ထိုင်းနိုင်ငံတွင်း လျှပ်စစ်ကားဘတ္ထရီ ထုတ်လုပ်ရေးအတွက် တရုတ် CATL ကုမ္ပဏီနှင့် ဆွေးနွေး


 

ဒေသတွင်း နိုင်ငံများအကြား လျှပ်စစ်ကား (EV) ထုတ်လုပ်မှု ဗဟိုချက်မ နိုင်ငံတစ်ခု ဖြစ်လာစေရေးအတွက် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးကုန်ထုတ် စက်ရုံများ တည်ဆောက်သွားရန် တရုတ်နိုင်ငံ၏ Contemporary Amperex Technology Co Ltd (CATL) ကုမ္ပဏီ အပါအဝင် အခြားဘထ္ထရီ ထုတ်လုပ်သူများနှင့် ဆွေးနွေးလျက် ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်ကား ထုတ်လုပ်မှုများ ဆောင်ရွက်ရန် ထောက်ပံ့မှုများနှင့် အခွန်အခ ပေးဆောင်မှုများကို ပယ်ဖျက် ဆောင်ရွက်ပေးလျက်ရှိပြီး တရုတ်နိုင်ငံပြီးနောက် EV ကဏ္ဍအပေါ် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ( Supply Chain ) တွင် အဓိက အရေးပါသည့် ဒုတိယမြောက် နိုင်ငံ တစ်ခု ဖြစ်လာစေရန် တွန်းအားပေး ဆောင်ရွက်လျက် ရှိချိန်တွင် ထိုသို့သော ဆွေးနွေးချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

“CATL ကုမ္ပဏီသာမက အခြားကုမ္ပဏီများနှင့် ဆွေးနွေးလျက် ရှိကြောင်း၊ ထိုင်းနိုင်ငံ၌ ဘတ္ထရီ စက်ရုံများ တည်ဆောက်ရန် ဘတ္ထရီဆဲလ် ထုတ်လုပ်သူများကို ဆွဲဆောင်သွားလိုခြင်းမှာ ၎င်းတို့၏ ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း” ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ Thailand Board of Investment (BOI)  အထွေထွေအတွင်းရေးမှူး ဖြစ်သူ Mr. Narit က ပြောကြားခဲ့သည်။

 

ထို့ပြင် ကမ္ဘာ့ဘတ္ထရီစျေးကွက်ဝေစုအပေါ် (၃၇) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားရှိသည့် CATL ကုမ္ပဏီသည် လက်ရှိအချိန်တွင် အရှေ့တောင်အာရှ၌ ၎င်း၏ ကုန်ထုတ်စက်ရုံများ မရှိသေးကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

ထိုင်းနိုင်ငံအတွင်း “ဘတ္ထရီနှင့် ပတ်သက်သည့် လုပ်ငန်းများ၌ အလားအလာရှိသော ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေဆောင်ရွက်သွားရန်”  တရုတ်နိုင်ငံ၊ ဖူဂျန်း (Fujian) အခြေစိုက် Ningde ကုမ္ပဏီသည် ထိုင်းစွမ်းအင်အဓိက ကုမ္ပဏီဖြစ်သည့် PTT ကုမ္ပဏီနှင့် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို မနှစ်က ထုတ်ပြန် ကြေညာခဲ့သည်။

 

PTT လက်အောက်ခံ ကုမ္ပဏီဖြစ်သော ARUN PLUS ကုမ္ပဏီသည် ထိုင်ဝမ်နိုင်ငံ၏ Foxconn ကုမ္ပဏီနှင့် နိုင်ငံခြားဖက်စပ် ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၌ လျှပ်စစ်ကား EV များကို ၂၀၂၄ ခုနှစ်တွင် အစောဆုံး ထုတ်လုပ်နိုင်ရန် ဆောက်ရွက်လျက် ရှိသည်။


MMM

Advertisement

Click Here > MMM [Min Min Maung Services)

 

