ဩဂုတ်လတွင်  စတင်ရောင်းချမည့် Avatr 11 အတွက် Avatr နှင့်  Huawei စာချုပ်လက်မှတ်ရေးထိုး


ဩဂုတ်လတွင်  စတင်ရောင်းချမည့် Avatr 11 အတွက် Avatr နှင့်  Huawei စာချုပ်လက်မှတ်ရေးထိုး

Avatr 11 က တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Avatr ရဲ့ ပထမဦးဆုံး ထုတ်လုပ်မယ့် ကားမော်ဒယ်ဖြစ်ပြီး ၈ ဂဏန်း ၂ ခါထပ်တဲ့ ဩဂုတ်လ ၈ ရက်မှာ စတင်ရောင်းချမယ်လို့ Avatr ရဲ့ စီအီးအိုက အတည်ပြုပြောကြားပါတယ်။

Avatr 11 က အမြင့်တန်း စမတ် လျှပ်စစ်မော်တော်ယာဉ် မော်ဒယ်စီးရီး ဖြစ်ပြီး Avatr နှင့် Huawei တို့ ပူးပေါင်းလုပ်ကိုင်ခဲ့ကြပါတယ်။

Avatr က Huawei နှင့် အနီးကပ် ပူးပေါင်းလုပ်ကိုင်လျက်ရှိကြောင်း ယခင်က ပြောကြားခဲ့ဖူးပါတယ်။ ဇွန်လ ၂၅ ရက်မှာ ကုမ္ပဏီ နှစ်ခု မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆုံးရှုံးမယ့်အရေးကို အတူ ကျခံမှာ ဖြစ်ပြီး ဝင်ငွေကိုလည်း အတူမျှဝေကြမှာ ဖြစ်ပါတယ်။ Avatr က Huawei HI (Huawei Inside) ကုန်စည်အမှတ်တံဆိပ်ကို သုံးစွဲခွင့် ရရှိပါတယ်။

Avatr 11 မှာ Avatr နှင့် Huawei အပြင် လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်မှု ကမ္ဘာ့အကြီးဆုံး လုပ်ငန်း CATL လည်း ပူးပေါင်းပါဝင်ထားပါတယ်။

Huawei က Smart Driving, Smart Cockpit, Smart Internet Connection, Smart Electric နှင့် Smart Car Cloud Services တို့ကို ပံ့ပိုးပါတယ်။ တစ်နည်းပြောရရင် ဆော့ဖ်ဝဲကဏ္ဍကို Huawei က တာဝန်ယူထားပါတယ်။

Contemporary Amperex Technology Co., Limited (CATL) က ဘက်ထရီနှင့် ဘက်ထရီ နည်းပညာပိုင်းကို တာဝန်ယူထားပါတယ်။

Avatr က မော်တော်ယာဉ် ထုတ်လုပ်ရေး၊ ဈေးကွက်တင်ရေး၊ ဖြန့်ဖြူးရေးတို့ကို တာဝန်ယူပါတယ်။ တရုတ်နိုင်ငံရှိ မြို့ကြီး ၁၁၀ ခုမှာ အရောင်းပြခန်းများ ဖွင့်လှစ်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Huawei ရဲ့ လက်လီအရောင်းဆိုင်များမှတစ်ဆင့် ရောင်းချမှာ ဖြစ်ပါတယ်။

Huawei က ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပေမဲ့ Avatr ရဲ့ မိခင်လုပ်ငန်း Changan Automobile မှာ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု မပြုထားပါဘူး။

  Avatr ရဲ့ မူရင်းမူလက Changan Automobile နှင့် NIO တို့ အကျိုးတူပူးပေါင်းပြီး လုပ်ကိုင်ခဲ့ကြလို့ Changan NIO လို့ အမည်ပေးခဲ့ကြပါတယ်။ နောက်တော့ NIO က အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှုကို ယမန်နှစ်က လျှော့ချတာကြောင့် အမည်ကို Avatr လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။

 Changan Automobile က နိုင်ငံပိုင်လုပ်ငန်း ဖြစ်ပါတယ်။ ၁၈၆၂ ခုနှစ် စတင်ထူထောင်ခဲ့ပါတယ်။ လုပ်ငန်းသက်တမ်း နှစ်ပေါင်း ၁၆၀ ‌ရှိပါပြီ။ စစချင်းမှာ  စစ်တပ်အတွက် စစ်သုံးယာဉ်များ ထုတ်လုပ်ပါတယ်။ တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍရဲ့ "ကြီး၄ကြီး" မှာ ပါဝင်ပါတယ်။

Avatr က Changan Automobile ရဲ့ လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍထဲ ဝင်ရောက်ဖို့ ကြိုးပမ်းမှု တစ်ရပ် ဖြစ်ပါတယ်။ လက်ရှိမှာ အင်ဂျင်ပါဝါ ကားများ နှစ်စဉ် စီးရေ ၁ သန်းကျော် ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

Changan Automobile က အင်ဂျင်ပါဝါကား ထုတ်လုပ်မှုကို ၂၀၂၅ မှာ ရပ်တော့မယ်လို့ ကြေညာထားပါတယ်။ လျှပ်စစ်ကားမော်ဒယ် ၂၂ မျိုးအထိ ၂၀၂၅ မှာ ထုတ်လုပ်ပြီး တစ်နှစ်လျှင် စီးရေ ၁ သန်းကျော် ထုတ်လုပ်ရောင်းချဖို့ ရည်မှန်းချက် ထားရှိပါတယ်။

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

 

MAG

Read 1701 times