ပေ ၁၀၀ Cadillac ကို ပြုပြင်မွမ်းမံမှု ပြီးလုပြီ


ကမ္ဘာ့အလျားအရှည်ဆုံး ဇိမ်ခံကားကို ကားပြတိုက်တစ်ခုက နဂိုအတိုင်း ပြန်ဖြစ်အောင် ပြုပြင်မွမ်းမံနေသည်မှာ ပြီးလုနီးပြီ။
ပေ ၁၀၀ ရှည်လျားသော ဇိမ်ခံကားသည် Cadillac ကားဖြစ်ပြီး အမေရိကန် အိပ်မက် "The American Dream" ဟု အမည်မှည့်ခေါ်ထားသည်။
အပြည့်အဝ အပြီးအစီး မွမ်းမံပြုပြင်ပြီးစီးပါက သက်တမ်းရှည်ကြာ တည်တံ့ဦးမည်ဟု မျှော်လင့်ရသည်။

၁၉၈၆ ခုနှစ်တွင် အလုပ်အပ်နှံသူ စိတ်တိုင်းကျ ကားဒီဇိုင်း ထုတ်လုပ်သူ Jay Ohrberg က ဒီဇိုင်း ထုတ်ပေးခဲ့သည်။ ကားအမြီးပိုင်းတွင် ရေကူးကန်ငယ် တစ်ခု ထည့်ပေးထားသည်။ ရဟတ်ယာဉ် ကွင်းပယ် တစ်ခု ပါသည်။ ယင်းကွင်းငယ်ကို မြက်ခင်းပြင်အဖြစ်လည်း အသုံးပြုနိုင်သည်။

Jay Ohrberg သည် ဟောလီဝုဒ် ရုပ်ရှင်ကားများအတွက်လည်း ကားဒီဇိုင်း ထုတ်ပေးသည်။
Knight Rider ရုပ်ရှင်အတွက် KITT ကားကို ဒီဇိုင်း ထုတ်ပေးခဲ့သည်။ Back to the Future ရုပ်ရှင်အတွက် DeLorean ကို ဒီဇိုင်း ထုတ်သည်။
"The American Dream"  သည် နှစ်အတန်ကြာ စွန့်ပစ်ခံရသည်။ နယူးယောက်ပြည်နယ်ရှိ ကားပြတိုက် Autoseum ၏ ယာဉ်အိုများ ထားသည့်နေရာတွင် ရာသီဉတုဒဏ်ကြောင့် သံချေးတက် ပျက်စီးစပြုနေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
မှတ်တမ်းမှတ်ရာ ဗီဒီယိုတွင် ပျက်စီးနေသည့် အခြေအနေကို ကြည့်ရှုနိုင်ပါသည်။

ပြန်လည်မွမ်းမံရန် အစီအစဉ် ထားရှိသော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့ချေ။
ကားကိုယ်ထည်သည် ရှေ့နှစ်နောက် နှစ်ပိုင်းကို ခါးလယ်နေရာတွင် ပတ္တာဖြင့် ဆက်ပေးထားသည်။ သို့ဖြစ်ရာ နှစ်ပိုင်းခွဲပြီး ကယ်လီဖိုးနီးယားပြည်နယ် အောလံဒိုရှိ Dezerland Park  ကားပြတိုက်သို့ သယ်ဆောင်ပြီး ပိုင်ရှင်သစ်က ပြုပြင်မွမ်းမံခဲ့သည်။

 

 

အမေရိကန်အိပ်မက် ဇိမ်ခံကားတွင် အင်ဂျင်နှစ်လုံးပါသည်။ ဘီးနှစ်ဆယ့်လေးဘီး ပါသည်။
ထိုခေတ်အခါက မိုဘိုင်းဖုန်းများ မရှိသေးသဖြင့် ကြိုးချိတ်ဆက်သုံးရသည့် တယ်လီဖုန်းများ ပါသည်။ တီဗီများ ပါသည်။ ရေခံသေတ္တာများ ပါသည်။ 
အရက်ဘားငယ်နှင်အတူ နားနေခန်းပါသည်။ အိပ်စက်ရန် ရေမွေ့ရာ ခင်းထားသည်။
ရေကူးကန်ငယ်တွင် ဒိုင်ဗင်ထိုးရန် ဘုတ်ပြားပါသည်။

 Dezerland ၏ ဝဘ်ဆိုက်တွင် တင်ပြအသိပေး ထားသည်မှာ အပြင်ကိုယ်ထည် ဆေးပြန်မှုတ်ရန် ကျန်နေသေးသည်။ ကိုဗစ်ကြောင့် အလုပ်ရပ်ထားရသည့် ရက်များ ရှိခဲ့သဖြင့် နှောင့်နှေးခဲ့သည်။ နောင်နှစ်တွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းခားသည်။
မွမ်းမံပြုပြင်ပြီးပါက ပြတိုက်တွင် ပြသထားမည်။ ရုပ်ရှင်များထဲမှာ သုံးခဲ့သော ဂျိန်းဘွန်း ရုပ်ရှင်များမှ ကားများ၊ လင်းနို့လူသား ရုပ်ရှင်များမှ  Batmobiles များနှင့်အတူ ပြသထားမည်ဟု တင်ပြအသိပေးထားသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read 2154 times