ဂျိမ်းစ်ဘွန်းမင်းသားကြီးရှောင်ကွန်နရီ အတွယ်တာဆုံး Aston Martin DB5 လေလံတင်တော့မည်


ဂျိမ်းစ်ဘွန်းမင်းသားကြီးရှောင်ကွန်နရီ အတွယ်တာဆုံး Aston Martin DB5 လေလံတင်တော့မည်


ဂျိမ်းစ်ဘွန်းမင်းသားကြီးအဖြစ် လူသိများ ကျော်ကြားတဲ့ ဆာဘွဲ့ရ ရှောင်ကွန်နရီ (Sean Connery) သက်ရှိထင်ရှား ရှိစဉ်က အတွယ်တာဆုံးအိမ်စီးပြိုင်ကား Aston Martin DB5 ကို လေလံတင်တော့မည်ဖြစ်ကြောင်း လေ့လံလုပ်ငန်း  Broad Arrow Auctions က ထုတ်ပြန်ကြေညာပါတယ်။ လေလံပွဲကို ၂၀၂၂ ဩဂုတ်လ ၁၈ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး လေလံဈေးနှုန်းကို  US $1,400,000 - $1,800,000 လို့ ခန့်မှန်းထားပါတယ်။ 
ရလာတဲ့ငွေ အကုန်လုံးကို မင်းသားကြီး ရှောင်ကွန်နရီ ရဲ့ ကျန်ရစ်သူမိသားစုလက်ထဲ ထည့်မှာ ဖြစ်ပြီး မိသားစုက Sean Connery Philanthropy Fund သို့ လှူဒါန်းမှာ ဖြစ်ပါတယ်။ 

 

"ဖေဖေက သူ့ရဲ့  DB5 အကြောင်း ပြောပြလေ့ရှိတယ်။ တခြားဘာကြောင့်မှ မဟုတ်ဘူး။ အဲဒီကားကို သူက အတွယ်တာဆုံး ဖြစ်တာကြောင့် သူ့ကား DB5 အကြောင်းကို ပြောပြလေ့ ရှိတာ ဖြစ်ပါတယ်။ သူက ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားထဲမှာ သူမောင်းခဲ့တဲ့ Aston Martin  အိမ်စီးပြိုင်ကားအကြောင်းကိုလည်း ပြောပြလေ့ ရှိတယ်။ ထူးခြားတဲ့ ကိရိယာတွေ တပ်ဆင် သုံးစွဲပုံ၊ ကားရှေ့ဘက်မှာ စက်သေနတ် ဆင်ထားပုံ၊ စက်သေနတ်ကြောင့် ကားက ဦးပိုင်းလေးပြီး ရှေ့ဘီးတွေ ကွေ့ရတာ လေးလံနေပုံတို့ကို ပြောပြပါတယ်။ သူဝယ်ထားတဲ့ Aston Martin DB5 မှာ ရုပ်ရှင်ထဲကလိုမျိုး ပစ္စည်းကိရိယာတွေ မပါလို့ မောင်းလို့ကောင်းကြောင်း၊ ကားက ဟန်ချက်ထိန်းတာ ကောင်းတော့ မလူးတဲ့အကြောင်းတွေလည်း သူက ပြောပြတယ်" လို့ သားဖြစ်သူ ဂျက်ဆင်ကွန်နရီက ပြောပြပါတယ်။ 

 

မင်းသားကြီး ရှောင်ကွန်နရီရဲ့  Aston Martin DB5 က ချာစီနံပါတ်  DB5/1681/R  ဖြစ်ပြီး နှင်းအရိပ်မီးခိုးရောင် Snow Shadow Grey  အလူမီနီယမ်ကိုယ်ထည်ကို ဝတ်ဆင်ထားပါတယ်။ လက်ထိုးဂီယာ ဖြစ်ပြီး ဂီယာ ၅ ချက် ဖြစ်ပါတယ်။ 
ကနဦးပိုင်ရှင်က ယူကေမှာ နေထိုင်တဲ့  Mr. A. White  ဆိုသူဖြစ်ပြီး Aston Martin DB5  အသစ်ကျပ်ချွတ်ကို ၁၉၆၄ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ကုမ္ပဏီထံမှ ရယူခဲ့ပါတယ်။ ကားက ယူကေမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ 
မင်းသားကြီး ရှောင်ကွန်နရီက ဝယ်ယူတဲ့အခါ Aston Martin ကားအကြောင်း ကြေညက်တဲ့ Aston Martin specialist ဖြစ်သူ RS Williams ကနေ တစ်ဆင့် ဝယ်ယူခဲ့ပါတယ်။ ရှောင်ကွန်နရီ တစ်သက်တာမှာ ကိုယ်ပိုင်ကားအဖြစ် ဝယ်စီးခဲ့တာ Aston Martin DB5 တစ်စီးသာ ရှိပါတယ်။ 

ကားကို လေလံအောင်တဲ့သူက ပြိုင်ကားပြိုင်ပွဲ  F1 World Championship  မှာ ပြိုင်ကားမောင်းတဲ့ စတော့တလန်သား ဆာဘွဲ့ရ  Jackie Stewart က ကားမောင်းပေးပြီး လိုက်ပို့ပေးမှာ ဖြစ်ပါတယ်။ 

Aston Martin DB5  က ကားက ကြာပြီဖြစ်တဲ့ ဂန္တဝင်ကား ဖြစ်ပေမဲ့ အခြေအနေ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ မင်းသားကြီး ရှောင်ကွန်နရီက တစ်ပတ်ရစ်ကားဖြစ်တဲ့ Aston Martin DB5  ကို ဝယ်ယူပြီးတဲ့အခါ Aston Martin specialist ဖြစ်သူ RS Williams လက်ထဲ အပ်နှံပြီး ကားကို သ ခိုင်းခဲ့ပါတယ်။
စက်ပိုင်းဆိုင်ရာမှာ အသစ်လဲလှယ်တပ်ဆင်ခြင်းများ ပြုတဲ့အပြင် ကိုယ်ထည်ကိုလည်း ဆေးပြန်မှုတ်ပေးခဲ့ပါတယ်။ မင်းသားကြီး ရှောင်ကွန်နရီ လက်ထဲ ရောက်ပြီးတဲ့အခါ အခါအားလျော်စွာ လုပ်ကိုင်ပေးရတဲ့  ပြုပြင်ထိန်းသိမ်းမှုများ မပျက်မကွက် လုပ်ဆောင်ခဲ့တဲ့အပြင် RS Williams ကလည်း ကားကြံ့ခိုင်ရေးကို ပုံမှန် စစ်ဆေးပေးပါတယ်။ 

ဂန္ထဝင်မင်းသားကြီး ဆာရှောင်ကွန်နရီရဲ့ 1964 Aston Martin DB5  ဂန္ထဝင်ကား လေလံကိစ္စ အသေးစိတ်အချက်အလက်များနှင့် ဓာတ်ပုံများကို အောက်ပါ အပြာရောင်လင့်ကို တို့ထိပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။ 

1964 Aston Martin DB5 လေလံ

ဂန္ထဝင် Aston Martin  ကားအကြောင်း ရှင်းပြထားတဲ့ ဗီဒီယိုပါ

https://www.facebook.com/watch/356765711339741/1211066492968567/

Read 6176 times