တစ်ဖန်ပြန်သုံး ဘက်ထရီစက်ရုံ ဒေါ်လာ ၅ ဘီလျံ ဖြင့် CATL ဆောက်လုပ်ရန် လျာထား


တရုတ်နိုင်ငံ၏ အကြီးမားဆုံး ဘက်ထရီထုတ်လုပ်သူ ဖြစ်သော Contemporary Amperex Technology Co., Limited CATL က တစ်ဖန်ပြန်သုံး ဘက်ထရီစက်ရုံတစ်ရုံကို တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဟူဘေးပြည်နယ် အိချန်းမြို့တွင် အမေရိကန်ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံကာ တည်ဆောက်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။ 

အဆိုပါစက်ရုံသည် သုံးပြီးသား ဘက်ထရီအဟောင်းများမှ ပစ္စည်းများကို တစ်ဖန်ပြန်လည်သုံးစွဲပြီး ဘက်ထရီအသစ်များ ထုတ်လုပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဘက်ထရီအဟောင်းတွင် ပါဝင်သည့် လီသီယမ် အိုင်ယွန် ဖော့စဖိတ်၊ လီသီယမ်ကိုဘော့တိတ်၊ ကက်သုတ်ပစ္စည်းများ ဖြစ်ကြသော ဂရက်ဖိုက်၊ ဖော့စဖိတ်အက်စစ် စသည်တို့ကို ပြန်လည်ရယူပြီး ဘက်ထရီအသစ် ထုတ်လုပ်ရာတွင် သုံးစွဲမည် ဖြစ်သည်။

တရုတ်နိုင်ငံ ဥပဒေတွင် သုံးစွဲနိုင်သည့် သက်တမ်းကုန်ဆုံးသွားသော ဘက်ထရီများကို တစ်ဖန်ပြန်လည် သုံးစွဲရန်အတွက် ဘက်ထရီထုတ်လုပ်သူတို့တွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ယင်းအတွက် အခွန်စည်းကြပ်သည်။ 

လျှပ်စစ်ကားများ သုံးစွဲမှု ပိုမိုများပြားလာနေသည်ဖြစ်ရာ သက်တမ်းကုန်သည့် ဘက်ထရီများလည်း ပိုများလာမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၈၀၀,၀၀၀ နီးပါး ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ 

CATL  သည် ဘက်ထရီ တစ်ဖန်ပြန်လည်သုံးစွဲခြင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ပါဝင်ပတ်သက်ခဲ့သည်။ ၎င်း၏ လက်အောက်ခံလုပ်ငန်း ဖြစ်သော Hunan Brump  သည် တရုတ်နိုင်ငံတွင် ရှိသော သုံးပြီးသား ဘက်ထရီအဟောင်းများကို တစ်ဖန်ပြန်သုံးစွဲ ထုတ်လုပ်သည့် လုပ်ငန်းများတွင် အကြီးမားဆုံးလုပ်ငန်း ဖြစ်သည်။ လက်ရှိတွင် တစ်နှစ်လျှင် ဘက်ထရီအဟောင်း တန်ချိန် ၆,၀၀၀ ကျော်ကို တစ်ဖန်ပြန်သုံးသည့် လုပ်ငန်းစဉ်ကို လုပ်ကိုင်ပေးလျက် ရှိသည်။ 

အမေရိကန်အခြေစိုက် လျှပ်စစ်ကား ထုတ်လုပ်သည့် Tesla တွင် နည်းပညာဆိုင်ရာ အရာရှိချုပ် လုပ်ခဲ့သူ  JB Straubel က Redwood Materials အမည်ဖြင့် ကုမ္ပဏီအသစ် ထူထောင်ကာ လျှပ်စစ်မော်တော်ယာဉ်များတွင် သုံးစွဲသော လီသီယံ-အိုင်းယွန်းဘက်ထရီဆဲလ်၏ ၉၅%  ကို တစ်ဖန်ပြန်လည်သုံးစွဲနိုင်အောင် ကြံဆလုပ်ဆောင်ခဲ့သည်။ ဘက်ထရီအပြင်သား ဖြစ်သော ပလတ်စတစ်အခွံနှင့် သတ္တုသားတို့ကိုလည်း တစ်ဖန်ပြန်လည်သုံးစွဲနိုင်သည်။ 

ဂျာမနီအခြေစိုက် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Volkswagen က ဂျာမနီရှိ ၎င်း၏ ဘက်ထရီစက်ရုံတွင် ဘက်ထရီ တစ်ဖန်ပြန်သုံးရေး နည်းပညာ ဌာနတစ်ခု ဖွင့်လှစ်ထားသည်။ ဘက်ထရီတိုင်း၏ အနည်းဆုံး ၉၀% ကို တစ်ဖန်ပြန်သုံးနိုင်စေရန် ရည်မှန်းချက် ပန်းတိုင် ထားရှိသည်။ 
CATL သည် လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများ ထုတ်လုပ်လျက်ရှိရာ သိုလှောင်နိုင်စွမ်း ပိုမြင့်မားအောင် လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လကုန်တွင် CATL ၏ ဘက်ထရီများသည် သိုလှောင်နိုင်စွမ်း  65.45 GWh ရှိသည်။ ထပ်မံထုတ်လုပ်မည့် ဘက်ထရီများသည် သိုလှောင်နိုင်စွမ်း 92.5 GWh ရှိမည်ဟု ဆိုသည်။

CATL သည် ဘက်ထရီစက်ရုံသစ် စီမံကိန်း ၆ ခုကို အကောင်အထည်ဖော်ခဲ့ပြီး ယွမ် ၇၃.၅ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့သည်။  ပြည်တွင်းနှင့် ပြည်ပတို့တွင် ဘက်ထရီထုတ်လုပ်သည် အခြေစိုက် ရှစ်နေရာ ထားရှိသည်။ 


CATL သည်  ဘက်ထရီစက်ရုံများအတွက်သာမက ကုန်ကြမ်းရရှိစေရေးအတွက်လည်း ရင်းနှီးမြှုပ်နှံမှု ပြုသည်။ လီသီယမ် ဘက်ထရီအတွက် လိုအပ်သည့် ကုန်ကြမ်းဖြစ်သော လီသီယမ် တူးဖော်သည့် ကနေဒါမိုင်းတွင်းလုပ်ငန်း Millennium Lithium Corp တစ်ခုလုံးကို ကနေဒါဒေါ်လာ ၃၇၇ သန်း (ကန်ဒေါ်လာ ၃၀၂ သန်း) ဖြင့် ဝယ်ယူခဲ့သည်။ အာဖရိကရှိ လီသီယမ်မိုင်းတွင်း စီမံကိန်း  Manono တွင်လည်း  ရှယ်ယာများ ဝယ်ယူထားသည်။ 
 

Read 2267 times