ကန်ထဲကျတဲ့ Bugatti Veyron လမ်းပေါ်ပြန်ရောက်


၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ တည်ရှိတဲ့ ရေငန်ကန်ထဲကို Bugatti Veyron ထိုးကျသွားခဲ့တယ်။ 
အဲဒီ Bugatti Veyron က လမ်းတွေပေါ်ကို ပြန်ရောက်လာပါပြီ။

Bugatti Veyron ရေကန်ထဲ ထိုးဆင်းပြီး ရက်ပိုင်းအတွင်းမှာ ဘာကြောင့် ရေဆင်းကူးရစသလဲဆိုတာ အဖြေပေါ်ခဲ့ပါတယ်။ 
အနိမ့်ပျံလာတဲ့ ငှက်ကြီးဝန်ပိုတစ်ကောင်ကို မတိုက်မိအောင် ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ရေကန်ထဲ ကျသွားတယ်လို့ ဆိုတာဟာ လိမ်ညာပြောဆိုခြင်း ဖြစ်ကြောင်း အမှုမှန် ပေါ်ပေါက်တာကြောင့် တရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့တစ်ရက် ကျခံရန် စီရင်ချက် ချလိုက်တယ်။ ကြားနာတာက ၂၀၁၅ ခုနှစ်ကျမှ ပြီးပြတ်ပြီး အခုလို အမှုစီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။ ကားပိုင်ရှင်က အာမခံလျော်ကြေး ရယူချင်လို့ တမင် ရေထဲ မောင်းချလိုက်တာ ဖြစ်ပါတယ်။ သူ့ကား ရေထဲကျစဉ်မှာ တခြားသူတစ်ယောက်က Bugatti Veyron ကို သဘောကျလို့ ဗီဒီယို ရိုက်ထားတဲ့ မှတ်တမ်းက အင်တာနက်ပေါ် တက်လာတော့ ဘူးပေါ်သလို ပေါ်သွားခဲ့တာ ဖြစ်ပါတယ်။ 

 

၂၀၁၉ ခုနှစ်မှာ ကန်ထဲကျတဲ့ ကားကို ပြန်ဆယ်ပြီး ရောင်းတော့ အမေရိကန်ဒေါ်လာ သုံးသိန်းဖြင့် ဈေးတည့်တယ်။ နီဗာဒါပြည်နယ်မှ Royalty Exotic Cars မှာ လုပ်ကိုင်တဲ့ Houston Crosta  ဆိုတဲ့ အမျိုးသားတစ်ဦးက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူက Bugatti  ကို ချစ်တဲ့သူ။ သူ့မှာ တခြား Bugatti  တွေလည်း ရှိတယ်။ Bugatti  ယာဉ်အပိုပစ္စည်းတွေလည်း သူဝယ်ထားတာ ရှိတယ်။ သူက ကားပြုပြင်မွမ်းမံတာလည်း တတ်ကျွမ်းတယ်။ ဒီတော့ ရေကန်ထဲက ပြန်ဆယ်ယူလာတဲ့ Bugatti ကို ပြုပြင်မွမ်းမံတယ်။ 
ကားကိုယ်ထည်ကို ခရမ်းရောင် ဆေးပြန်မှုတ်တယ်။ အဲဒီအတွက် ကန်ဒေါ်လာ လေးသိန်း ကုန်ကျတယ်။ အသစ်လဲဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို Bugatti ကားစက်ရုံထံမှ မှာယူပြီး လဲလှယ်တပ်ဆင်တာက ကန်ဒေါ်လာ နှစ်သိန်းခွဲဝန်းကျင် ကုန်ကျတယ်။ ဝါယာရင်းအကုန်လုံး အသစ်လဲလိုက်တယ်။ 

Bugatti Veyron က လမ်းပေါ်မှာ မောင်းလို့ ရနေပြီ။ ဒါပေမဲ့ ကားထဲမှ အသံစနစ်က ကားရေမြှုပ်တုန်းက ထိထားလို့ အသစ်လဲဖို့ လိုနေသေးတယ်။ အဲဒီအတွက် ကန်ဒေါ်လာ တစ်သိန်းလောက် ကုန်လိမ့်မယ်။ 

Bugatti Veyron တစ်ပတ်ရစ် တစ်စီး ပေါက်ဈေးက ကန်ဒေါ်လာ ၉ သိန်းနဲ့ ၁၁ သိန်းကြားမှာ ပုံမှန်ဈေး ဖြစ်တာကြောင့် ဈေးသက်သက်သာသာနဲ့ ရလိုက်တာ ဖြစ်ပြီး လဲဖို လိုတဲ့ အစိတ်အပိုင်းတွေ အကုန်လုံးလည်း Bugatti  စက်ရုံထုတ်ပစ္စည်းတွေနဲ့ လဲထားပြီးပြီ။ ဆေးလည်း အသစ်တင်ထားပြီးပြီ။ 



 

Read 4437 times