ကားပျံ AirCar ပျံသန်းခွင့် လက်မှတ် ရရှိ


ကားပျံ AirCar ပျံသန်းခွင့် လက်မှတ် ရရှိ

စလိုဗက်ကီးယားနိုင်ငံ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ ဇန်နဝါရီ ၂၅ ရက်တွင် ပျံသန်းနိုင်သော ကားမော်ဒယ် AirCar ကို လေကြောင်းပျံသန်းမှုအတွက် အတည်ပြု ခွင့်ပြုသည့် လက်မှတ် ထုတ်ပေးလိုက်ပါတယ်။ 
ကားပျံ တီထွင်မှုကို စီးပွားဖြစ်ထုတ်လုပ်ခြင်းအတွက် ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

"AirCar  ပျံသန်းခွင့် အသိအမှတ်ပြုလက်မှတ်ရလိုက်တာဟာ ကားပျံတွေ အမြောက်အမြား ထုတ်လုပ်ဖို့ တံခါးပွင့်သွားတာ ဖြစ်ပါတယ်" လို့  ကားနှင့် လေယာဉ်ပျံ နှစ်မျိုးသုံးယာဉ်ကို ရှေ့ပြေးပုံစံ ဒီဇိုင်းထုတ်ပြီး ထုတ်လုပ်ခဲ့တဲ့ KleinVision ရဲ့ အမှုဆောင် အရာရှိချုပ် Mr Stefan Klein က ပြောကြားပါတယ်။


AirCar  မြို့နှစ်မြို့အကြား ပျံသန်းသွားလာမှုကို ပထမဆုံးအကြိမ် အဖြစ် ၂၀၂၁ ခုနှစ် ဇွန်လမှာ ပျံသန်းခဲ့ပါတယ်။
ကားပျံမှာ 1.6-litre BMW  အင်ဂျင်ကို အသုံးပြုထားပါတယ်။ လေထဲ ကြွတက် ပျံသန်းဖို့အတွက် ပြေးလမ်းအလျား ၃၀၀ မီတာ လိုအပ်ပါတယ်။ လေထဲ ပျံသန်းစဉ် အမြန်နှုန်းက တစ်နာရီ ကီလိုမီတာ ၁၇၀ ဖြစ်ပြီး ခရီးတာ ၁,၀၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်ပါတယ်။ 
ကားမှ လေယာဉ်ပျံအဖြစ် ပြောင်းလဲရန် အချိန် ၃ မိနစ်အတွင်း ပြီးစီးပါတယ်။ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် အလိုအလျောက်ပြောင်းလဲပေးပါတယ်။

လက်မှတ် မရခင် စမ်းသပ်ပျံသန်းမှုများ နာရီ ၇၀ လုပ်ဆောင်ခဲ့ပါတယ်။ မြေပြင်မှ ကြွတက်ပျံသန်းမှုနှင့် လေထဲမှ မြေပြင်သို့ ဆင်းသက်ခြင်း ကြိမ်ရေ ၂၀၀ ကျော် စမ်းသပ်ခဲ့ပါတယ်လို့ KleinVision က ပြောကြားပါတယ်။ 

 

Read 1667 times