တရုတ်နိုင်ငံပိုင် ကားလုပ်ငန်း Changan ထိုင်းမှာ အရှိန်တင်


တရုတ်နိုင်ငံပိုင် ကားလုပ်ငန်း Changan ထိုင်းမှာ အရှိန်တင်

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံ ချုံကင်းမြို့တွင် ရုံးချုပ်တည်ရှိပြီး ကျော်ကြားသော နိုင်ငံပိုင် ကားထုတ်လုပ်‌ရေးလုပ်ငန်း Changan Automobile သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်တွင် အရှိန်တင်နေသည်။

 

ထိုင်းနိုင်ငံအား ၎င်း၏ မဟာဗျူဟာမြောက် ပို့ကုန်အခြေစိုက်စခန်းအဖြစ် သတ်မှတ်ထားသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် အီးဗီအစီးရေ ၂ သောင်း ရောင်းချရန် ရည်မှန်းချက် ချမှတ်ထားသည်။

 

Changan Auto Sales (Thailand) ၏ ဥက္ကဋ္ဌ Shen Xinghua က ထိုင်းအစိုးရသည် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ အဆင့် ၃ ဆင့်အရ ၂၀၃၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည့် ကားအားလုံး၏ ၃၀% ကို အီးဗီ ဖြစ်လာစေရန် ရည်မှန်းထားကြောင်း၊ အီးဗီ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နှင့် အီးဗီကို ကားစီးသူများအကြား သတိမူမိလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံသည် ရည်မှန်းထားသည်ထက် ၃ နှစ်စောပြီး ဆောလျင်စွာဖြင့် ၂၀၂၇ ခုနှစ်တွင် ၎င်းပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု Changan က ယုံကြည်ကြောင်း ပြောကြားသည်။

 

 Changan သည် ထိုင်းဈေးကွက်တွင် ၎င်း၏ အီးဗီ များကို မကြာသေးမီက စတင်ရောင်းချခဲ့ကြောင်း၊ လေးလအတွင်း ကားစီးသူများထံမှ နွေးထွေးစွာ ကြိုဆိုမှုကို ရရှိခဲ့ကြောင်း  Mr Shen မှ ပြောကြားပါသည်။

 

ထူးခြားဆန်းသစ်သော ဒီဇိုင်းများနှင့် အဆင့်မြင့်နည်းပညာများ ထည့်သွင်းထားသည့်အတွက် ကုမ္ပဏီသည် ယခုနှစ်တွင် အီးဗီ အစီးရေ အနည်းဆုံး ၂၀,၀၀၀ ရောင်းချရန် မျှော်လင့်ထားသည်။

 

“ကုမ္ပဏီအနေနဲ့ ထိုင်းဈေးကွက်မှာ ခရီးတာ ပိုဝေးဝေး သွားနိုင်အောင် စီမံပေးထားတဲ့ လျှပ်စစ်ကားတွေကို မိတ်ဆက်ဖို့ စဉ်းစားနေပါတယ်။ အဲဒီလို စီမံပေးထားတဲ့အတွက်  အားသွင်းစခန်းတွေ နည်းနေသေးတာနဲ့ ပတ်သက်လို့ ယာဉ်မောင်းများအကြား စိုးရိမ်မှုများကို လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်"ဟု Mr Shen က ပြောကြားသည်။

 

ဘက်ထရီကို အားသွင်းရန် မီးစက်ကို ကားမှာ တပ်ဆင်ပေးထားပြီး မီးစက်အတွက် ဓာတ်ဆီအင်ဂျင်တလုံး တပ်ဆင်ပေးထားသည့် ဟိုက်ဘရစ်အီးဗီများကို ရောင်းချမည် ဖြစ်သည်။ ဓာတ်ဆီထည့်ပြီး အင်ဂျင်နှိုး၍ ဘက်ထရီအားသွင်းနိုင်မည် ဖြစ်သည်။  သို့ဖြစ်ရာ ခရီးတာ ပိုဝေးဝေး သွားနိုင်မည် ဖြစ်သည်။ ထို့ပြင် ဘက်ထရီအားသွင်းရန် အားသွင်းတိုင် မရှိသည့်ဒေသတွင် ဓာတ်ဆီထည့်ပြီး အင်ဂျင်နှိုး၍ ဘက်ထရီအားသွင်းနိုင်မည် ဖြစ်သည်။ 

 

Changan Automobile သည် ဘတ် ၈.၈၆ ဘီလီယံတန် အီးဗီ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ Board of Investment ၏ ခွင့်ပြုချက် ရရှိထားသည်။

 

ကုမ္ပဏီသည် ထိုင်းနိုင်ငံ ရယောင်းရှိ စက်ရုံမှ ထုတ်လုပ်သည့် အီးဗီများကို ယခုနှစ်တွင် ထိုင်းနိုင်ငံမှာ စတင်ရောင်းချရန် စီစဉ်ထားသည်။ ထို့ပြင် ၎င်းစက်ရုံမှ ထုတ်လုပ်သည့် အစီးရေ ၂ သိန်းကို ပြည်ပသို့ တင်ပို့ရန် ရည်မှန်းထားသည်။ ၎င်းစက်ရုံ ဆောက်လုပ်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ပန္နက်ချခဲ့ပါသည်။

 

Changan Automobile သည် ၎င်း၏ "Vast Ocean Plan" ကို ယမန်နှစ် ဧပြီလတွင် ရှန်ဟိုင်းမော်တော်ကားပြပွဲ၌ တင်ပြခဲ့သည်။

၎င်းအစီအစဥ်အရ ထိုင်းနိုင်ငံသည် မဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် “သော့ချက် တံတား” ဖြစ်လာမည် ဖြစ်သည်။

 

ကုမ္ပဏီသည် ထိုင်းနိုင်ငံကို ထုတ်လုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်ပစ္စည်း ဝယ်ယူရေး၊ အရောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက်  အခြေစုိက်ရာ နေရာတခုအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်။

Changan Automobile သည်  Deepal S07 EV SUV နှင့် Deepal L07 ဆီဒင်တို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံကားပြပွဲတွင် ပွဲထုတ်ခဲ့သည်။ ၎င်းပြပွဲကျင်းပသည့် ရက်ပိုင်းအတွင်းမှာ အစီးရေ ၃,၀၀၀ ကျော် အမှာစာ ရရှိခဲ့သည်။

 

ထိုင်းကုမ္ပဏီ Galax Automotive မှ လုပ်ငန်း လည်ပတ်ပေးသည့် အရောင်းပြခန်းအသစ် Deepal Galax Rama2 ကို မကြာသေးခင်က ဖွင့်လှစ်ခဲ့သည်။ Changan ၏ Deepal EV များကို ပြသ ရောင်းချမည် ဖြစ်သည်။

၎င်းပြခန်းဖွင့်လှစ်နိုင်ရန် Galax Automotive နှင့် Infinite Automobile တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 

Infinite Automobile သည် ထိုင်းနိုင်ငံအတွက် Changan Automobile ၏ တရားဝင်အရောင်းကိုယ်စားလှယ်ဖြစ်ပါသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 197 times