အိန္ဒိယ အီးဗီဈေးကွက်ထဲသို့ BYD အရှိန်တင် မောင်းဝင်


အိန္ဒိယ အီးဗီဈေးကွက်ထဲသို့ BYD အရှိန်တင် မောင်းဝင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD သည် အိန္ဒိယ အီးဗီဈေးကွက်ပေါ် အာရုံစူးစိုက်မှု ပြန်လည်မြှင့်တင်လျက်ရှိသည်။

မကြာသေးမီက မော်တော်ကား မော်ဒယ်အသစ်များ အိန္ဒိယမှာ ဈေးကွက်တင်ကြသည့် လှိုင်းလုံးသည် လူဦးရေ ၁.၄ ဘီလီယံ ရှိသော အိန္ဒိယနိုင်ငံ၏ ဘက်ထရီစွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို အခြေတည်စေမည်ဟု ယူဆထားသည်။ 
 
အိန္ဒိယနိုင်ငံရှိ BYD ၏ လျှပ်စစ်အိမ်စီးကားများအတွက် အကြီးတန်းဒုတိယဥက္ကဋ္ဌ Sanjay Gopalakrishnan က BYD ၏ နိုင်ငံတွင်းရောင်းအားသည် ယခင်နှစ် စီးရေ ၇၀၀ မှ ၂၀၂၃ ခုနှစ်တွင် အဆ ၂၀ ခုန်တက်မည်ဟု မျှော်လင့်ကြောင်း Nikkei Asia သတင်းဌာနသို့ ပြောကြားခဲ့သည်။

"အိန္ဒိယဟာ BYD အတွက် အရေးကြီးတဲ့ စျေးကွက် ဖြစ်ပါတယ်" ဟု Gopalakrishnan က ပြောကြားသည်။ 
"ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အိန္ဒိယမှာ လျှပ်စစ်ကားတွေ ထိုးဖောက်နေရာယူခဲ့ကြတာကို ကြည့်ရင် အိန္ဒိယဟာ အီးဗီကို လက်ခံသုံးစွဲမှု မြင့်မားတဲ့ ထိပ်တန်းဈေးကွက် ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
BYD သည် အိန္ဒိယဈေးကွက်ထဲသို့ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် စတင် မောင်းဝင်ခဲ့သည်။ ၂၀၂၂ နိုဝင်ဘာလတွင် Atto 3 SUV မော်ဒယ်ကို စတင်ရောင်းချခဲ့သည်။ ၂၀၂၃ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း Seal ဆီဒင်မော်ဒယ်ကို စတင်ရောင်းချမည် ဖြစ်သည်။

 

ကားကုမ္ပဏီများသည် အိန္ဒိယရှိ ချမ်းသာကြွယ်ဝသော ဝယ်သူများကို ၎င်းတို့၏ လျှပ်စစ်ကားများ ရောင်းချရန် အဓိအားဖြင့် ရည်မှန်းထားသည်။

BYD ၏ ကားများသည် ရူပီး ၃ သန်း (ဒေါ်လာ ၃၇,၀၀၀) ကျော် ကုန်ကျသည်။

တောင်ကိုရီးယား Hyundai နောက်ဆုံးပေါ် အီးဗီမော်ဒယ် ဖြစ်သည့် Ioniq 5 SUV သည် ရူပီး ၄.၅ သန်းခန့် စျေးနှုန်းရှိသည်။
"၂၀၂၅ မှာ လူအများတို့က အီးဗီတွေ အများအပြား စတင်လက်လှမ်းမီမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ၂၀၂၅ မှာ သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းက ခရီးတာ ၃၅၀ ကီလိုမီတာအထိ သွားနိုင်တဲ့ အီးဗီတစ်စီးကို ရူပီ ၁.၄ သန်းခန့် ဖြစ်မယ်" ဟု Gopalakrishnan က ပြောကြားသည်။

 တစ်ပိုင်းလျှပ်ကူးပစ္စည်း  ချစ်ပ်များနှင့် ဘက်ထရီများမှအစ  မော်တာများအထိ အရာအားလုံးကို  BYD က ကိုယ်တိုင် ထုတ်လုပ်သည်။
ယခုအခါ SKD semi knocked-down အနေဖြင့် အိန္ဒိယသို့ တင်သွင်းသည်။ အိန္ဒိယတောင်ပိုင်း ချန်နိုင်းမြို့ရှိ ၎င်း၏စက်ရုံတွင် တပ်ဆင် ထုတ်လုပ်သည်။

"အီးဗီတွေအတွက် လူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက အခြေခံ အဆောက်အအုံ အားဖြည့်သွင်းမှုနဲ့ အီးဗီ သွားနိုင်တဲ့ ခရီးတာအကွာအဝေးတို့အပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပါတယ်" ဟု Gopalakrishnan က ပြောကြားသည်။

၎င်းကုမ္ပဏီသည် ၂၀၃၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အီးဗီ စျေးကွက်ဝေစု ၄၀% ရရှိရန် ရည်မှန်းထားကြောင်း Gopalakrishnan က ပြောကြားသည်။
ပြည်တွင်း အရောင်းကိုယ်စားလှယ်များအဖြစ် Landmark Group နှင့် Kun Group တို့နှင့် လက်တွဲထားသည်။ ၎င်းတို့သည် ပရီမီယံ brand များ ဖြစ်သော Mercedes, Audi,  BMW တို့ကိုလည်း အရောင်းကိုယ်စားလှယ် ရယူထားသည်။

Atto 3 မော်ဒယ်အတွက် အမှာစာ စီးရေ ၂,၀၀၀ ရရှိထားပြီ ဖြစ်သည်။

Source Asia nikkei 
 

Read 252 times