စင်ကာပူ မလေးရှား   95 RON သရီးကွာတားစည်းကမ်း


စင်ကာပူ မလေးရှား   95 RON သရီးကွာတားစည်းကမ်း

ကိုဗစ်ကြောင့် စင်ကာပူ-မလေးရှား နယ်ခြားဂိတ်ကို ၂ နှစ်ဝန်းကျင် ပိတ်ထားရာမှ ၂၀၂၂ ဧပြီလ ၁ ရက်မှာ ပြန်ဖွင့်လိုက်တဲ့အခါ စင်ကာပူမှ ဝင်လာတဲ့ကားများက မလေးရှားမှာ ဓာတ်ဆီထည့်ကြလေ့ရှိပါတယ်။ မလေးရှားမှာ ဓာတ်ဆီဈေးနှုန်းက စင်ကာပူထက် အမြဲဈေးသက်သာလို့ မလေးရှားရောက်ရင် ကားထဲဓာတ်ဆီထည့်တာ အစဉ်အလာ တစ်ခု ဖြစ်ပါတယ်။

 

ဓာတ်ဆီထည့်ကြတာမှာ တချို့က ကားနောက်ပိုင်းကို မြှောက်၍ စောင်းထားရင်းထည့်ပါတယ်။ အဲဒီလို စောင်းထားရင် ဆီပိုဆန့်တယ်လို့ ယူဆလို့ ဖြစ်ပါတယ်။

 

တချို့ကတော့ တိုင်ကီထဲ လေခိုနေတာကို အပြင်ထွက်သွားအောင် ကားကို လှုပ်ပြီးထည့်ပါတယ်။ 

အခုလို ဆီထည့်ကြတာတဲ့ပုံတွေ Facebook ပေါ် တက်လာပါတယ်။ စင်ကာပူနယ်စပ်မှာ တည်ရှိတဲ့ဂျိုဟိုးဘာရူးမြို့မှာ အခုလို မြင်ကွင်းကို မမြင်ရတာ ၂ နှစ်ကြာခဲ့ပါပြီ။ နယ်ခြားပြန်ဖွင့်လိုက်တဲ့နေ့မှာပဲ စတွေ့ကြရပါတယ်။ 

အခုလို ဆီဖြည့်ကြတာမှာ 95 RON ကို မလေးရှားမှာ မော်တော်ယာဉ် မှတ်ပုံတင်ထားတဲ့ ကားမဟုတ်ရင် ဆီထည့်ခွင့် မရှိပါဘူး။ 
စက်သုံးဆီအရောင်းဆိုင်တွေမှာ နော်ဇယ်အဝါရောင်က 95 RON အတွက် ဖြစ်ပါတယ်။

 

 


Facebook ပေါ် တက်လာတဲ့ ပုံတွေထဲမှာ ဆီပိုက်ခေါင်း အဝါရောင်ဖြင့် ဆီထည့်နေတဲ့ စင်ကာပူကားနံပါတ်ပြား ကားတွေ ပါနေတဲ့အတွက် ထိထိရောက်ရောက်အရေးယူမယ်လို့ ဂျိုဟိုးဘာရူးမှ အာဏာပိုင်တို့က ကြေညာပါတယ်။

‌မလေးရှား ပြည်တွင်းကုန်သွယ်မှုနှင့် စားသုံးသူရေးရာဝန်ကြီးဌာနကလည်း Ron95 ကို ဈေးသက်သာအောင် အစိုးရက အကုန်အကျခံ ငွေစိုက်ထုတ်ပြီး ဈေးချပေးထားတာ ဖြစ်တဲ့အတွက် ပြည်ပမှာ မော်တော်ယာဉ်မှတ်ပုံတင်ထားတဲ့ကားတွေ Ron95 ဆီဖြည့်ကြတာ ရပ်တန်းကရပ်ဖို့ သတိပေးပြောကြားခဲ့တယ်လို့ New Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

စက်သုံးဆီ အရောင်းဆိုင် အားလုံးမှာ ပိုမိုပြင်းထန်တဲ့ စောင့်ကြည့်မှုများ ထားရှိသွားမယ်လို့ ၎င်းဝန်ကြီးဌာနရဲ့ ဝန်ကြီး Datuk Seri Alexander Nanta Linggi က ဧပြီလ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြည်ပမှာ မော်တော်ယာဉ်မှတ်ပုံတင်ထားတဲ့ကားကို Ron95 ဓာတ်ဆီရောင်းချတဲ့အမှုက လူပုဂ္ဂိုလ် ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ရင်းဂစ် တစ်သန်းအထိ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ၎င်းပြစ်ဒဏ် ၂ ရပ်စလုံး စီရင်ချက် ချနိုင်ပါတယ်။
ရင်းဂစ်တစ်သန်းက စင်ကာပူဒေါ်လာ ၃၂၁,၀၀၀ နဲ့ညီမျှပါတယ်။
 လုပ်ငန်းဆိုရင်  ဒဏ်ငွေ ရင်းဂစ် နှစ်သန်းအထိ စီရင်ချက် ချနိုင်ပါတယ်။

