စင်ကာပူလမ်းတွေပေါ် မောင်းခွင့်မရှိတဲ့ Bugatti အရောင်းပြခန်း စင်ကာပူမှာ ဖွင့်လှစ်


စင်ကာပူမှာ ဖွင့်လှစ်လိုက်တဲ့  Bugatti အရောင်းပြခန်းဟာ အရှေ့တောင်အာရှမှာ  Bugatti ရဲ့ ပထမဆုံး အရောင်းပြချင်း ဖြစ်ပါတယ်။ စင်ကာပူရဲ့ လမ်းတွေပေါ်မှာ  Bugatti မောင်းနှင်ခွင့် မရှိပါဘူး။ ဒီတော့ အခုလို အရောင်းပြခန်း လာဖွင့်တော့ ဒေါ်လာသန်းချီတန်တဲ့  Bugatti ကားတွေကို ဘယ်သူတွေက ဝယ်မှာလဲဆိုတဲ့ မေးခွန်း မေးချင်စရာ ဖြစ်နေပါတယ်။ 

ပြင်သစ် ကားထုတ်လုပ်သူ  Bugatti က စတီယာရင် ဝဲဘက်မှာ ထားရှိတဲ့ left-hand drive ကားတွေကိုပဲ ထုတ်လုပ်ပါတယ်။ စတီယာရင် ယာဘက်မှာ ထားရှိတဲ့ right-hand drive Bugatti ဆိုတာ မရှိပါဘူး။

ပုံ ဘယ်မောင်း ညာမောင်း 

စင်ကာပူနိုင်ငံမှာ ကားတွေက  စတီယာရင် ယာဘက်မှာ ထားရှိတဲ့ right-hand drive ကားတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီတော့ စတီယာရင် ဝဲဘက်မှာ ထားရှိတဲ့ left-hand drive Bugatti ကားတွေ လမ်းပေါ်မှာ မောင်းနှင်ခွင့် မရှိပါဘူးလို့  Bugatti  ကားအရောင်းပြခန်း Wearnes Prestige မှ ဦးဆောင်ညွှန်ကြားရေမှူး  Victor Kwan က အတည်ပြု ပြောကြားပါတယ်။ 

 

 

စင်ကာပူလမ်းတွေပေါ်  မောင်းလို့ မရတဲ့ သန်းချီတန် ဟိုင်ပါကား Bugatti  ရောင်းဖို့ ဘာလို့ အရောင်းပြခန်းကို စင်ကာပူမှာ လာဖွင့်ရတာလဲ။

 

 

Wearnes မော်တော်ယာဉ် ဖြန့်ချိရေးလုပ်ငန်း ထီးအောက်မှာ အခြားဈေးနှုန်း ထိပ်ဆုံးတန်းမှာ ရှိနေတဲ့ Bentley, Aston Martin, Alpine နဲ့  Lotus တို့လည်း ရှိနေခဲ့တာမှာ  Bugatti  ထပ်တိုးသွားတာ ဖြစ်ပါတယ်။ စင်ကာပူကို ဗဟိုချက် ထားပြီး အရှေ့တောင်အာရှဈေးကွက်ထဲ ဖြန့်ချိရောင်းချပါတယ်။ Bugatti ကိုလည်း တကယ်လို့ ရောင်းရတယ်ဆိုရင် အခြားအရှေ့တောင် အာရှ နိုင်ငံမှ ဝယ်ယူသူ ဖြစ်ဖို့ များပါတယ်။ 

 


 
Bugatti က ကမ္ဘာတစ်လွှားမှာ အရောင်းပြခန်း ၃၀ ခု ဖွင့်လှစ်ထားပြီး စင်ကာပူမှာ အရောင်းပြခန်း တစ်ခု ထားရှိတာ ဖြစ်ပါတယ်။ အာရှမှာ ဂျပန်နိုင်ငံမှာ ပထမဆုံး Bugatti  အရောင်းပြခန်း ဖွင့်လှစ်ထားရှိခဲ့ပါတယ်။ စင်ကာပူက ဒုတိယမြောက် အရောင်းပြခန်း ဖြစ်ပါတယ်။ 
 
အရောင်းပြခန်းကို ပြင်သစ်နိုင်ငံ  Molsheim ရှိ ဌာနချုပ်မှ ဒီဇိုင်း ထုတ်ပေးထားပြီး  Bugatti  နှစ်စီးစာ နေရာ စီစဉ်ပေးထားပါတယ်။ 

လောလောဆယ်မှာတော အရောင်းပြခန်းထဲမှာ  Bugatti   တစ်စီးပဲ ရောက်ရှိပါသေးတယ်။ Bugatti Chiron Pur Sport ဖြစ်ပြီး ရောင်းဈေးက ယူရို ၃.၁ သန်း (အမေရိကန်ဒေါ်လာ ၅ သန်းခန့်) ဖြစ်ပါတယ်။

 


 

Read 15381 times