ယာဉ်စီးခထက်ပိုမိုတောင်းခံသည့် ယာဉ်လိုင်းများကို CNG နှင့် လိုင်စင် ယာယီရပ်ဆိုင်းမည်ဟု YRTC ကြေညာ


သတ်မှတ်ထားသည့် ယာဉ်စီးခထက် ပိုမိုတောင်းခံသည့် ယာဉ်မောင်းယာဉ်ပိုင်ရှင် ယာဉ်လိုင်းများကို CNG ပိတ်သိမ်းခြင်းကာလ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ယာယီရပ်ဆိုင်းခြင်းပြစ်ဒဏ်တို့ချမှတ်ကာ အရေးယူမည်ဖြစ်ကြောင်း YRTC (ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ) က သတင်းထုတ်ပြန် ကြေညာသည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသောကုမ္ပဏီများ၊ ပုဂ္ဂလိကကြီးကြပ်အဖွဲ့များ၏ စီမံမှုအောက်တွင် ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များအား ဝန်ဆောင်မှုကောင်းသည့် YBS စနစ်ပေါ်ပေါက်ရေး ဘေးကင်းလုံခြုံပြီးရေရှည်ဖွံ့ဖြိုး တိုးတက်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်ဖော်ဆောင်ရေးအတွက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပြစ်မှုနှင့်ပြစ်ဒဏ် သတ်မှတ်ချက် ၁၃၈ ခု ထုတ်ပြန်၍ စစ်ဆေးကြပ်မတ်လျက်ရှိရာ ယာဉ်စီးခပိုမိုတောင်းခံခြင်းမပြုရန် အချက်သည် အဓိကအနေဖြင့် ပါဝင်ကြောင်း၊ ထိုသို့ စစ်ဆေးကြပ်မတ်ရာတွင် မေ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ Call Center တယ်လီဖုန်းသို့ တိုင်ကြားသည့်အမှု ၁၄၁ မှု ၊ လူမှုကွန်ရက်စာမျက်နှာများမှ တွေ့ရှိဖော်ထုတ်သည့်အမှု ၁၇ မှု၊ အသွင်ယူဖမ်းဆီးသည့်အမှု ၉၂ မှု၊ စုစုပေါင်း ၂၅၀ မှုရှိပြီး သက်သေအထောက်အထား ခိုင်လုံသည့် ယာဉ်မောင်းအား ဒဏ်ကြေးငွေ သုံးသောင်းကျပ်နှင့် တစ်လပိတ်သိမ်းသည့် ပြစ်ဒဏ်ချမှတ်ကြောင်း ဖော်ပြထားသည်။

ထိုသို့အရေးယူ ဆောင်ရွက်လျက်ရှိသော်လည်း ပုဂ္ဂလိကကြီးကြပ်သည့် ယာဉ်လိုင်းအချို့သည် ဆက်လက်၍ ယာဉ်စီးခပိုမို တောင်းခံမြဲတောင်းခံနေသည့်သတင်းကို တွေ့ရှိကြားသိနေရပြီး YRTC အနေဖြင့် အသွင်ယူဖမ်းဆီးခြင်းများ ပြုလုပ်သလို ခရီးသွားပြည်သူများအနေဖြင့် YRTC Call Center ဖုန်းအမှတ် ၀၉-၄၄၈ ၁၄၇ ၁၄၉၊ ၀၉- ၄၄၈ ၁၄၇ ၁၅၃၊ ၀၉-၄၄၈ ၁၄၇ ၁၅၄ သို့ တယ်လီဖုန်းဖြင့်လည်းကောင်း သက်သေအထောက်အထား ခိုင်လုံစွာ Viber ဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဥပဒေ ပုဒ်မ ၅၁ တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဦးစီးဌာနသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်ရရှိသူက လုပ်ငန်းလိုင်စင် စည်းကမ်းချက်တစ်ရပ်ရပ်ကိုသော် လည်းကောင်း၊ ဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများအမိန့်နှင့် ညွန်ကြားချက်များပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုသော် လည်းကောင်း ဖောက်ဖျက်ကြောင်းတွေ့ရှိလျှင် ထိုသူအားကာလသတ်မှတ်၍ လုပ်ငန်းလိုင်စင်ယာယီရပ်ဆိုင်းခြင်း၊ လုပ်ငန်းလိုင်စင်ပယ်ဖျက်ခြင်း ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်ဟု ပြဌာန်းထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ယင်းကြောင့် ယာဉ်စီးခ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ် ပိုမိုတောင်းခံသောယာဉ်များ စပယ်ယာတင်သော ယာဉ်များအား စစ်ဆေးဖမ်းဆီးရမိပါက CNG ပိတ်သိမ်းခြင်း ပြစ်ဒဏ်၊ ကာလသတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက သတင်းထုတ်ပြန်သည်။

Source: news-eleven.com 

Read 563 times