ထိုင်းအီးဗီဈေးကွက် BYD ဦးဆောင်နေနိုင်ရန် ထောက်ကူပေးနေသည့်  မောင်နှမ


ထိုင်းအီးဗီဈေးကွက် BYD ဦးဆောင်နေနိုင်ရန် ထောက်ကူပေးနေသည့်  မောင်နှမ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မောင်နှမတော်စပ်သူများဖြစ်သည့်  Pratarnwong နှင့် Pratarnporn Phornprapha တို့၏ Rever Group သည် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ BYD ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံတွင် BYD အီးဗီများကို လွန်ခဲ့သည့် တစ်နှစ်ကျော်က စတင်ရောင်းချပြီးနောက်  အရောင်းများ တဟုန်ထိုးတက်လာသောကြောင့် လုပ်ငန်း‌ေရှ့ဆက်မည့် အစီအစဉ်များကို မကြာခဏ ချိန်ညှိပေးခဲ့ကြရသည်။

 

"အရင် အစီအစဉ်က ၂ နှစ် ၃ နှစ်အတွင်းမှာ အရောင်းပြခန်း ၁၀၀ လောက်ရှိမယ်လို့ မှန်းထားတယ်” ဟု အသက် ၃၉ နှစ်အရွယ် Pratarnwong က ပြောသည်။

"အဲဒါက စတင်မရောင်းချခင်က  မူလအစီအစဉ်ပါ" ဟု ၎င်းက ပြောကြားသည်။

ယခု အစီအစဉ်အသစ်အရ Rever ဖြန့်ဖြူးရေး ကွန်ရက်တွင် အရောင်းပြခန်း ၁၀၀ ခန့် ဖွင့်လှစ်ထားသည်။ လာမည့် ၂ နှစ်အတွင်း  အရောင်းပြခန်း အရေအတွက် ၃ ဆ ဖြစ်လာမည် ဖြစ်သည်။ 

 

Rever Group ၏ CEO ဖြစ်သူ Pratarnwong က "ရောင်းအား ကိန်းဂဏန်းတွေက ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုမြန်တဲ့နှုန်း ဖြစ်နေပါတယ်" ဟု ပြောကြားသည်။ 

အလျဉ်မီ ရောင်းချပေးနိုင်အောင် BYD ကို ကားအစီးရေ ထပ်တိုးပြီး တင်သွင်းရန် တောင်းဆိုထားသည်။ 

 

Rever မဟာဗျူဟာတွင် လုပ်ငန်းအရွယ်အစားကို အလေးထားသည်။ BYD အီးဗီများ ကိုယ်စားလှယ် ယူပြီး ရောင်းချလိုသည့် လုပ်ငန်းသည် ကားအသစ် ရောင်းပြခန်း အနည်းဆုံး ၅ ခု ဖွင့်လှစ် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။ သို့မှသာ  လိုအပ်လာသည့်အခါ ဖြန့်ဖြူးရေးကွန်ယက်ကို တိုးချဲ့လျှင် မြန်မြန်ဆန်ဆန် တိုးချဲ့နိုင်မည်ဟု Pratarnwong က ပြောကြားသည်။ 

Rever သည် အီးဗီပြိုင်ဘက်များ ဖြစ်သည့် Tesla , Great Wall Motor တို့ထက် BYD က ရောင်းအား သာလွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုင်းကားဈေးကွက်ကို နှစ်ကာလရှည်ကြာ ကြီးစိုးမင်းမူနေသည့် Toyota ၏ အင်ဂျင်ကားများကိုလည်း ယှဉ်ပြိုင်ရသည်။

ကမ္ဘာ့အရောင်းရဆုံး အီးဗီလုပ်ငန်း BYD ကို ထိုင်းနိုင်ငံတွင်လည်း အရောင်းရဆုံး အီးဗီ ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ထိုင်းအီးဗီဈေးကွက်တွင် BYD သည် ဝေစု ၄၆% ရရှိထားပြီး ဦးဆောင်သူနေရာကို အခိုင်အမာ ရရှိထားသည်။ 

