တရုတ်နိုင်ငံမှာ လျှပ်စစ်မော်တော်ယာဉ် စက်ရုံသစ် Audi စတင်တည်ဆောက်
Volkwagen Group မှ စည်းစိမ်ကားbrand တစ်ခု ဖြစ်သော Audi က တရုတ်နိုင်ငံ ချန်ချွမ်မြို့မှာ လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ရန် စက်ရုံသစ်တစ်ခုကို ဇွန်လ ၂၈ ရက်မှာ စတင်တည်ဆောက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါကားစက်ရုံမှ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်ရေး စတင်ဖို့ ရည်မှန်းထားပြီး အီးဗီများကိုသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ပုံမှန်လည်ပတ်တဲ့အခါ အဆိုပါကားစက်ရုံက တစ်နှစ်လျှင် မော်တော်ယာဉ် စီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံး အနေဖြင့် မော်ဒယ် ၃ ခု ထုတ်လုပ်ရန် လျာထားပြီး Audi ရဲ့ A6 e-tron နှင့် Q6 e-tron series တို့ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အီးဗီထုတ်လုပ်ရေး စက်ရုံကို Audi နှင့် China FAW Group Corp. တို့က အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။ စက်ရုံနှင့် ကပ်လျက်မှာ လျှပ်စစ်မော်တော်ယာဉ်သုံး ဗို့အားမြင့် ဘက်ထရီ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ထူထောင်ဖို့လည်း အစီအစဉ် ရှိပါတယ်။
Audi က တရုတ်ပြည်တွင်းဈေးကွက်အတွက် အီးဗီမော်ဒယ် ၄ မျိုး ထုတ်လုပ်ပါတယ်။ ၄ မျိုးစလုံး crossover အမျိုးအစား ဖြစ်ပါတယ်။
တရုတ်ပြည်တွင်းဈေးကွက် စည်းစိမ်ကား အပိုင်းအကန့်မှာ ယခုနှစ် ပထမ ၃ လပတ်အတွင်း အရောင်းရဆုံး brand က ဂျာမနီအခြေစိုက် BMW ဖြစ်ပြီး ဒုတိယ အရောင်းရဆုံး brand က ဂျာမနီအခြေစိုက် Mercede ဖြစ်ပါတယ်။ ဂျာမနီအခြေစိုက် Audi က တတိယ အရောင်းရဆုံး brand ဖြစ်ပါတယ်။
#MyanmarAutomobileGuide