အမေရိကန်ရှိ တန်းမြင့်ကားဈေးကွက်တွင် BMW ထံမှ သရဖူကို Lexus ရလုနီးပါး ဖြစ်နေ


အမေရိကန်နိုင်ငံ ဈေးကွက်၏ ဇိမ်ခံကား အပိုင်းအကန့် အရောင်းပြိုင်ပွဲတွင် BMW သည် ဆက်လက်ဦးဆောင်နေဆဲဖြစ်သော်လည်း Lexus  က မီလုမီခင် ဖြစ်လာနေသည်။ 

အမေရိကန်နိုင်ငံ ဈေးကွက်၏ ဇိမ်ခံကား အပိုင်းအကန့်ကို ကြည့်လျှင် ပထမသုံးလပတ်တွင် Mercedes-Benz သည် ရောင်းအားအများဆုံးဖြင့် ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ 
ဒုတိယ သုံးလပတ်တွင် BMW  ရောင်းရစီးရေသည် Mercedes-Benz ထက် ပိုများသည်။ 
တတိယ သုံးလပတ်တွင် Lexus ရောင်းရစီးရေသည် BMW နှင့်  Mercedes-Benz နှစ်ခုစလုံးထက် ပိုများသည်။ ၎င်းသုံးလတာအတွင်း Lexus စီးရေ ၈၁,၀၉၃ ရောင်းရသည်။  BMW က ၇၅,၆၁၉ စီး နှင့် Mercedes-Benz က ၅၅,၁၃၀ စီး ရောင်းရသည်။ စတုတ္ထနေရာတွင် Audi  ရောက်ရှိနေပြီး စီးရေ ၄၁,၀၁၉ ရောင်းရသည်။ 

နှစ်စမှ ယခုအထိကာလကို ကြည့်လျှင် BMW က Lexus ထက် စီးရေ ၄,၈၀၈ စီး ပိုရောင်းခဲ့ရပြီး Mercedes-Benz ထက် စီးရေ ၂၈,၀၀၀ ပိုရောင်းခဲ့ရသည်။ 

Lexus ရောင်းချခဲ့သော ကားများတွင် RX နှင့်  NX SUV တို့က ထက်ဝက်ကျော် ပါဝင်သည်။ မော်တော်ယာဉ်သုံး ချစ်ပ် ရှားပါးမှုကြောင့် ရောင်းရန်အသင့်ထားရှိသည့် ကားများကို အရေအတွက် အနည်းငယ်သာ ထားရှိနိုင်ကြချိန်တွင် Lexus က ထိထိရောက်ရောက်ဖြင့် ကားများကို အရောင်းဌာနများတွင် ဖြန့်ကျက် ထားရှိပေးနိုင်ကြောင်း တွေ့ကြရသည်။ အရောင်းကိုယ်စားလှယ်တို့ထံ ကားများကို မြန်မြန်သွက်သွက် အရောက်ပို့ပေးနိုင်သည်။ ထိုအချက်က  BMW နှင့်  Mercedes-Benz နှစ်ခုစလုံးထက် ပိုကောင်းနေသည့် အားသာချက် တစ်ခု ဖြစ်သည်။
 

Read 5686 times