ဆောက်လုပ်ရေးကဏ္ဍထဲ မောင်းဝင်လိုက်တဲ့ တက္ကဆီ အော်ပရေတာ ComfortDelGro


တက္ကဆီ အော်ပရေတာ ComfortDelGro က ဆောက်လုပ်ရေးကဏ္ဍ သယ်ယူပို့ဆောင်ရေးမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဖက်စပ်လုပ်ငန်းတစ်ခုကို ထူထောင်လိုက်ကြောင်း နိုဝင်ဘာလ ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။ အဓိက သယ်ယူမယ့် ကုန်စည်က ကွန်ကရိ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးကဏ္ဍရဲ့ လောဂျစ္စတစ်အပိုင်းမှာ ဝင်ရောက် လုပ်ကိုင်ဖို့အတွက် Guangxi ComfortDelGro Logistics ဖက်စပ်လုပ်ငန်း ထူထောင်လိုက်ပြီး ComfortDelGro က ရှယ်ယာ ၆၀ % ပိုင်ဆိုင်ပါတယ်။ ကျန်တဲ့ ရှယ်ယာ၄၀% ကို Guangzhou Xinhongqiang Concrete Company က ပိုင်ဆိုင်ပါတယ်။

ကနဦး မ,တည်ငွေ ယွမ် ၁၂ သန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ တရုတ်ပြည် တောင်ပိုင်းမှာ တည်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကြီး Guangxi Zhuang Autonomous Region ရဲ့ မြို့သုံးမြို့ဖြစ်တဲ့ Nanning, Guiping နဲ့ Guigang တို့မှာ ကွန်ကရိ ပို့ဆောင်ပေးမှာ ဖြစ်ပြီး နောက်နှစ် မကုန်ခင်မှာ ထရပ်ကား ၃၅ စီးဝယ်ယူပြီး လုပ်ငန်း စတင်မှာ ဖြစ်ပါတယ်။



ComfortDelGro နန်နင်းမြို့မှာ အကြီးမားဆုံး တက္ကဆီ အော်ပရေတာ ဖြစ်ပါတယ်။ တက္ကဆီစီးရေ ၈၅၄ စီးဖြင့် ပြေးဆွဲလျက် ရှိပါတယ်။ နောက်ထပ် မြို့ ၈ မြို့မှာလည်း တက္ကဆီ အော်ပရေတာအဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။ တက္ကဆီအပြင် ဘတ်စ်စတေရှင်များ၊ ယာဉ်မောင်းသင်တန်းကျောင်းများနဲ့ ကားစီးလုံးငှား လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိပါတယ်။


ComfortDelGro က ဩစတေးလျမှ ComfortDelGro Corp Australia လုပ်ငန်းခွဲဖြင့် လုပ်ကိုင်လျက် ရှိပြီး New South Wales, Victoria, Western Australia, Canberra, Northern Territory နဲ့ Queensland ပြည်နယ် ၆ ခုမှာ လုပ်ကိုင်ပါတယ်။ စုစုပေါင်း စီးရေ ၄,၄၀၀ ကျော်ဖြင့် လုပ်ကိုင်ပါတယ်။

Read 411 times