ပါပူဝါနယူးဂီနီ အစိုးရက Bentley အပါအဝင် ကား ၃၀၀ စီးနီးပါး ဝယ်ယူခဲ့သည့်အတွက် ဝေဖန်ခံနေရ


ပါပူဝါနယူးဂီနီ အစိုးရက Bentley နှင့်  Maserati အပါအဝင် ကားများ ၃၀၀ စီးနီးပါး ဝယ်ယူခဲ့သည့်အတွက် ဝေဖန်ခံနေရ

ပါပူဝါ နယူးဂီနီ အစိုးရက ၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ 2018 Asia-Pacific Economic Corporation (APEC) ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေ စီးဖို့ အီတလီမှ ဇိမ်ခံကား Maserati Quattroportes ဆီဒင်ကား အစီး ၄၀ အပါအဝင် ကားအသစ်အများအပြားကို ဝယ်ယူတင်သွင်းခဲ့ပါတယ်။ 


Maserati Quattroportes ဆီဒင်ကား တစ်စီးကို အမေရိကန်ဒေါ်လာ ၁၄၂,၀၀၀ ကုန်ကျပါတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၇ သန်း ဝန်းကျင် ကုန်ကျပါတယ်။ 
Maserati ကားအရောင်းကိုယ်စားလှယ် ပါပူးဝါ နယူးဂီနီမှာ မရှိလို့ သီရိလင်္ကာနိုင်ငံရှိ အရောင်းကိုယ်စားလှယ်တစ်ဦးထံ မှာကြားဝယ်ယူခဲ့ပါတယ်။ ကားတွေကို သင်္ဘောဖြင့် ရေကြောင်းခရီးဖြင့် သယ်ပို့ခြင်း မပြုဘဲ ဂျက်ဘိုဂျက်လေယာဉ်ဖြင့် လေကြောင်းကုန်စည်အဖြစ် သယ်ယူပါတယ်။ Maserati အစီး ၄၀ အပြင် Bentley Flying Spurs ၃ စီး ကိုလည်း ဝယ်ယူခဲ့ပါတယ်။ 

 

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC နိုင်ငံတွေထဲမှာ ပါပူးဝါနယူးဂီနီနိုင်ငံက အဆင်းရဲဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက  ၁ အမေရိကန်ဒေါ်လာအောက်မှာ ဖြစ်တဲ့ တစ်ရက်ဝင်ငွေဖြင့် နေထိုင်ရှင်သန်နေကြရပါတယ်။ သို့ပါလျက် ဈေးမြင့်တဲ့ Bentley နဲ့ Maserati  ကားတွေကို နိုင်ငံတော်ဘဏ္ဍာဖြင့် ဝယ်ယူတဲ့အတွက် ဝေဖန်သံများ ထွက်ပေါ်ခဲ့ပါတယ်၊

 

၂၀၁၅ ခုနှစ်မှာ APEC ထိပ်သီးအစည်းအဝေး ကျင်းပခဲ့စဉ်တုန်းက BMW က ကားအစီး ၂၀၀ ကျော် စပွန်ဆာ ပေးပါတယ်။ ပွဲပြီးသွားတဲ့အခါ အများပြည်သူကို ရောင်းချပါတယ်။
ပါပူးဝါးနယူးဂီနီမှာ Maserati အရောင်းကိုယ်စားလှယ် မရှိလို့ စပွန်ဆာရဖို့ မဖြစ်နိုင်ပါဘူး။
ပွဲပြီးတဲ့အခါ အများပြည်သူကို ရောင်းချရင် အလုအယက် ဝယ်ကြလိမ့်မယ်လို့ အစိုးရက ဆိုပါတယ်။ လက်တွေ့မှာတော့ ၃ နှစ်ကြာပြီးသည်အထိ ၂ စီးပဲ ဝယ်မယ့်သူ ရှိပါတယ်။

ပွဲပြီးခဲ့ပြီး ၁ နှစ်အကြာမှာ ကားတွေ မရှိတော့ဘူးလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ယခု ဝန်ကြီးချုပ် James Marape က ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီး ဖြစ်ပါတယ်။ သူက သတင်းသမားတွေကို ဖိတ်ကြားပြီး Maserati အစီး ၄၀ ကို သိုလှောင်ရုံတစ်ခုမှာ စနစ်တကျ သိမ်းဆည်းထားတာ ပြသခဲ့ပါတယ်။ 
ဒါပေမဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ဝယ်ယူခဲ့တဲ့ Toyota Land Cruiser, Ford, Mazda,  Mitsubishi Pajero အစရှိတဲ့ ကား စီးရေ ၃၀၀ ဝန်းကျင် စာရင်းပျောက်နေပါတယ်။
လက်ရှိဘဏ္ဍာရေးဝန်ကြီး John Pundari က "တကယ်လို့ ကျွန်တော်တို့ အမြော်အမြင် ရှိမယ်ဆိုရင် Maserati ကားတွေကို အစကတည်းက ဝယ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆိုးဆိုးဝါးဝါး မှားယွင်းခဲ့ပါတယ်။ ပါပူဝါနယူးဂီနီမှာ Maserati အရောင်းကိုယ်စားလှယ် မရှိတာကြောင့် Maserati ကားတွေ ဝယ်စရာ ဘာအကြောင်းမှ မရှိဘူး" လို့ ပြောကြားပါတယ်။
Pundari က Maserati တစ်စီးကို အမေရိကန်ဒေါ်လာ ၁၁၄,၀၀၀ လျှော့ဈေးဖြင့် ရောင်းချပေးမယ်လို့ ကြေညာပါတယ်။

State Asset Recovery Unit မှ ကြီးကြပ်ရေးမှူး Dennis Corcoran က ကားတွေကို စာရင်းစစ်တဲ့အခါ ဝယ်ယူခဲ့တဲ့ကားတွေထဲမှာ ၂၄၈ စီး ပျောက်ဆုံးနေပါတယ်။
Asia-Pacific Economic Corporation (APEC)  ထိပ်သီးအစည်းအဝေးကာလမှာ စီးဖို့ ထုတ်ပေးခဲ့ပြီး ကားတွေကိ ပြန်မအပ်ခဲ့ကြဘူးလို့ ဝန်ကြီးက ပြောကြားပါတယ်။ 
"Maserati  အစီး ၄၀ နဲ့ Bentleys  ၃ စီးကတော့ အသစ်အတိုင်း ရှိနေဆဲပါ။ ဆိပ်ခံတံတားဟောင်း သိုလှောင်ရုံတစ်ခုမှာ ပိတ်သိမ်းပေးထားပါတယ်" လို့ သူက ပြောပါတယ်။၊ ပျောက်ဆုံးနေတဲ့ ကားတွေထဲမှာ  Toyota Land Cruiser, Ford, Mazda နှင့် Mitsubishi Pajero တို့ ပါဝင်ကြောင်း သူက ပြောကြားပါတယ်။

ယခုလို ကားတွေ ပြန်မအပ်ကြတဲ့ သတင်း ထွက်ပေါ်ပြီးနောက် ထိပ်သီးဆွေးနွေးပွဲအတွက် ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး ကားတွေ ရာဂဏန်း တင်သွင်းဖို့ လိုအပ်သလားဆိုတာ မေးခွန်းထုတ်ပြီး ဝေဖန်ကြပါတယ်။ 

 

.carscoops.com

Read 751 times