၂၀၂၁ မှာ အီးဗီစီးရေ ၆.၅ သန်း ရောင်းချခဲ့ရကြောင်း Canalys ထုတ်ပြန်


၂၀၂၁ မှာ အီးဗီစီးရေ ၆.၅ သန်း ရောင်းချခဲ့ရကြောင်း Canalys ထုတ်ပြန်

နည်းပညာဈေးကွက် လေ့လာဆန်းစစ်ရေး လုပ်ငန်း Canalys က ၂၀၂၁ ကမ္ဘာ့ကားရောင်းအား အချက်အလက်များထဲမှ အီးဗီရောင်းအားကို ဆန်းစစ်လေ့လာပြီး အီးဗီအရောင်းရဆုံး ထိပ်တန်း ကားကုမ္ပဏီများကို ကောက်နုတ်တင်ပြထားပါတယ်။

Canalys ရဲ့ တင်ပြချက်မှာ လျှပ်စစ်မော်တော်ယာဉ် electric vehicles (EV) နှင့် ပလပ်ထိုး ဟိုက်ဘရစ် လျှပ်စစ်မော်တော်ယာဉ်  plug-in hybrid electric vehicle (PHEV) နှစ်မျိုးနှစ်စားကို "အီးဗီ"လို့ပဲ ရည်ညွှန်းထားပါတယ်။ 

 

  • ၂၀၂၁ မှာ အီးဗီ စီးရေ ၆.၅ သန်း နီးပါး ရောင်းချခဲ့ပြီး ထက်ဝက်က တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
  • ၂၀၂၁ ရောင်းအားက ၂၀၂၀ ထက် ၁၀၈% ပိုများပါတယ်။
  • ကမ္ဘာ့ကားဈေးကွက်က ၂၀၂၁ မှာ ၄% သာ ကြီးထွားခဲ့ပါတယ်။ COVID-19 ကန့်သတ်ပိတ်ပင်မှုများ၊ ချစ်ပ် မလုံလောက်မှုများ ကြားမှာ ၂၀၂၁ အိမ်စီးကားရောင်းအားမှာ အီးဗီရောင်းအားက ၉%  ရှိခဲ့ပါတယ်။
  • ၂၀၂၁ မှာ အီးဗီဝယ်လိုအား သန်မာနေခဲ့ပါတယ်။ 
  • ၂၀၂၁ မှာ ကမ္ဘာတစ်လွှား ရောင်းချခဲ့တဲ့ အီဗီတွေရဲ့ ၈၅% က ဥရောပနှင့် တရုတ်တို့မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
  • တရုတ်ပြည်မှာ အီးဗီ စီးရေ ၃.၂ သန်း ရောင်းချခဲ့ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်ထဲ ကားအသစ်ရောင်းအားပမာဏစုစု‌ပေါင်းရဲ့ ၁၅% က အီးဗီဖြစ်ပါတယ်။
  • ဥရောပမှာ အီးဗီစီးရေ ၂.၃ သန်း ရောင်းချခဲ့ပါတယ်။ ဥရောပဈေးကွက်ထဲ ကားအသစ်ရောင်းအားပမာဏစုစု‌ေပါင်းရဲ့ ၁၉% က အီးဗီဖြစ်ပါတယ်။
  • အမေရိကန်မှာ အီးဗီ စီးရေ ၅၃၅,၀၀၀ ရောင်းချခဲ့ရပြီး ကားအသစ်ရောင်းအားပမာဏစုစုပေါင်းရဲ့ ၄% မျှသာ အီးဗီ ဖြစ်ပါတယ်။ 

 

တရုတ်ပြည်တွင်းကားဈေးကွက် BYD ဦးဆောင်

Canalys မှ လေ့လာဆန်းစစ်ရေးမှူး Jason Low က "တရုတ်ပြည်မှာ ၂၀၂၁ အတွင်း အီးဗီစီးရေ ၃.၂ သန်း ရောင်းရတယ်။ တစ်ကမ္ဘာလုံး ရောင်းရတဲ့အီးဗီစုစုပေါင်းရဲ့ ထက်ဝက်က တရုတ်ပြည်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ထက် စီးရေ ၂ သန်းပိုများတယ်။ မော်ဒယ်အသစ် အတော်များများ လတိုင်း ထွက်တယ်။ အရွယ်သေးသေး မြို့တွင်းစီး ဈေးပေါပေါ ကားမော်ဒယ်ကစလို့ ပရီမီယံ ဆီဒင်နဲ့ SUV တွေအထိ ဈေးကွက်အပိုင်းအကန့် အမျိုးစုံမှာ မော်ဒယ်အသစ်တွေ ထွက်တယ်" လို့ ပြောပြပါတယ်။
"တရုတ်ပြည်တွင်း ဈေးကွက်ထဲ ရောင်းချခဲ့တဲ့ ကားအသစ်စီးရေ စုစုပေါင်းရဲ့ ၁၅%က အီးဗီတွေ ဖြစ်ပါတယ်။ အဲဒီရာခိုင်နှုန်းက ၂၀၂၀ ထက် ၂ ဆ ရှိပါတယ်။ ၂၀၂၂ နှင့် ၂၀၂၂ နောက်ပိုင်းကာလအတွက် ကြီးထွားဖို့ အခွင့်အလမ်း အပြည့်ရှိနေတယ်" လို့ သူက သုံးသပ်ပြပါတယ်။