Ron95 ဓာတ်ဆီက မလေးရှား နိုင်ငံသားများအတွက် အစိုးရက ဈေးသက်သာအောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

Ron95 တစ်လီတာ စင်ကာပူဒေါ်လာ ၀.၆၅ ဖြင့် လည်းကောင်း၊ Ron97 တစ်လီတာ စင်ကာပူဒေါ်လာ ၁.၂၅ ဖြင့် လည်းကောင်း ရောင်းချပေးပါတယ်။ Ron97 ဓာတ်ဆီကို အစိုးရက ဈေးသက်သာအောင် ထောက်ပံ့ပေးထားခြင်း မရှိလို့ ပြည်ပမှာ မော်တော်ယာဉ်မှတ်ပုံတင်ထားတဲ့ကားတွေ ဝယ်ထည့်ခွင့် ပေးထားပါတယ်။
စင်ကာပူမှကားတွေ Ron95 ထည့်ခွင့်မရှိတဲ့ ဥပဒေကို ၂၀၁၀ ဩဂုတ်လမှာ စတင်သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

မလေးရှား ဓာတ်ဆီရောင်းချသူများအသင်း Petrol Dealers Association of Malaysia ဥက္ကဋ္ဌ   Khairul Annuar Abdul Aziz က ဓာတ်ဆီဆိုင်တွေမှာ ဆီလာထည့်သမျှကားတွေကို အချိန်ပြည့်စောင့်ကြည့်ပေးဖို့ဆိုတာ လက်တွေ့မကျဘူးလို့ ပြောကြားပါတယ်။ ဓာတ်ဆီဆိုင်တွေမှာ ဆီထည့်ဖို့ ဝန်ထမ်း မထားကြဘဲ ယာဉ်မောင်း ကိုယ်တိုင် ပိုက်ယူပြီးဆီထည့်ရတဲ့စနစ်ကို ကျင့်သုံးတာကြောင့် ဆိုင်တိုင်းမှာ  အလှည့်ကျ တာဝန်ချပြီး နေ့နေ့ညည စောင့်ကြည့်ဖို့ ဝန်ထမ်းတွေ ခန့်ထားဖို့ မတတ်နိုင်ကြောင်း ပြောကြားပါတယ်။ 


အကောက်ခွန်အက်ဥပဒေ ၁၉၆၀  Customs Act 1960 အရ စင်ကာပူ မော်တော်ယာဉ် မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်များအားလုံး စင်ကာပူမှ မလေးရှားသို့ ဝင်ရန်အတွက် မလေးရှား-စင်ကာပူနယ်စပ် စစ်ဆေးရေးဂိတ်သို့ ရောက်ရှိတဲ့အခါ ဆီတိုင်ကီမှာ အနည်းဆုံး ဆီအပြည့်ပမာဏရဲ့ လေးပုံ သုံးပုံ ဆီရှိရပါမယ်။ လေးပုံသုံးပုံ မရှိရင် ဝင်ခွင့်မပြုဘဲ ဂငယ်‌ေကွ့ ကွေ့ပြီး နောက်ပြန်လှည့်ခိုင်းနိုင်ပါတယ်။ ဒဏ်ရိုက်လို့လည်းရပါတယ်။ စင်ကာပူ အကောက်ခွန်က  ဒဏ်ကြေး စင်ကာပူဒေါ်လာ ၅၀၀ အထိ ချမှတ် နိုင်ပါတယ်။ ပေးဆောင်ဖို့ ပျက်ကွက်ရင် အမှုဖွင့်ပြီး တရားရုံးကို တင်ပါလိမ့်မယ်။ 

 လေးပုံသုံးပုံ သတ်မှတ်ချက်ကို အကြောင်းပြုပြီး သရီးကွာတာစည်းကမ်း  ‘three-quarter tank rule’ လို့အမည်တွင်ပါတယ်။
ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စီအင်ဂျီ အကုန်လုံး အကျုံးဝင်ပါတယ်။ 
ဟိုင်းဘရစ် ကားတွေလည်း အကျုံးဝင်ပါတယ်။ ဓာတ်ဆီဖြစ်ဖြစ်၊ စီအင်ဂျီ ဖြစ်ဖြစ် အနည်းဆုံး အနေဖြင့် တိုင်ကီရဲ့ လေးပုံသုံးပုံ ပြည့်နေဖို့ လိုပါတယ်။ 
 သရီးကွာတား စည်းကမ်းချက်ကို ကားလမ်းဘေးမှာ ဆိုင်းဘုတ်ထောင်ပြီး သတိပေးထားပါတယ်။

 


 

Read 1140 times