ဂျပန်ကားဈေးကွက် BYD Dolphin အလားအလာ


ဂျပန်ကားဈေးကွက် BYD Dolphin အလားအလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


BYD သည် ယခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း အီးဗီ ထုတ်လုပ်သူဖြစ်လာရန် ရည်မှန်းထားပြီး ပြည်ပဈေးကွက်များကို ချဲ့ထွင်လျက်ရှိရာ ဂျပန်ဈေးကွက်ထဲသို့ အီးဗီဖြင့် မောင်းဝင်သည်။

တရုတ်ကားထုတ်လုပ်သူ BYD ၏ ဂျပန်စျေးကွက်အတွက် ဒုတိယမော်ဒယ်မှာ အရွယ်အစား ကျစ်လစ်သည့် လျှပ်စစ်ကား Dolphin ဖြစ်သည်။ အမှာစာများ စတင်လက်ခံနေပြီဖြစ်ပြီး အစောဆုံးအနေဖြင့် အောက်တိုဘာလတွင် ကားအပ်နှံမည်။

ဂျပန်ဈေးကွက်ထဲမှ အရွယ်အစားတူ ဂျပန်ကားများကို ပြိုင်ဆိုင်ရမည်ဖြစ်ပြီး ကမ္ဘာ့ဦးဆောင် ကားလုပ်ငန်းများကို  ၎င်းတို့၏ ဇာတိမြေ "အိမ်ကွင်း"တွင် BYD က ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

Dolphin ကို ဂျပန်ဈေးကွက်မှာ ယန်း ၃.၆ သန်း ($24,000) ဖြင့် ဈေးဖွင့်ထားသည်။ 

Dolphin သည် တိုယိုတာ၏  လူကြိုက်များသည့် Yaris နှင့် အရွယ်အစား တူသည်။ Yaris သည် ဓာတ်ဆီကား ဖြစ်ပြီး ရောင်းဈေးမှာ ယန်း ၂.၄ သန်း ဖြစ်ပါသည်။ 
နီဆန်း၏ ယမန်နှစ်က ရောင်းအကောင်းဆုံး အီးဗီ Leaf နှင့်လည်း အရွယ်အစား တူသည်။ Leaf ရောင်းဈေးမှာ ယန်း ၄ သန်း ဖြစ်ပါသည်။

BYD သည် ဂျပန်ဈေးကွက်ကို ဂျပန်ကားကုမ္ပဏီများ လက်နှေးနေသည့် အီးဗီလမ်းကြောင်းဖြင့် ဝင်ရောက်နေရာယူမည် ဖြစ်သည်။ ဂျပန်ကားဈေးကွက်၏ အီးဗီအပိုင်းအကန့်မှ ဝယ်လိုအားကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။

ဂျပန်ဈေးကွက်တွင် BYD ပထမဆုံး ရောင်းချသည့် အီးဗီမော်ဒယ်မှာ အရွယ်အစား အလယ်အလတ်ဖြစ်သည့် SUV Atto 3 ဖြစ်ပြီး ရောင်းဈေးမှာ ယန်း ၄.၄ သန်း ဖြစ်ပါသည်။ ယခုအခါ စီးရေ ၇၀၀ ခန့် ရောင်းချခဲ့ပြီး ဖြစ်ပါသည်။
BYD Auto Japan ၏ အကြီးအကဲ Atsuki Tofukuji က "ကျွန်တော်တို့ရဲ့ ကားတွေ ဝယ်စီးတဲ့သူဦးရေကို မှန်တမ်းဖြင့် တိုးချဲ့နေပါတယ်"ဟု ပြောကြားသည်။

BYD က ဂျပန်အတွက် Dolphin ကို သီးသန့် ထုတ်လုပ်ပြီး တင်ပို့သည်။ Dolphin သည် မြို့တွင်းစီးရန် ကားငယ်တစ်စီးရှာနေသော မြို့ပြယာဉ်မောင်းများကို ပစ်မှတ်ထားသည်။ ယာဉ်အမြင့်ကို ကန့်သတ်ထားသည့် ကွန်ဒိုမီနီယံ ကားပါကင်နေရာများနှင့် အံဝင်ခွင်ကျဖြစ်အောင် ချိန်ညှိ‌ပေးထားသည်။
နေ့စဉ်သုံးဖို့ ကားအပိုတစီး ထားရှိလိုသည့် ကျေးလက်ယာဉ်မောင်းများကိုလည်း ပစ်မှတ်ထားသည်။ 
 ဂျပန်ဗားရှင်းတွင် အမြင့်ကို နိမ့်ပေးထားသည့်အပြင် မရည်ရွယ်ဘဲ အရှိန်တင်မိခြင်းကို ထိန်းပေးထားသည့် ဘေးကင်းရေးစနစ် ထည့်ပေးထားသည်။ ဂျပန်မှ သက်ကြီးပိုင်း ယာဉ်မောင်းများသည် မရည်ရွယ်ဘဲ လီဗာကို ယောင်ပြီး နင်းထားမိသဖြင့် ယာဉ် အဆင့်ဆင့် ဝင်တိုက်သည့် ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ရှိသည်ကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။

ဂျပန်ကားဈေးကွက်တွင် အီးဗီရောင်းအားသည် ၂၀၂၂ ခုနှစ်မှာ ကားမျိုးစုံ စုစုပေါင်း ရောင်းအား၏ ၂% မျှသာ ရှိသည်။ 
ကေ kei ဟု ခေါ်ကြသည့် အလေးချိန် ပေါ့ပါးသော ကားအသေးစားများ ရေပန်းစားသည်။ ကေကားများသည် ဈေးနှုန်း သက်သာသည်။ အရွယ်ငယ်ငဖြင့် ယာဉ်ရပ်နားရန် နေရာကျဉ်းကျဉ်းမှာ ရပ်နိုင်သည်။ နေ့စဉ် သုံးစွဲမှုအတွက် အဆင်ပြေသည်။
လျှပ်စစ်ကေကားများ၏ အားသွင်းရန်ကြာချိန်သည် အရွယ်ကြီးသည့် လျှပ်စစ်ကားများထက် လျော့နည်းသည့် အားသာချက်ရှိသည်။

Dolphin သည် ဂျပန်အစိုးရက အီးဗီဝယ်စီးသူများကို ထောက်ကူကြေး ပေးအပ်သည့် မက်လုံး အစီအစဉ်တွင် ပါဝင်သည်။ သို့ဖြစ်ရာ ထောက်ကူကြေး ခုနှိမ်လိုက်လျှင် ယန်း ၃ သန်းဖြင့် Dolphin တစီး ဝယ်ယူနိုင်မည် ဖြစ်သည်။

စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၃၀ ခုနှစ်တွင် အားသွင်းပွိုင့် ၃ သိန်း တပ်ဆင်ရန် ရည်မှန်းချက်ကို မကြာသေးမီက ရေးဆွဲခဲ့သည်။

တိုကျိုမြို့တော် အာဏာပိုင်တို့သည် အားသွင်းအခြေခံအဆောက်အအုံများ တပ်ဆင်ခြင်းအတွက် ထောက်ပံ့ငွေများ တိုးမြှင့်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်မှစ၍ တိုက်ခန်းအဆောက်အအုံသစ်များတွင် အားသွင်းပွိုင့်များ မဖြစ်မနေ ထားရှိရန် ပြဋ္ဌာန်းထားသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1031 times