ထိုင်းကားဈေးကွက် အရောင်းကိုယ်စားလှယ် BYD သို့ အကူးအပြောင်း


ထိုင်းကားဈေးကွက် အရောင်းကိုယ်စားလှယ် BYD သို့ အကူးအပြောင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Rever Automotive ၏ စီအီးအို Pratarnwong Phonprabha သည် Siam Motors တည်ထောင်သည့်မိသားစု၏ မျိုးဆက်သစ် ဖြစ်သည်။ ထိုင်းမှာ လူသိများသည့် Siam Motors Group ဥက္ကဋ္ဌ Phornthep ၏ တူ ဖြစ်သည်။
Rever Automotive သည် ထိုင်းဈေးကွက်အတွက် BYD ၏ တဦးတည်း အရောင်းကိုယ်စားလှယ် ဖြစ်သည်။

BYD ၏ အောင်မြင်ကျော်ကြားမှုနှင့် Siam Motors အောင်မြင်ခိုင်မာမှု အားနှစ်ရပ်ပေါင်းစည်းထားပြီး ထိုင်းအီးဗီဈေးကွက်တွင် BYD သည် ဈေးကွက်ဝေစု အများဆုံး ရရှိအောင် သိမ်းပိုက်နိုင်ခဲ့သည်။
ထိုင်းမှာ ရှိနေနှင့်သည် ဂျပန် ကားလုပ်ငန်းများ၊ ကိုရီးယားကားလုပ်ငန်းများအတွက် ဈေးကွက်ဝေစု ဆုံးရှုံးမည့်အရေးအတွက် စိုးရိမ်ကြောင့်ကြစရာ ဖြစ်နေစေသည်။


ဂျပန်ကို ပြိုင်ဆိုင်ရန် Rever သည် ရည်မှန်းချက်ကြီးသော အရောင်းကိုယ်စားလှယ်ဗျူဟာနှင့် ထူးခြားသော အရောင်းလုပ်နည်းကိုင်ဟန်ကို စတင်ခဲ့ရာ အချို့သော ကားအရောင်းကိုယ်စားလှယ်များသည် ဂျပန်ကားအမှတ်တံဆိပ်များကို ရောင်းချခြင်းမှ BYD သို့ ကူးပြောင်းလာကြသည်။

 
အောက်တိုဘာလ  ၅ရက်တွင် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်သည် ဝန်ကြီးချုပ်ရုံး၌ BYD Seal လျှပ်စစ်ဆလွန်းကားကို စမ်းသပ်မောင်းနှင်ခဲ့သည်။ ကားက ဂျပန်ကား မဟုတ်ဘဲ တရုတ်ပြည်ဖြစ် အီးဗီ ဖြစ်နေသော်လည်း ဆရက်သာက သူသည် "ကားထုတ်လုပ်သူအား မြှင့်တင်ပေးရန် မရည်ရွယ်ပါ" ဟု ပြောကြားခဲ့သည်။

BYD သည် ထိုင်းဈေးကွက်တွင် အရှိန်အဟုန်ဖြင့် ရောင်းအား ဆက်တိုက်မြင့်တက်နေသည်။

ဩဂုတ်လတွင် ရောင်းချခဲ့သော ကားသစ်များတွင်  ဝေစု ၃.၇% အထိ BYD ရရှိခဲ့သည်။ 
Autolife Thailand ကားဝဘ်ဆိုဒ် အဆိုအရ BYD သည် ဂျပန်ကားကုမ္ပဏီများ ဖြစ်ကြသည့် Mitsubishi Motors၊ Mazda Motor နှင့် Nissan Motor တို့ကို ကျော်တက်သွားခဲ့သည်။  
 
BYD ၏ ယခုနှစ် ပထမ ရှစ်လအတွင်း လျှပ်စစ်ကား ရောင်းချမှုသည် စုစုပေါင်း အစီးရေ ၁၄,၇၀၀ ခန့် ရှိခဲ့သည်။ ထိုင်းအီးဗီဈေးကွက် ရောင်းအားစုစုပေါင်း၏ ၃၄% ကို BYD ရရှိခဲ့ပြီး အကြီးမားဆုံး ဈေးကွက်ဝေစု ဖြစ်သည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား ပြီးလျှင် ဒုတိယအကြီးဆုံး မော်တော်ကားစျေးကွက် ဖြစ်သည်။
ဩဂုတ်လ ကားရောင်းအားတွင် အီးဗီက ၁၁% ပါဝင်သည်။
BYD Atto 3 SUV သည် အရောင်းရဆုံး အီးဗီ ဖြစ်သည်။ 