 ၂၀၂၁ မှာ Wuling Hongguang Mini EV က တရုတ်ပြည်တွင်းဈေးကွက်ရဲ့ အရောင်းရဆုံးအီးဗီ ပထမနေရာကို ဆက်လက်ရယူပါတယ်။ ဒုတိယနှင့် တတိယနေရာတွေကို Tesla က ရယူထားပါတယ်။ ဒုတိယနေရာမှာ Model 3 ကို ပျော်တက်ပြီး Model Y က နေရာယူပါတယ်။ Model 3 က တတိယနေရာမှာ ရှိနေပါတယ်။
 တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုများ တိုးလာနေပါတယ်။ 
 BYD က အီးဗီ brand တွေကြားမှာ ဦးဆောင်သူ နေရာကို ရောက်ရှိနေပါတယ်။ အီးဗီအမျိုးမျိုး ခက်ဖြာ ထုတ်လုပ်လျက်ရှိပါတယ်။ လူကြိုက်များတဲ့ အပြည့်အဝ လျှပ်စစ်ကား မော်ဒယ်များ၊ ပလပ်ထိုး ဟိုက်ဘရစ် မော်ဒယ်များကို ထုတါလုပ်ရောင်းချပါတယ်။
၂၀၂၁ မှာ အခြားရောင်းအားကောင်းတဲ့ အီးဗီ brand များမှာ  Aion, Changan, Chery, Li Xiang, Ora, Roewe ,Xpeng တို့ ပါဝင်ပါတယ်။

 
ဥရောပမှာ အီးဗီဝယ်ရင် စိတ်ရှည်ရတယ် 

သမားရိုးကျ ကားထုတ်လုပ်သူတွေက သူတို့ရဲ့ ထုတ်ကုန်များမှာ လျှပ်စစ်ကားများကိုပါ ထည့်သွင်း ထုတ်လုပ်ကြပါတာ ပိုများလာပါတယ်။
၂၀၂၁ မှာ ဥရောပဈေးကွက်မှာ ကားအသစ် ရောင်းအားစီးရေ စုစုပေါင်းရဲ့ ၁၉% က အီးဗီများ ဖြစ်ကြပါတယ်။ အရောင်းရဆုံးအီးဗီက Tesla Model 3 ဖြစ်ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာတော့ ရောင်းအားကောင်းတဲ့ Audi, Skoda, VW ကားမော်ဒယ်များ ထုတ်လုပ်တဲ့ Volkswagen Group က ဦးဆောင်နေရာမှာ ရောက်ရှိနေပါတယ်။
Canalys မှ လေ့လာဆန်းစစ်သူ Ashwin Amberkar က "ဥရောပမှာ အီးဗီဝယ်လိုအား ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံ အများအပြားတို့မှာ ကားအသစ်ရောင်းရစီးရေ စုစုပေါင်းမှာ ၂၅% ကျော်က အီးဗီတွေ ဖြစ်ပါတယ်။ အီးဗီ ဝယ်တဲ့သူတွေ မဖြစ်မနေစိတ်ရှည်ကြရတယ်။ အီးဗီအသစ်တစ်စီးရဖို့ ၉ လမှ ၁၂ လအထိ စောင့်ရတာ ထုံးစံဖြစ်နေပါတယ်" လို့ ပြောပြပါတယ်။


အမေရိကန် အီးဗီကားဈေးကွက် Tesla ဗိုလ်စွဲ

အမေရိကန်မှာ အီးဗီရောင်းအားက တရုတ်နှင့် ဥရောပတို့ထက် နောက်ကျကျန်ရစ်ပါတယ်။ 
၂၀၂၁ မှာ အီးဗီအသစ်တွေ ထွက်တယ်။ ရောင်းအားအရှိန်အဟုန်လည်း ရှိတယ်။ စိတ်ဝင်စားမှုလည်း ရှိကြပါတယ်။ ဒါပေမဲ့ ၂၀၂၁ ကားရောင်းအားမှာ အီးဗီက ၄% မျှသာ ပါဝင်ပါတယ်။

