တစ်ပတ်ရစ်ကား ဈေးခင်း Carsome က ဝဘ်ဆိုက် WapCar နှင့် Autofun တို့ကို ဝယ်ယူ
မလေးရှားနိုင်ငံအခြေစိုက် တစ်ပတ်ရစ်ကား ဈေးခင်း Carsome က မလေးရှားမှ မော်တော်ကားအကြောင်း တင်ပြနေတဲ့ ဝဘ်ဆိုက် WapCar နှင့် Autofun တို့ကို ဝယ်ယူလိုက်ပါတယ်။ ဝယ်ဈေးကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။
အရောင်းအဝယ်ကိစ္စ ပြီးပြတ်တဲ့အခါ WapCar AutoFun အမည်ဖြင့် Carsome ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
ဝဘ်ဆိုက်ေတွပဲ လုပ်ကိုင်တဲ့ WapCar လုပ်ငန်းကို ၂၀၁၉ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ ဝဘ်ဆိုက်အချို့နှင့် ဆိုရှယ်မီဒီယာ ချဲလ်နယ်အချို့ကို မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့မှာ လုပ်ကိုင်ပါတယ်။
ကုမ္ပဏီတွင်းမှ ရေးသားတင်ပြခြင်းများအပြင် အခြားမီဒီယာများထံမှလည်း အလျဉ်းသင့်သလို ဝယ်ယူတင်ပြပါတယ်။ အဓိက ရည်ရွယ်ချက်က အာရှမှ ကားဝယ်စီးသူများ ဆီလျော်သင့်မြတ်တဲ့ကား ရရှိဖို့အတွက် အထောက်အကူ ဖြစ်စေဖို့ ဖြစ်ပါတယ်။
WapCar ဝဘ်ဆိုက်လုပ်ငန်းအနေဖြင့် လစဉ်ဆောင်းပါးပုဒ်ရေ အနည်းဆုံး ၁,၄၀၀ နှင့် ဗီဒီယို ၁၀၀ ထုတ်လုပ်ပါတယ်။ ဗီဒီယိုကို YouTube ချဲလ်နယ်နှင့် TikTok တို့မှာ တင်ပြပါတယ်။
ဖတ်ရှုသူနှင့် ကြည့်ရှုသူ လစဉ်ပျမ်းမျှ ၆ သန်းကျော် ရှိပါတယ်။
Carsome က လုပ်ငန်းများ ဝယ်ယူခြင်းနည်းလမ်းဖြင့် ချဲ့ထွင်နေပါတယ်။ လွန်ခဲ့တဲ့ ၂ လ ဝန်းကျင်က စင်ကာပူ အခြေစိုက် ကားအရောင်းလုပ်ငန်း CarTimes ကို ဝယ်ယူခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၉ လ ဝန်းကျင်က တစ်ပတ်ရစ်ကားများ ရောင်းချတဲ့ ပလက်ဖောင်း iCar Asia ကို Catcha Group ထံမှ ဝယ်ယူခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ မှာ ထူထောင်ခဲ့တဲ့ Carsome မှာ SeaTown Holdings, the Qatar Investment Authority, MediaTek, Sunway, Gokongwei Group , YTL Group တို့ ရင်းနှီးမြှုပ်နှံထားပါတယ်။ ကုမ္ပဏီတန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဘီလျံ ဖြစ်ပါတယ်။ အဓိက ပြိုင်ဘက်က စင်ကာပူ အခြေစိုက် Carro ဖြစ်ပါတယ်။
ဒေသတွင်း ပြိုင်ဘက်များမှာ Moladin, OLX Auto, Carousell Auto Group တို့ ဖြစ်ပါတယ်။