အစ္စရေး နည်းပညာကုမ္ပဏီတစ်ခုအပေါ် ရင်းနှီးမြှုပ်နှံလိုက်တဲ့ ComfortDelGro


စင်ကာပူနိုင်ငံရဲ့ အကြီးဆုံးလမ်းပန်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ComfortDelGro ဟာ အစ္စရေးအခြေဆိုက် တက်သစ်စ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Ottopia ကို အမေရိကန်ဒေါ်လာ (၄) သန်း ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။

ComfortDelGro ဟာ စင်ကာပူမှာ မောင်းသူမဲ့ တက္ကစီ စနစ်ကို အသုံးပြုနိုင်အောင် ပြုလုပ်နေပြီး ဒီ ၂၀၂၃  ခုနှစ်မှာ မောင်းသူမဲ့ တက္ကစီနှစ်စီးကို စတင်စမ်းသပ် အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

Ottopia က ပြုလုပ်ထားတဲ့ နည်းပညာမှာ အလိုလျောက်မောင်းနှင်နိုင်တာတွေ အပြင် ယာဥ်ကို အဝေးနေ ထိန်းချုပ်မောင်းနှင်နိုင်တဲ့စနစ်ပါ ပါဝင်ပြီး ယာဥ်တိုက်မှု မဖြစ်ပွားအောင် ရှောင်ရှားပေးတဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။

Source - https://www.comfortdelgro.com/

ComfortDelGro ရဲ့ CEO ဖြစ်တဲ့ Mr. Cheng Siak Kian က “ အခုလို နည်းပညာမြင့် အလိုလျောက်စနစ်တွေ ပြုလုပ်ပေးတဲ့ Ottopia အပေါ် ရင်းနှီးမြှုပ်နှံခြင်းက ကုမ္ပဏီအနာဂတ်အတွက် အကျိုးအရှိဆုံး အစီအစဥ်တစ်ခုဖြစ်တယ် “ လို့ ပြောပါတယ်။

Ottopia ကိုစတင်တည်ထောင်ခဲ့တဲ့ Mr. Amit Rosenzweig ကလည်း “ ယခုလို့ လမ်းပန်းဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုရဲ့ အထောက်အပံ့ကိုရတာ ပျော်ရွှင်မိကြောင်း “ ကိုလည်း ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ComfortDelGro ဟာ အစ္စရေးအခြေဆိုက် Automotive Chip ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mobileye မှာလည်း ထပ်မံ ရင်းနှီးမြှုပ်နှံထားပါသေးတယ်။

အစ္စရေးအခြေဆိုက် Software ကုမ္ပဏီ Ottopia
=================================

Ottopia Website မှ ပြသထားသော ရီမုတ်ဖြင့် ထိန်းချုပ်မောင်းနှင်ပေးနိုင်သော စနစ်
Ottopia Website - https://ottopia.tech/

Ottopia ဟာ ၂၀၁၈ ခုနှစ်မှာ Mr. Amit Rosenzweig က စတင်တည်ထောင်ခဲ့ပြီး အလိုလျောက်မောင်းနှင်နိုင်တဲ့စနစ်တွေကို သုတေသနပြုလုပ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေးနဲ့ တခြားလုပ်ငန်းတွေမှာပါ မောင်းသူမဲ့စနစ်နဲ့ လုပ်ငန်းတွေ လုပ်ဆောင်နိုင်တဲ့ Software တွေ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။

Ottopia မှာ နာမည်ကြီးကားကုမ္ပဏီတွေ ဖြစ်တဲ့ Hyundai Mobis နဲ့  BMW အပြင် တခြားနာမည်ကြီး နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Motional၊ Magna နဲ့ Nvidia တို့ကပါ ရင်းနှီးမြှုပ်နှံထားကြတာပါ။

စင်ကာပူရဲ့ လမ်းပမ်းဆက်သွယ်ရေးကုမ္ပဏီ ComfortDelGro
=========================================

NUS ရဲ့  Kent Ridge Campus ထဲမှာ တွေ့ရတဲ့ NUS mart Shuttle မောင်းသူမဲ့ယာဥ်

ComfortDelGro ဟာ ဘတ်စ်ကား၊ တက္ကစီတွေအပြင် ရထားနဲ့ တခြားသော ယာဥ်နဲ့ ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယာဥ်ပေါင်း ၃၄,၀၀၀ ကျော်ဖြင့် လည်ပတ်နေပါတယ်။

ဝန်ထမ်းပေါင်း ၁၂,၀၀၀ ကျော်ရှိပြီး စင်ကာပူ၊ သြစတြေးလီးယား၊ ယူကေ၊ နယူးဇီလန်၊ တရုတ်၊ အိုင်ရစ်လန်နဲ့ မလေးရှား တို့မှာပါ လုပ်ငန်းများလုပ်ဆောင်နေတဲ့အပြင် ၂၀၁၉ ခုနှစ်မှာ Smart Shuttle လို့ခေါ်တဲ့ မောင်းသူမဲ့ ဘတ်စ်စနစ်တစ်ခုကို National University of Singapore (NUS) အတွင်းမှာရှိတဲ့ Kent Ridge Campus မှာအချိန်တစ်လခွဲခန့် စမ်းသပ် မောင်းနှင်ခဲ့ပါသေးတယ်။ အဲ့ဒီ Project ဟာ အလွန် လူစိတ်ဝင်စားမှု များခဲ့ပါတယ်။

နောက်ထပ်လည်း တခြားသော လုပ်ငန်းတွေမှာပါ Automotive နည်းပညာကို ထည့်သွင်း လုပ်ဆောင်နိုင်အောင် စီစဥ်နေကြောင်းကိုလည်း ပြောကြားထားပါတယ်။

Read 218 times