"အမေရိကန် အီးဗီဈေးကွက်ကို Tesla က ဆက်လက်ကြီးစိုးထားပြီး အီးဗီရောင်းရစီးရေ စုစုပေါင်းရဲ့ ၆၀% က Tesla ရဲ့ အီးဗီတွေ ဖြစ်ပါတယ်။ Tesla ကို ယှဉ်နိုင်တဲ့ ပြိုင်ဘက် မရှိသေးတာ ၂၀၁၈ မှာ Model 3 စတင်ရောင်းချစဉ် ကတည်းက ဖြစ်ပါတယ်။ အီးဗီမဟုတ်တဲ့ ပရီမီယံကားများထက် Tesla က ရောင်းအား ပိုကောင်းပါတယ်" လို့ Canalys မှ လေ့လာဆန်းစစ်ရေးမှူးနှင့် ဒုဥက္ကဋ္ဌ Chris Jones က ပြောကြားပါတယ်။ 
"အီးဗီပစ်ကပ်ထရပ်တွေက အမေရိကန်အီးဗီဈေးကွက်ကို ၂၀၂၂ မှာ ရောင်းအားမြှင့်တင်ပေးကြလိမ့်မယ်။ Ford ရဲ့ F-150 Lightning နှင့် GM ရဲ့ GMC Hummer Pickup တို့ကို စိတ်ဝင်စားမှု ရေချိန်မြင့်မားပါတယ်" လို့ သူက ကြိုတင်ခန့်မှန်းပါတယ်။


၂၀၂၁ ထိပ်တန်း လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများ

The top electric car manufacturers in 2021

 

 

၂၀၂၁ ထိပ်တန်း လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများ

ကမ္ဘာ့အီးဗီဈေးကွက်မှာ Tesla က ဈေးကွက်ဝေစု ၁၄% ဖြင့် ဦးဆောင်နေပါတယ်။
၂၀၂၁ မှာ အဓိကဈေးကွက်တွေထဲမှာ Model Y စတင်ရောင်းချပြီး တရုတ်ပြည်နှင့် အမေရိကန်ဈေးကွက်တို့မှာ ယခင် Model 3 ရောင်းအားကို ချက်ချင်း ကျော်တက်သွားခဲ့ပါတယ်။ 
Tesla က အမေရိကန်အပြင် တရုတ်နိုင်ငံမှာလည်း ကားများထုတ်လုပ်ပါတယ်။ ဥရောပမှာတော့ ဂျာမနီမှာ စတင်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ ၂၀၂၂ မှာ လက်ရှိထုတ်လုပ်နေတဲ့ မော်ဒယ်များကိုသာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ မော်ဒယ်အသစ် ထုတ်လုပ်ဖို့ မကြေညာသေးပါဘူး။

ကမ္ဘာ့အီးဗီဈေးကွက်မှာ Volkswagen Group  က ဈေးကွက်ဝေစု ၁၂% ဖြင့် ဒုတိယနေရာမှာ ရောက်ရှိနေပါတယ်။ Volkswagen Group ရဲ့ အီးဗီရောင်းအားက Volkswagen Group ရဲ့ brand တွေဖြစ်တဲ့ VW, Audi, Cupra, Porsche, SEAT, Skoda တို့ ထုတ်လုပ်တဲ့ အီးဗီများရဲ့ ရောင်းအားများ ဖြစ်ပါတယ်။ Volkswagen Group ရဲ့ အီးဗီရောင်းအားမှာ ၆၀% က VW brand ရဲ့ရောင်းအား ဖြစ်ပါတယ်။


SAIC က ကမ္ဘာ့အီးဗီဈေးကွက်မှာ ရောင်းအားဝေစု ၁၁% ဖြင့် တတိယနေရာ ရရှိထားပါတယ်။ SAIC ရဲ့ရောင်းအားမှာ SAIC, GM နှင့်  Wuling ကုမ္ပဏီ ၃ ခု ဖက်စပ်လုပ်ကိုင်တဲ့ SGMW က အခရာကျပါတယ်။ SGMW က ထုတ်လုပ်တဲ့ Wuling Hongguang Mini EV က တရုတ်ပြည်တွင်းဈေးကွက်မှာ အကြီးအကျယ် အောင်မြင်ပါတယ်။ SAIC ရဲ့ အီးဗီအရောင်းစာရင်းမှာ Baojun, Maxus, MG,Roewe , SAIC ရဲ့ကိုယ်ပိုင် brand များ၊ SAIC နဲ့ အခြားကုမ္ပဏီများရဲ့ ဖက်စပ်လုပ်ငန်းများမှ brand များရဲ့ အီဗီရောင်းရစီးရေတွေ ပါဝင်ပါတယ်။ 


