နိုင်ငံပိုင်လုပ်ငန်း Chery International ထိုင်းမှာ အီးဗီ ထုတ်လုပ်မည်


နိုင်ငံပိုင်လုပ်ငန်း Chery International ထိုင်းမှာ အီးဗီ ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံမှ နိုင်ငံပိုင် ကားထုတ်လုပ်ရေးလုပ်ငန်း Chery International သည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်ရန်အတွက် ရေရှည်တည်တံ့မည့် ဖက်စပ်လုပ်ငန်း ထူထောင်ရန် ထိုင်းနိုင်ငံမှ လက်တွဲရန် အလားအလာရှိသည့် ကုမ္ပဏီအချို့နှင့် ဆွေးနွေးနေသည်။ 
Chery International သည် တရုတ်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်သူ (၁၀) စာရင်းတွင်ပါဝင်ပါသည်။
Chery International ၏ လက်အောက်ခံ လုပ်ငန်းခွဲ Omoda & Jaecoo International Co သည် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ထံ လျှပ်စစ်ကား ထုတ်လုပ်ရေး အခြေစိုက်တစ်ခုအဖြစ် ကားစက်ရုံ ထူထောင်လုပ်ကိုင်မည့် အစီအစဉ်ကို တင်ပြရန် စီစဉ်နေသည်။ ထိုင်းအစိုးရမှ ပေးအပ်မည့် အီးဗီအတွက် မက်လုံး ခံစားခွင့်များကို ရယူရန်အတွက်လည်း လျှောက်ထားမည် ဖြစ်သည်။ 
ကုမ္ပဏီသည် လအနည်းငယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းအစီအစဉ်များကို အသေးစိတ် ထုတ်ဖော်ပြောကြားမည်ဟု Omoda & Jaecoo International မှ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ Qi Jie က ပြောကြားသည်။
“ကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံမှာ EV အမှတ်တံဆိပ်နှစ်ခုဖြစ်တဲ့ Omoda နဲ့ Jaecoo ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ ထိုင်းပြည်တွင်းမှ ကားဝယ်စီးသူတွေက အဲဒီအမှတ်တံဆိပ်တွေကို ဝယ်ယူအားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Mr Jie က ပြောသည်။

ထိုင်းနိုင်ငံတွင် Chery ၏ ရင်းနှီးမြုပ်နှံမှု အစီအစဉ်တွင် အဆင့်သုံးဆင့်ရှိပြီး ပထမအဆင့်တွင် ၂၀၂၄-၂၅ မှာ တစ်နှစ်လျှင် အီးဗီ အစီးရေ ၁၈,၀၀၀ ဝန်းကျင် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု PTT Plc ၏ လုပ်ငန်းခွဲဖြစ်သော Arun Plus Co ကို ပထမအဆင့်တွင် Omoda & Jaecoo International အတွက် အီးဗီများ ထုတ်လုပ်ရန်အတွက် ကန်ထရိုက် ပေးအပ်မည့် အစီအစဉ်ရှိပြီး Arun Plus Co နှင့် ဆွေးနွေးနေသည်။
နောက်တဆင့်တွင် ကားထုတ်လုပ်ရေးစက်ရုံ ထူထောင်မည် ဖြစ်သည်။ 

ဒုတိယအဆင့်ကို ၂၀၂၆-၂၇ တွင် အကောင်အထည်ဖော်မည်။ တနှစ်လျှင် အီးဗ‌ီအစီးရေ ၅ သောင်းဝန်းကျင်  ထုတ်လုပ်နိုင်အောင် တိုးချဲ့မည်။ ၎င်း အစီးရေ ၅ သောင်းတွင် ၄ သောင်းခွဲကို ပြည်ပသို့ တင်ပို့မည်။ ကျန်သည့် ၅ ထောင်ကို ထိုင်းနိုင်ငံတွင် ရောင်းချမည်။

၂၀၂၈-၃၀ တွင် တတိယအဆင့် အကောင်အထည် ဖော်မည်။ Omoda & Jaecoo ၏ ထုတ်လုပ်မှု ထပ်မံတိုးချဲ့မည်။ တနှစ်လျှင် အစီးရေ ၁ သိန်းကျော် ထုတ်လုပ်မည်။ အစီးရေ ၆ သောင်းကို ပြည်ပသို့ တင်ပို့မည်။

 “အီးဗီ ထုတ်လုပ်ရေးစက်ရုံနဲ့ တည်နေရာ၊ ရင်းနှီးမြှုပ်နှံမှုတို့ကို ထိုင်းကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပါတယ်" ဟု Mr Jie က ပြောသည်။

Chery သည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ပြီး ထိုင်းနိုင်ငံသည် Chery ရင်းနှီးမြှုပ်နှံမည့်  တတိယမြောက်နိုင်ငံဖြစ်သည်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် အင်ဂျင်ကားများ ထုတ်လုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ ထုတ်လုပ်မည်။
ထိုင်းနိုင်ငံတွင် အီးဗီများကို ပြည်ပတင်ပို့ရန်အတွက် အဓိကထားပြီး ထုတ်လုပ်မည်။
Chery သည် ထိုင်းနိုင်ငံ၏ အစိုးရသစ်နှင့် အမျိုးသား အီးဗီ မူဝါဒကော်မတီတို့ထံမှ အတည်ပြုချက်ကို  စောင့်ဆိုင်းနေသည်။

ကုမ္ပဏီသည် ထိုင်းဖောက်သည်များအတွက် အရောင်းပြခန်းပေါင်း ၃၀ ခန့် ဆောက်လုပ်ရန် စီစဉ်နေသည်။ ရောင်းချမှုအပြီး ဝန်ဆောင်မှုများလည်း စတင်မည်ဖြစ်သည်။
Omoda & Jaecoo သည် နိုင်ငံအတွင်း အရောင်းကိုယ်စားလှယ် ၁၅-၂၀ ခန့် ထားရှိရန် မျှော်မှန်းထားသည်။
Bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 774 times