ထိုင်းနိုင်ငံ၌ ဂျပန်မော်တော်ကား (Brand) များဖြစ်သော Toyota နှင့် Isuzu ကားများကို ထုတ်လုပ်လျက်ရှိပြီး ထိုင်းနိုင်ငံသည် ဒဿမအကြီးဆုံး ကားထုတ်လုပ်သည့် နိုင်ငံတစ်ခု ဖြစ်လာကာ ထိုင်းအစိုးရ စီမံကိန်းအချက်အလက်များအရ ၂၀၃၀ ခုနှစ်တွင် ၎င်းတို့၏ နှစ်စဉ်ကားထုတ်လုပ်မှု စီးရေ ၂.၅ သန်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို EV ကားများအဖြစ်သို့ ပြောင်းလဲထုတ်လုပ်သွားရန် ရည်မှန်းထားကြောင်း သိရှိရသည်။

 

တရုတ်နိုင်ငံ၏ အဓိက ကုမ္ပဏီများဖြစ်သော Great Wall Motors ကုမ္ပဏီနှင့် BYD ကုမ္ပဏီများ အပါအဝင် EV ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို  လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထိုင်းနိုင်ငံက ဆွဲဆောင်နိုင်ခဲ့သည်။

 

ထိုင်းနိုင်ငံသည် ပြည်တွင်း ဘက်ထရီထုတ်လုပ်မှုများ အပါအဝင် အားသွင်းကိရိယာများ ကဲ့သို့သော EV အဓိကအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းစက်ရုံများကို ဆောင်ရွက်လာစေရန် ဆွဲဆောင်သွားလိုကြောင်းနှင့် အစိုးရ၏ ရည်မှန်းချက်မှာ ဘက်ထရီထုတ်လုပ်ရေး စက်ရုံကြီးများထံ တိုက်ရိုက် ပံ့ပိုးမှုများနှင့် ထောက်ပံ့မှုများ ပေးသွားမည် ဖြစ်ကြောင်း Mr. Narit က ပြောသည်။

 

ထိုင်းနိုင်ငံအနေဖြင့် (၈) ဂစ်ဂါဝပ် (GWH) ထက်ပိုသော စွမ်းအင်ရှိ စက်ရုံများ၏ ရင်းနှီးမြှုပ်နှံမှုများအတွက် ရန်ပုံငွေပံ့ပိုးပေးခြင်းတို့ကို ဦးစားပေး ဆောင်ရွက်နေပြီး ထိုအရွယ်အစား စွမ်းအင်ရှိ စက်ရုံတစ်ရုံသည် ၇၅ ကီလိုဝပ် (KWH) ဖြင့် လျှပ်စစ်ကား EV ၁၀၆,၀၀၀ ကျော်အား စွမ်းအင်လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

 

လက်ရှိတွင် တရုတ်နိုင်ငံ၏ CATL ကုမ္ပဏီသည် ဘတ္ထရီအဓိကထုတ်လုပ်သည့် စက်ရုံကြီး (၁၃) ရုံ ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံတွင် စက်ရုံ (၁၁) ရုံ၊ ဟန်ဂေရီတွင် (၁) ရုံနှင့် ဂျာမနီတွင် (၁) ရုံဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိသည်။ 

 

၎င်းတို့အနက် ဂျာမနီနိုင်ငံ၊ Erfurt မြို့အနီးရှိ စက်ရုံသည် ယခုနှစ်အတွင်း ထုတ်လုပ်မှုအား ၁၄ ဂစ် ဂါဝပ်(Gwh)  စွမ်းအင်ရှိ စက်ရုံအဖြစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

CATL အနေဖြင့် Honda, Ford နှင့် BMW ကုမ္ပဏီတို့အပြင် အခြားကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ တရုတ်နိုင်ငံဈေးကွက်ကို ကျော်လွန်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပြီး ၎င်း၏ ဘတ္ထရီများကို Volkswagen မော်တော်ကား၏ ID series များနှင့် တရုတ်နိုင်ငံထုတ် Tesla ကားများတွင်လည်း ထုတ်လုပ် တပ်ဆင်လျက် ရှိသည်။

 

Source : Reuter/ Business Times/ MOC

Read 209 times