီဇိုင်း စိတ်ကူးစိတ်သန်းဖြင့် Cyberquad ကို ကိုယ်ထည်ဒီဇိုင်း ထုတ်ထားသည်။

Tesla ၏ Cybertruck က ပေါ်မလာဇာတ်ခင်းနေစဉ် ကလေးစီး Cyberquad ကို ၂၀၂၁ နှစ်ကုန်ပိုင်းတွင် စတင်ရောင်းချသည်။ အမေရိကန်နိုင်ငံအတွက်သာ ရောင်းချခြင်းဖြစ်ပြီး ဈေးနှုန်းမှာ $1,900 ဖြစ်ပါသည်။ ယခု တရုတ်ပြည် ရောင်းဈေးထက် ဈေးပိုကြီးပါသည်။

ကလေးစီး စက်ဘီးနှင့် ယာဉ်ငယ် အမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် Radio Flyer မှ Cyberquad ကို ထုတ်လုပ်ပါသည်။ 
၂၀၂၂ အောက်တိုဘာလတွင် Cyberquad များကို ဘေးကင်းရေး ပြဿနာကြောင့် Radio Flyer က ပြန်သိမ်းခဲ့ပါသည်။

ထိုစဉ်က အသက် ၃၆ နှစ်အရွယ် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးသည် ၈ နှစ်အရွယ် ကလေးနှင့်အတူ Cyberquad ကို မောင်းနှင်ခဲ့ရာ၌ တိမ်းမှောက်ခဲ့သည်။ အမျိုးသမီး ဝဲပခုံး ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းဖြစ်ရပ်ကြောင့် Cyberquad ကို ဘေးမကင်းဟု သတ်မှတ်ပြီး ပြန်ရုပ်သိမ်းခဲ့သည်။

 US Consumer Product Safety Commission ကလည်း ကလေးများအတွက် Cyberquad  သည် ကလေးစီး ATV များအတွက် ပြည်ထောင်စု အစိုးရ၏ စံနှုန်းများနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့သည်။

 

Tesla သည် Cyberquad ကို တရုတ်ပြည်တွင် တဖန်ပြန်လည် ရောင်းချရန် ပြီးခဲ့သည့် ဧပြီလတွင် Cyberquad အတွက် ဘက်ထရီဒီဇိုင်း ပြိုင်ပွဲ ကျင်းပခဲ့သည်။ 

ထိပ်တန်း(၁၀) စာရင်းဝင် အဖွဲ့များကို ငွေသား ဆု ချီးမြှင့်သည်။ 
ပထမဆု ယွမ် ၁ သိန်း ကို ပြိုင်ပွဲမှ ချီးမြှင့်သည်။ နောက်ထပ် ယွမ် ၁ သိန်းကို Yibin Municipal Government မှ ထပ်ဆင့်ချီးမြှင့်သည်။
အလားတူပင် ဒုတိယဆုကို ဆုငွေ ၂ ရပ် စုစုပေါင်း ယွမ် ၁ သိန်း ချီးမြှင့်သည်။ 
အလားတူပင် တတိယဆုကို ယွမ် ၅ သောင်း ချီးမြှင့်သည်။

 

Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 237 times