 

 

ထိုင်းနိုင်ငံတွင် ရောင်းချခဲ့သည့် လျှပ်စစ်ကားများ ထိပ်တန်း (၁၀)စာရင်း


 


 စက်တင်ဘာလလယ်တွင် BYD သည် ထိုင်းနိုင်ငံရှိ အီးဗီ သုံးစွဲသူများအတွက် ဆုလာဘ် အစီအစဉ်အသစ်တစ်ခုကို ကြေညာခဲ့သည်။ ၎င်းအစီအစဉ်အသစ်ကို ၂၀၂၄ တွင် စတင်မည်။ 
လျှပ်စစ်ကားသည် အင်ဂျင်ကားကဲ့သို့ ကာဘွန်ဓာတ်ပေါင်းများ လေထုထဲ ထုတ်လွှတ်ခြင်း မရှိချေ။ သို့ဖြစ်ရာ ၎င်းအစီအစဉ်အရ BYD ကားပိုင်ရှင်သည် ကာဘွန် ခုနှိမ်ခွင့် carbon credit ခံစားခွင့် ဆုလာဘ်ကို ရရှိမည်။ မောင်းနှင်သွားလာသည့် ခရီးတာကို အခြေခံပြီး တွက်ချက်မည်။ ရရှိသည့် ကာဘွန်ခုနှိမ်ခွင့်ကို ဘက်ထရီ အားသွင်းသည့်အခါ ပေးရမည့် အားသွင်းခတွင် ခုနှိမ်ပေးမည်။ အားသွင်းခ သက်သာသွားမည်။


၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Siam Motors သည် နီဆန်း မော်တော်ကားများ တင်သွင်းရောင်းချခြင်းဖြင့် အစပြုခဲ့သည်။
ပြည်တွင်းမော်တော်ယာဥ်လုပ်ငန်းတိုးတက်မှုကို ပံ့ပိုးပေးရန် အစိုးရ၏ မြေတောင်မြှောက်ပေးသည့် အစီအစဉ်များမှ အခွင့်အလမ်းများကို ရယူပြီး နီဆန်း ကားမော်ဒယ်များကို ထိုင်းနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ပြီး ရောင်းချသည်။ 
နီဆန်း၏ ထိုင်းနိုင်ငံမှ ထုတ်လုပ်မှုကဏ္ဍနှင့် အရောင်းကဏ္ဍတို့တွင် အစုရှယ်ယာများ ပိုင်ဆိုင်သည့်အပြင် ယာဉ်သုံး စက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့်လည်း ဖက်စပ်လုပ်ငန်းများ ထူထောင်သည်။ GS Yuasa နှင့် ကားဘက်ထရီ ထုတ်လုပ်ရေး ဖက်စပ်လုပ်ငန်းကို ထူထောင်သည်။ ဘယ်ရင်းထုတ်လုပ်သည့် NSK ၊ ဟိုက်ဒရောလစ် စက်ကိရိယာ ထုတ်လုပ်သည့် KYB တို့နှင့်လည်း ဖက်စပ်လုပ်ငန်း ထူထောင်သည်။ 
Siam Motors Group ကို ထိုင်း ကားဘုရင် "Thailand's automotive king" ဟု ပြောဆိုကြသည်။ 
ယခုအခါ ထူထောင်သူ၏ သား Phornthep Phornprapha က ဦးဆောင်သည်။ ၎င်း၏ မိသားစုနှင့် ဆွေမျိုးရင်းချာတို့ လုပ်ကိုင်နေသည့် ကြွယ်ဝမှုသည် ကန်ဒေါ်လာ ၁ ဘီလီယံ ရှိမည်ဟု Forbes က ခန့်မှန်းသည်။ 

Rever စီးအီးအို Pratarnwong သည် Phornthep Phornprapha ၏ တူ ဖြစ်ပြီး ၎င်းမိသားစု၏ တတိယမျိုးဆက် ဖြစ်သည်။ 

