ကားအင်ဂျင် အပူမလွန်ကဲစေရန် သိထားသင့်သည့်အချက်များ


မော်တော်ကား အင်ဂျင်တစ်လုံး Over Heating ဖြစ်သည်ဆိုခြင်းကို ကုန်တင်ကားကြီးများ၊ ခရီးသည်တင် အဝေးပြေးကားများတွင်သာ ဖြစ်ကြသည်ဟု များသောအားဖြင့် ထင်တတ်ကြပြီအိမ်စီးကားတွင် ခရီးဝေးမောင်းချိန်မှသာ ဖြစ်နိုင်သည်ဟု ယူဆကြပါသည်။

လက်တွေ့တွင် အိမ်စီးကားငယ်လေးများအနေနှင့် မြို့တွင်းထဲတွင် ခရီးတိုလေး မောင်းနှင်သွားလာနေရင်းလည်း Over Heating ဟုခေါ်သော အပူလွန်ဖြစ်ရပ်မျိုး ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ အင်ဂျင်စနစ်နှင့်အတူ တစ်ဆက်တည်းရှိသော အင်ဂျင်အအေးခံ စနစ် ချို့ယွင်းမှုကြောင့် ဖြစ်နိုင် ခြေ များပါသည်။

အဆိုပါ အအေးခံစနစ်က အင်ဂျင်အတွင်းပိုင်းမှာ ပေါက်ကွဲမှုကြောင့်ရော တစ်မိနစ်ကို အကြိမ်ရေ ထောင်နှင့်ချီပြီး လည်ပတ်နေသော အင်ဂျင်အတွင်းခန်း အစိတ်အပိုင်းများကြောင့်ပါ မြင့်တက်လာသော အပူချိန်ကို စွန့်ထုတ်ပေးသော အပိုင်းဖြစ်ပါသည်။ ဒေသအခေါ်အဝေါ်မှာ Over Heating ဟု မခေါ်ဘဲ Heat တက်သည်ဟု ခေါ်ကြပါသည်။

မော်တော်ကားများ၏ Dashboardမှာ အင်ဂျင်အပူချိန်ကို ဖော်ပြပေးနေပြီး အချို့က အဆိုပါ အချက်ပြမီးကို သတိမထားမိခြင်းကြောင့် တကြောင်း၊ အရေးကြီး အနေအထားကြောင့် တစ်ကြောင်း၊ ဆက်လက် မောင်းနှင်သွားတတ်ကြပြီး ရလဒ်မှာ ရေတိုင်ကီထဲတွင် ရှိနေသော ရေများဆူပြီး ရေနွေးငွေ့တွေ ပန်းထွက်လာသည်ထိအောင် ဖြစ်တတ်ကြပါသည်။

ထိုတင်မကဘဲ အင်ဂျင် Block များတွင် ညှော်နံ့ထွက်လာမည်၊ ကားထိုးရပ်သွားမည်၊ ရေပိုက်များ ပေါက်ကုန်မည် ဖြစ်သည်။ ထို့အတွက် ရေနွေးများ ပေါက်ပြဲနေရာများမှ ပန်းထွက်လာမယ်ဖြစ်ပြီး ပုံမှန် အပူချိန် ပြန်ရောက်သွားသည့်တိုင်အောင် အဆိုပါ ရေပိုက်များ ပေါက်ကုန်ခြင်းကြောင့် စက်ပြန်နှိုး၍ ရမည်ဖြစ်ပါသည်။

ထို့အပြင် ပြင်းထန်မည်ဆိုပါက Engine Headကိုတောင် ကွဲသွားစေနိုင်ပြီး ထိုသို့ဖြစ်လာပါက အကြီးစား ပြင်ဆင်မှုအထိ လုပ်ဆောင်ရတော့မည် ဖြစ်ပါသည်။ အကယ်၍ Engine Headကွဲသည်ထိအောင် ဖြစ်သွားပြီ ဆိုလျှင် ဆီလိုင်းနှင့် ရေလိုင်းကြားက Gasket များ ပြတ်ပြီး ဆီ၊ရေ ရောသွားနိုင်ပါသည်။

ထိုနေရာတွင် အင်ဂျင် Over Heating ဖြစ်ရသည့် အကြောင်းက အထက်တွင် ဖော်ပြခဲ့သလို အချက်ပြမှုကို သတိမထားမိခြင်းကြောင့် ဖြစ်နိုင်ပြီး အအေးခံစနစ်တွင် အစကတည်းက ချို့ယွင်းချက် ရှိခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။ ဥပမာ ရေတိုင်ကီတွင် ရေပမာဏ အလုံအလောက် မရှိခြင်းမျိုးကြောင့်လည်း ဖြစ်နိုင်သလို ခရီးတိုလေးအတွင်း အင်ဂျင် အပူချိန် အတက်မြန်ရသည့် အကြောင်းရင်းမှာ အင်ဂျင်ဝိုင်အဆင့်မမီခြင်းကြောင့် အဖြစ်များပါသည်။

အင်ဂျင်ဝိုင် များလာခြင်းကြောင့် အရည်ကျခြင်းမျိုးကြောင့် ဖြစ်စေ၊ အင်ဂျင်ဝိုင် ဖိအား များခြင်းကြောင့် ဖြစ်စေ၊ ထည့်သွင်း အင်ဂျင်ဝိုင် ပမာဏ မပြည့်မီခြင်းကြောင့် ဖြစ်စေ အချက်ပြမီး လင်းလာမည် ဖြစ် သလို အဆိုပါ အချက်ပြမီး ပြလာပြီ ဆိုလျှင်တော့ ကားကို ချက်ချင်း ရပ်လိုက်ပြီး စစ်ဆေးသင့်သလို လိုအပ်မည်ဆိုလျှင် အနားပေးခြင်း ဖြစ်စေ၊ အင်ဂျင်ဝိုင် အသစ်လဲလှယ်လိုက်ခြင်းဖြစ်စေ လုပ်ဆောင်ပြီးမှ ပြန်လည်မောင်းနှင်သင့်ပေသည်။

ကားတစ်စီး၏ Over Heatingဖြစ်ရပ်သည် အင်ဂျင် တစ်ခုလုံးကို ပျက်စီး စေနိုင်ခန့် သက်ရောက်စေနိုင်သည်ဆိုသော သိထားရန်လိုပါသည်။

Read 880 times