နယူးယောက်ကားပြပွဲမှ အလန်းစားကားများ
ကိုဗစ်ကြောင့် ၂ နှစ်တိုင်တိုင် ရပ်ဆိုင်းထားခဲ့ပြီး ယခုနှစ်မှာ ပြန်လည်ပြသဖြစ်တဲ့ နယူးယောက် ကားပြပွဲ New York International Auto Show 2022 ကို ၂၀၂၂ ဧပြီလ ၁၅ ရက်မှ ၂၂ ရက်အထိ ခင်းကျင်းပြသပါတယ်။
စိတ်ဝင်စားစရာ လျှပ်စစ်ကား မော်ဒယ်များ ပြသထားပြီး မော်ဒယ်အချို့က များမကြာခင် ဈေးကွက်ထဲ မောင်းဝင်လာတော့မှာ ဖြစ်ပြီး အချို့မော်ဒယ်တွေကတော့ စိတ်ကူးစိတ်သန်းတွေကို ရုပ်လုံးဖော်ပြထားတဲ့ အဆင့် ဖြစ်ပါတယ်။ Chevy ရဲ့ လျှပ်စစ်ပစ်ကပ်၊ VW ရဲ့ မီနီဗင်၊ မြင်းကောင်ရေ ၂,၂၀၀ ရှိတဲ့ စူပါကား စသဖြင့် မျိုးစုံလင်ပါတယ်။
Chevrolet
Chevrolet က လျှပ်စစ် Silverado ပစ်ကပ်ကို ပွဲထုတ်ထားတယ်။ လာမယ့်နှစ် ၂၀၂၃ မှာ ဈေးကွက်ထဲ ရောက်ရှိလာမှာ ဖြစ်ပြီး အနည်းဆုံး ဈေးနှုန်းက $39,900 လို့ ဆိုပါတယ်။
cab ထဲမှ နောက်ထိုင်ခုံ ရှေ့ချိုးချ၊ နောက်အပိတ်ကို ကြိုးချိတ်ပြီးဖွင့်ထားရင် အလျား ၁၁ ရှိတဲ့အထိ ရှည်ရှည်လျားလျား ကြမ်းပြင်ကို ရရှိနိုင်ပါတယ်။
Kia
Kia က နယူးယောက် ကားပြပွဲမှာ နောက်နှစ် ၂၀၂၃ ကျရင် အမေရိကန်ဈေးကွက်ထဲ စတင်ရောင်းချမယ့် EV9 ကို ပြသထားပါတယ်။ SUV အကြီးစား ဖြစ်ပြီး ဘက်ထရီ အားအပြည့်ဆိုရင် ခရီးတာ မိုင် ၃၀၀ အထိ သွားနိုင်ပါတယ်။
တံခါးမှာ လက်ကိုင်မထားတော့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ရှေ့တံခါးနှင့် နောက်တံခါးကြား ဘောင်ပျောက် ဖြစ်ပါတယ်။
Deus
ဩစတီးယားမှ Deus က လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းသစ် ဖြစ်ပြီး အဦးဆုံး မော်ဒယ် Vayanne ကို ပြသထားတယ်။
၉၉ စီးသာ ရောင်းချမှာ ဖြစ်ပြီး ၂၀၂၅ မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ မြင်းကောင်ရေ ၂,၂၀၀ ရှိပြီး ရုန်းအား ၁,၄၇၅ ပေါင်-ပေ ရှိပါတယ်။ တစ်နာရီ ၂၄၈ မိုင်အထိ မြန်ပြီး သုညမှ တစ်နာရီ မိုင် ၆၀ ကို ၂ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။
Indi
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ၂၀၁၇ မှာ စတင်ထူထောင်တဲ့ Indi က နယူးယောက် ကားပြပွဲမှာ ပွဲဦးထွက် SUV ဖြစ်တဲ့ Indi One ကို ပြသထားပြီး ကြိုတင်အမှာစာ စတင်လက်ခံပါတယ်။ ရောင်းဈေးက အနည်းဆုံးဈေး 45,000 ဖြစ်ပါတယ်။
ကားရဲ့ ထူးြခားချက်က သွားရင်း လာရင်း ကားပေါ်မှာ အလုပ်လုပ်ဖို့ ကွန်ပျူတာ ထည့်ပေးထားတာ ဖြစ်ပါတယ်။ အိမ်သုံးကွန်ပျူတာ ကားမှာ ထည့်ပေးထားလို့ ဂိမ်းကစားလို့ရတယ်။ ဗီဒီယိုကောလ် ခေါ်လို့ရတယ်။ ဆိုရှယ်မီဒီယာ သုံးလို့ရတယ်။ ပုံမှန်လက်ပ်တော့တစ်လုံး လုပ်ကိုင်လို့ ရတာတွေကို ကားမှာ ထည့်ပေးထားတဲ့ ကွန်ပျူတာဖြင့် လုပ်ကိုင်နိုင်ပါတယ်။
Vinfast
အမေရိကန် အီးဗီဈေးကွက်ထဲ ယခုနှစ်မှာ စတင်ဝင်ရောက်လာတဲ့ Vinfast က ဗီယက်နမ်မှ ကားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ပြီး အီးဗီမော်ဒယ်
VF8 နှင့် VF9 တို့ကို ပြသထားပါတယ်။
VF8 က အရွယ်အစား အလယ်အလတ် SUV ဖြစ်ပြီး VF9 က အကြီးစား SUV ဖြစ်ပါတယ်။ ကားဖိုး သက်သာအောင် ဘက်ထရီကို လစဉ်ကြေးဖြင့် ငှားရမ်းသုံးစွဲနိုင်မယ့် အစီအစဉ်ကို စီစဉ်ပေးထားပါတယ်။ ဘက်ထရီတွေက အားသွင်းဖန်များလာရင် အသစ်ကျပ်ချွတ်တုန်းက သိုလှောင်စွမ်းရည်အတိုင်း ရာနှုန်းပြည့် မဖြစ်တော့ဘဲ သိုလှောင်စွမ်းရည် ကျဆင်းပါတယ်။ ၇၀% ဖြစ်လာချိန်မှာ အသစ်လဲပေးမယ်လို့ အာမခံချက် ပေးထားပါတယ်။
Volkswagen
ဂျာမန်ကားလုပ်ငန်း VW က ဥရောပမော်ဒယ် ID.Buzz ကို ပြသထားပါတယ်။ အမေရိကန်ဈေးကွက်အတွက် အစောဆုံးအနေဖြင့် ၂၀၂၄ ကျမှ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး ဥရောပမော်ဒယ်ထက် အလျားပိုရှည်မယ်လို့ ဆိုပါတယ်။
Toyota
2023 GR Corolla မော်ဒယ်ကို Toyota က ပြသထားပါတယ်။ ၄ ဘီးယက်မော်ဒယ်ဖြစ်ပြီး မူကွဲ ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
2023 GR Corolla နှင့် 2023 GR Corolla Circuit Edition တို့ ဖြစ်ပါတယ်။
GR Corolla Circuit Edition ကို အရေအတွက် ကန့်သတ်ထုတ်လုပ်မှာ ဖြစ်ပြီး အမှာစာ ပေးထားတဲ့ ဝယ်ယူသူများထံ ၂၀၂၃ မှာ စတင်ပေးပို့ပါမယ်။