ပရီမီယံ  အီးဗီဈေးကွက်သို့ BYD တက်လှမ်း


ပရီမီယံ  အီးဗီဈေးကွက်သို့ BYD တက်လှမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

BYD သည် ၎င်း၏ တန်းမြင့် စည်းစိမ်ကား Yangwang အမှတ်တံဆိပ်ကို ဇန်နဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။

BYD သည် Yangwang U8 လမ်းကြမ်းမောင်း SUV နှင့် U9 စူပါကားများကို ၂၀၂၃ ခုနှစ်တွင် ယွမ် ၈သိန်း ($116,878) မှ ၁ သန်းခွဲကြား စျေးနှုန်းဖြင့် ဖြန့်ချိရန် စီစဉ်ထားသည်။

Yangwang မော်ဒယ်များသည် ဘီးလေးဘီးစီကို သီးခြားစီ ထိန်း‌ကျောင်းပေးထားသည်။ ဘီးတစ်ဘီး ပေါက်ပြီး ပြားနေလည်း ဘေးကင်းကင်းဖြင့် ကားကို ရပ်နိုင်စေမည် ဖြစ်သည်။

U8 သည် ရေထဲ ပေါ‌လော်ပေါ်ပြီး မောင်းနှင်နိုင်စွမ်း ရှိသည်။

 

တရုတ်လျှပ်စစ်ကားထုတ်လုပ်သည့်လုပ်ငန်း  BYD သည် ဂျပန်နှင့် အရှေ့တောင်အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၄၀ ကျော်တွင် ခြေကုပ် ရယူထားသည်။ 

 BYD သည် ယခုနှစ်အတွင်း အီးဗီ အစီးရေ ၂ သန်းနီးပါး ရောင်းချရန် ရည်မှန်းထားသည်။

 “နှစ်ပေါင်း ၂၀ ကျော် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေကြောင့် ကျွန်တော်တို့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ" ဟု  BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ Wang Chuanfu သည် ဇန်နဝါရီလ ၅ ရက်က ၎င်း၏ စည်းစိမ်ကား အမှတ်တံဆိပ် Yangwang  အွန်လိုင်း မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

 

 

Wang ကို ကုန်းတွင်းပိုင်းရှိ အန်းဟွေးပြည်နယ်တွင် နေထိုင်သော လယ်သမား မိသားစုမှာ မွေးဖွားသည်။

 အသက် ၂၀ နှစ်ကျော်ရှိချိန် ၁၉၉၅ တွင် BYD ကို  တည်ထောင်သည်။ ကုမ္ပဏီ၏ အဓိက ထုတ်ကုန်မှာ မိုဘိုင်းဖုန်းများအတွက် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများဖြစ်ပြီး အမေရိကန်နှင့် ဥရောပမှ မိုဘိုင်းဖုန်း ထုတ်လုပ်သူများထံ ပေးသွင်းသည်။

 တရုတ်ပြည်တွင်းနှင့် ပြည်ပတို့မှ စမတ်ဖုန်းထုတ်လုပ်သူများထံမှ ကန်ထရိုက်ရယူပြီး စမတ်ဖုန်းတပ်ဆင် ထုတ်လုပ်ခြင်းကိုလည်း လုပ်ကိုင်သည်။

 ၂၀၀၃ ခုနှစ်တွင် ကားထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍထဲ စတင်ဝင်ရောက်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ရှိချိန်တွင် စည်းစိမ်ကား အီးဗီသည်  BYD ၏ ရည်မှန်းချက်တစ်ခု ဖြစ်လာခဲ့သည်။

 

စည်းစိမ်အီးဗီ ကဏ္ဍသို့ BYD ဝင်ရောက်ခြင်းသည် တရုတ်ဈေးကွက်တွင် ၎င်း၏ မရေရာသော အနေအထားကြောင့်သည့် အကြောင်းတစ်ချက်  ဖြစ်သည်။

 ကုမ္ပဏီသည် Song၊ Qin၊ Dolphin နှင့် Han ကဲ့သို့သော ဈေးနှုန်း ယွမ် ၁ သိန်းမှ ၃ သိန်းအထိ ရှိသည့်  စျေးနှုန်းချိုသာသော မော်ဒယ်များနှင့် ဈေးနှုန်း အလယ်အလတ်း မော်ဒယ်များ ရောင်းအား ကောင်းခဲ့သည်။