BYD က ကမ္ဘာ့အီးဗီဈေးကွက်မှာ ရောင်းအားဝေစု ၉% ဖြင့် စတုတ္ထနေရာ ရရှိထားပါတယ်။ ၂၀၂၁ ဒုတိယနှစ်ဝက် ရောင်းအားပိုကောင်းလာခဲ့ပါတယ်။ ၂၀၂၁ မှာ ၂၀၂၀ ထက် အီးဗီစီးရေ ၂ ဆ ရောင်းချရပါတယ်။ မော်ဒယ် ၁  ဒါဇင်ကျော် ထုန်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းချတဲ့အထဲမှာ EV နှင့် PHEV များလည်း ပါဝင်ပါတယ်။ 

Stellantis က ကမ္ဘာ့အီးဗီဈေးကွက်မှာ ရောင်းအားဝေစု ၆% ဖြင့် ပဉ္စမနေရာမှာ ရောက်ရှိနေပါတယ်။ Stellantis ရဲ့ လုပ်ငန်းစုမှာ Jeep, Chrysler, Dodge, Ram, Fiat, Abarth, Lancia, Alfa Romeo, Maserati, Citroen, Peugeot, Opel, Vauxhall, DS Automobiles နှင့် Fiat Professional တို့ ပါဝင်ပါတယ်။ brand တွေ များပေမဲ့ Peugeot, Opel/Vauxhall နှင့် Fiat တို့ရဲ့ EV နှင့် PHEV ရောင်းအားက အခရာကျပါတယ်။
၎င်းရဲ့ အရွယ်အစား ကျစ်လစ်တဲ့ ကားမော်ဒယ်တွေ ဥရောပမှာ လူကြိုက်များပါတယ်။ 


BMW Group က ကမ္ဘာ့အီးဗီဈေးကွက်မှာ ဈေးကွက်ဝေစု ၅ % ဖြင့် ဆဌမနေရာကို ရရှိပါတယ်။ လျှပ်စစ်ကားရောင်းအား ၇၀% ကြီးထွားခဲ့ပေမဲ့ ပြိုင်ဘက်တွေရဲ့ လျှပ်စစ်ကားရောင်းအား ကြီးထွားနှုန်းနဲ့ ယှဉ်လိုက်ရင် နောက်မှာ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ ရောင်းရစီးရေအရ နောက်ကျကျန်ရစ်တာ ဖြစ်ပါတယ်။ BMW Group က ရောင်းဈေးမြင့်မားတဲ့ကားတွေ ထုတ်လုပ်ရောင်းချတာဖြစ်လို့ နဂိုကတည်းက စီးရေ နည်းပါတယ်။
BMW Group  ရဲ့ အီးဗီရောင်းအားမှာ ပါဝင်တဲ့ brand တွေက  BMW, Rolls-Royce, MINI နှင့် BMW Motorrad တို့ဖြစ်ပါတယ်။
တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ BMW iX3 က ရောင်းအကောင်းဆုံးအီးဗီ ဖြစ်ပါတယ်။ ဒုတိယအရောင်းရဆုံးအီးဗီက Mini Cooper SE ဖြစ်ပါတယ်။ သက်တမ်းပိုရင့်တဲ့ BMW i3 က တတိယအရောင်းရဆုံးအီးဗီဖြစ်ပါတယ်။
 
Hyundai Motor Group ကလည်း ကမ္ဘာ့အီးဗီဈေးကွက်မှာ ဈေးကွက်ဝေစု ၅ % ဖြင့် ဆဌမနေရာမှာ ရှိနေပါတယ်။ Hyundai Motor Group မှာ အကျုံးဝင်တဲ့ အီးဗီ brand များမှာ Genesis, Kia, Hyundai နှင့် IONIQ တို့ ဖြစ်ပါတယ်။ 
"အမြွှာမော်ဒယ်" လို့ တင်စား ပြောဆိုကြတဲ့ Hyundai Kona နှင့် Kia Niro တို့ ၂၀၂၁ မှာ ရောင်းအားအခြေအနေ ကောင်းမွန်ပါတယ်။ 
နောက်ထပ် "အမြွှာမော်ဒယ်"  ဖြစ်တဲ့ Hyundai Ioniq 5 နှင့် Kia EV6 တို့ကို ၂၀၂၁ နှစ်လယ်ပိုင်းမှာ စတင်ရောင်းချခဲ့တာမှာလည်း တာထွက်ရောင်းအား ကောင်းခဲ့ကြပါတယ်။

 

 

 

Read 3668 times