အိမ်စီးကားဈေးကွက်တွင် ဝေစု ၉% ကျော် ရရှိသည်။ 

ထိုင်းနိုင်ငံတွင် ကန်ဒေါ်လာ သန်း ၄၉၀ ရင်းနှီးမြှုပ်နှံပြီး တနှစ် အစီးရေ ၁ သိန်းခွဲအထိ ထုတ်လုပ်နိုင်မည့် အီးဗီစက်ရုံတရုံကို BYD ဆောက်လုပ်လျက် ရှိသည်။ 

 

 Pratarnwong နှင့် Pratarnporn Phornprapha တို့သည် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပံ့ပိုးပေးသော Siam Motors Group (SMG) ကို တည်ထောင်ခဲ့သည့် Phonprapha မိသားစု ဆွေမျိုးရင်းချာဖြစ်သည်။ SMG သည် Nissan Motor အတွက် ထုတ်လုပ်မှုနှင့် အရောင်းတို့ကို စီးပွားဖက်အဖြစ် တာဝန်ယူ လုပ်ကိုင်လျက် ရှိသည်။

 

SMG သည် ဂျပန်ကားလုပ်ငန်း၏ ကာလရှည်ကြာ မိတ်ဖက်ဖြစ်သဖြင့် ဈေးကွက်ဝေစု ဖဲ့ယူမည့် ပြိုင်ဘက် တရုတ်ကားလုပ်ငန်း BYD အတွက် လုပ်ကိုင်မည့် Rever ကို လုပ်ငန်းစု အရိပ်အောက်တွင် မထားဘဲ သီးခြားရပ်တည်စေသည်။ 

 

Rever ကို ကနဦး ရင်းနှီးမြှုပ်နှံမှု ဘတ် ၃ ဘီလီယံ (ဒေါ်လာ ၈၃ သန်း) ဖြင့် စတင်ခဲ့သည်။ 

BYD ကို ငါးနှစ်အတွင်း ထိုင်းနိုင်ငံ မော်တော်ယာဥ်စျေးကွက်၏ ထိပ်တန်းအဆင့်သို့ တွန်းပို့ပေးရန် ရည်မှန်းချက် ထားရှိကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လ မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။

 

သမားရိုးကျ မဟာဗျူဟာများ ကျင့်သုံးထားခြင်းဖြစ်သော်လည်း ထိရောက်မြန်ဆန်မှုရှိအောင် လုပ်ဆောင်သည်။ 

 

BYD က တခုတည်းသော စျေးနှုန်းမူဝါဒ ကျင့်သုံးသည်။ မည့်သည့် အရောင်းပြခန်းမှာ ဝယ်ဝယ် ဈေးနှုန်း တပြေးညီ အတူတူ ဖြစ်နေရမည်။  BYD အရောင်းကိုယ်စားလှယ်များအကြား ဈေးနှုန်းဖြင့် ပြိုင်ဆိုင်ခွင့် မပေးချေ။

 

Rever သည် BYD အမှတ်တံဆိပ် ထူထောင်ရန် ဈေးကွက်မြှင့်တင်ရာတွင် သမားရိုးကျ ကြော်ငြာနည်းလမ်းများကိုသာ အသုံးပြုသည်။ 

ဘန်ကောက်မြို့ ယာဉ်အသွားအလာ များသည့်‌နေရာများတွင် ဘေဘုတ်ကြီးများဖြင့် ကြော်ငြာသည်။ လာအိုနယ်စပ်အနီးရှိ မြို့ပါမကျန်  နယ်မြို့ကြီးများတွင်လည်း အလားတူ ဘေဘုတ်ကြီးများဖြင့် ကြော်ငြာသည်။ 

ကြော်ငြာစရိတ်ကို ဝင်ငွေ၏ ၂% မှ ၃% အထိ သုံးစွဲသည်။

 

Pratarnwong နှင့် Pratarnporn တို့ မောင်နှမသည် ထိုင်းဈေးကွက်ထဲ BYD အတွက် အရောင်းကွန်ရက် တည်ဆောက်ပေးကြသည်မှာ ၁၅ လ ရှိပြီ ဖြစ်သည်။ 

 

Source Yahoo Finance

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 852 times