သို့သော် ၎င်းစျေးနှုန်းအတန်းအစားတွင် ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန်လာသည်။

Tesla က ဈေးအသက်သာဆုံး မော်ဒယ်ဖြစ်ပြီး Tesla အတွက် အဓိကအားပြုသည့် မော်ဒယ်လည်း ဖြစ်သော Model 3 ကို ယွမ် ၂၆၅,၉၀၀ ဖြင့် ရောင်းချနေရာမှ ယွမ် ၂၂၉,၀၀၀ သို့ လျှော့ချလိုက်ရာ BYD ရှိနေသည့် အလယ်အလတ်တန်း ဈေးနှုန်း အပိုင်းအကန့်တွင် ရောက်ရှိသွားပြီး BYD ၏ ပြိုင်ဘက် မော်ဒယ် ဖြစ်သွားသည်။

 Volkswagen နှင့် Honda Motor တို့ကလည်း တရုတ်အီးဗီဈေးကွက်ထဲ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းကဏ္ဍကို တိုးမြှင့်ကြပြီး BYD ရှိနေသည့် အလယ်အလတ်တန်း ဈေးနှုန်း အပိုင်းအကန့်တွင် ဈေးကွက်ဝေစု ပိုရဖို့ ကြိုးပမ်းနေကြသည်။

 အလယ်အလတ်တန်း ဈေးနှုန်း အပိုင်းအကန့်တွင် ပွဲကျပ်လာချိန်မှာ BYD သည် တန်းမြင့် အီးဗီဈေးကွက်ထဲသို့ Yangwang မော်ဒယ်များဖြင့် မောင်းဝင်လိုက်သည်။ တန်းမြင့်အီးဗီသည် အမြတ်အစွန်း မြင့်မားသည်။

 

BYD ၏ လက်ရှိ အီးဗီ မော်ဒယ်များသည် အားလုံးနီးပါး အနိမ့်တန်းနှင့် အလယ်အလတ်တန်း ဈေးနှုန်းများဖြစ်ကြသဖြင့် အမြတ်အစွန် နည်းပါးသည်။ အမြတ်ရာခိုင်နှုန်းသည် ပျမ်းမျှအားဖြင့် ၅% အောက်မှာသာ ရှိသည်။ 

တရုတ်ပြည်တွင်း ရောင်းချနေသော Tesla ၏ မော်ဒယ်များသည် အမြတ်ရာခိုင်နှုန်း ပျမ်းမျှအားဖြင့် ၂၅% ရရှိသည်။

 အီးဗီနှင့် ပလပ်ထိုးဟိုက်ဘရစ် မော်ဒယ်များသည် ဓာတ်ဆီအင်ဂျင် မော်ဒယ်များထက် အမြတ်ရနိုင်မှု နည်းသည်။ အကြောင်းမှာ အီးဗီဘက်ထရီထုပ်သည် အတော်ဈေးကြီးသောကြောင့် ဖြစ်သည်။

 ဈေးနှုန်းအမြင့်တန်းမှာ ရှိနေသည့် brand အသစ် Yangwang သည် အမြတ်ပိုရစေမည် ဖြစ်သည့်အပြင် ကုမ္ပဏီ၏ ဂုဏ်ရိပ်ကိုလည်း မြှင့်တင်ပေးမည် ဖြစ်သည်။ အထူးသဖြင့် ပြည်ပဈေးကွက်များတွင် ဂုဏ်တက်စေမည် ဖြစ်သည်။

BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ Wang Chuanfu က "သွက်တဲ့ငါးက နှေးတဲ့ငါးကို စားတယ်" ဟု ၂၀၂၂ ခုနှစ်တွင် ဆိုမိန့်ခဲ့ဖူးသည်။ 

BYD သည် ပြည်ပဈေးကွက်များတွင် ခြေကုပ်ရယူခြင်းကို ခပ်သွက်သွက် လုပ်ဆောင်နေသည်။ ယခင်က လျှပ်စစ်ဘတ်စ်များကို အဓိကအားပြုခဲ့ပြီး ယခုအခါ အိမ်စီးကားများကိုပါ ဖြန့်ကျက်ရောင်းချလျက် ရှိပါသည်။

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

Read 530 times