Rever သည် တရုတ်အီးဗီကို လုပ်ကိုင်သဖြင့် Siam Motors အရိပ်အောက်တွင် မထားဘဲ တသီးတခြား ရပ်တည်သည်။ ထိုသို့ ရပ်တည်သည်မှာ အကြောင်း ရှိသည်။ 

Siam Motors သည် နီဆန်းနှင့် ဆောင်ရန်ရှောင်ရန် သဘောတူညီချက်များ ရှိနေသဖြင့်လည်းကောင်း၊ ဂျပန်ကားပစ္စည်းလုပ်ငန်းများနှင့် ထဲထဲဝင်ဝင် ပတ်သက်နှီးနွယ်နေခြင်းကြောင့်လည်းကောင်း တရုတ်ကားကို လုပ်ကိုင်ပေးခြင်းမှ ရှောင်ကြဉ်ထားသည်။
သို့သော် အနာဂတ်တွင် အီးဗီသည် အဓိကစီးပွားရေးလုပ်ငန်း ဖြစ်လာမည်ဟု Siam Motors က ခံယူထားသည်။

Rever သည် ယခင်က စူဇူကီး ကားများကို ၇ နှစ်နီးပါး ရောင်းချခဲ့ရာမှ BYD သို့ ၂၀၂၂ နိုဝင်ဘာလတွင် ပြောင်းလိုက်သည်။ 
 
ထိုင်းကားအသစ် ဈေးကွက်၏ အရောင်းကိုယ်စားလှယ်လောကတွင် ရောင်းအားစီးရေအရ ကားလုပ်ငန်းများကို အဆင့်အလွှာ ခွဲခြားသတ်မှတ်ထားသည်။
အရောင်းရဆုံး တိုယိုတာ၊ ဒုတိယရောင်းရဆုံး အီစူးဇူး၊ တတိယအရောင်းရဆုံး ဟွန်ဒါတို့သည် ထိပ်ဆုံး ပထမအဆင့်အလွှာတွင် ရှိနေသည်။
စူဇူကီးနှင့် မာဇဒါတို့သည် ဒုတိယအဆင့်အလွှာမှာ ရှိနေသည်။
တောင်ကိုရီးယား ဟွန်ဒေးသည် ဒုတိယအဆင့်အလွှာအောက်အဆင့်မှာ ရှိနေသည်။


ဒုတိယအဆင့်အလွှာနှင့် အောက်မှ ကားအမှတ်တံဆိပ်များ၏ အရောင်း ကိုယ်စားလှယ်များ အနေဖြင့် BYD သို့ ကူးပြောင်းခြင်းသည်  ကောင်းကျိုးများ ရရှိ‌စေသည်။
ထိုင်းနိုင်ငံတွင် ကားရောင်းသူများသည် အများအားဖြင့် ကော်မရှင်အခြေခံဖြင့် ဝင်ငွေ ရရှိကြသည်။ ရောင်းချပေးသည့် စီးရေ ပိုများလျှင် ကော်မရှင် ဝင်ငွေပိုရသည်။

Rever သည် စူဇူကီး အရောင်းကိုယ်စားလှယ် ဖြစ်သဖြင့် ဒုတိယ အဆင့်အလွှာမှာ ရှိနေသည်။ သို့ဖြစ်ရာ ရောင်းအား ပိုကောင်းမည့် BYD သို့ ကူးပြောင်းရန် ဝန်လေးမည် မဟုတ်ချေ။
အလားတူပင် ဘန်ကောက်မှ မာဇဒါ အရောင်းကိုယ်စားလှယ်၊ တောင်ကိုရီးယား ကားလုပ်ငန်း ဟွန်ဒေး အရောင်းကိုယ်စားလှယ်တို့သည် BYD အရောင်းကိုယ်စားလှယ် အဖြစ်သို့ ကူးပြောင်းကြသည်။


Rever သည် BYD အရောင်းကိုယ်စားလှယ်အရေအတွက်ကို ၂၀၂၄ နှစ်ကုန်တွင် ၂၀၀ သို့ သုံးဆတိုးရန် စီစဉ်ထားသည်။

Source Asia nikkei 
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 958 times