စက်သံမကြားရတဲ့ 2022 GMC Hummer EV Edition စတင်ထုတ်လုပ်ပေးပို့


စက်သံမကြားရတဲ့ 2022 GMC Hummer EV Edition စတင်ထုတ်လုပ်ပေးပို့

လျှပ်စစ်မော်တော်ယာဉ် ဖြစ်သော Hummer EV Edition 1 ပစ်ကပ်ထရပ်များကို ၎င်း၏ Factory Zero စက်ရုံမှ ထုတ်လုပ်ပြီး အမှာစာ မှာကြားထားသူများထံ စတင်ပေးပို့လျက် ရှိကြောင်း GMC  က  ဒီဇင်ဘာလ ၁၇ ရက်က အထည်ပြုပြောကြားသည်။ 

သတင်းထုတ်ပြန်ချက်တွင် မူလက လျာထားသည့်အတိုင်း ယခုနှစ်ကုန်တွင် စတင်ထုတ်လုပ်ပေးပို့ရန် လျာထားချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ 

 

အဦးဆုံးကား ဒေါ်လာ ၂.၅ သန်း ရရှိ

အဦးဆုံး ထုတ်လုပ်သော Hummer EV  ဖြစ်သည့် နံပါတ်စဉ် VIN 001 ကို Barrett-Jackson က ကြိုတင်မှာယူခဲ့ပြီးနောက် ပထမဆုံး ထုတ်လုပ်သော Hummer EV အဖြစ် လေလံတင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၂.၅ သန်း ဖြင့် လေလံအောင်ခဲ့သည်။  ရရှိသည့် အမြတ်ကို ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်ပြန်များ  တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများအတွက် လိုအပ်ပါက အိုးအိမ်ပေးအပ်ရန် ထူထောင်ထားသော Tunnel to Towers Foundation သို့ လှူဒါန်းမည် ဖြစ်သည်။ 

 

2022 GMC Hummer EV မော်ဒယ်များ
လျှပ်စစ်မော်တော်ယာဉ် 2022 GMC Hummer EV Edition 1 သည် ပါဝါ 1,000 hp နှင့် ရုန်းအား' 1,200 lb-ft ရှိသည်။ စုစုပေါင်း မော်တာ ၃ လုံး သုံးစွဲထားသည်။ ယာဉ်အလေးချိန် ပေါင် ၉,၀၀၀ ကျော် လေးလံနေသော်လည်း သုညမှ တစ်နာရီ မိုင် ၆၀ အမြန်နှုန်းသို့ ရောက်အောင် ၃ စက္ကန့်ဖြင့် အရှိန်တက်နိုင်စွမ်း ရှိသည်။ 

ကဏန်းလျှောက် CrabWalk လုပ်နိုင်သော လေးဘီးယက်စနစ် ပါသည်။ suspension တွင် လေအိတ်ပါပြီး ယာဉ်ဝမ်းဗိုက်အမြင့်ကို လေအိတ်များက ကစားပေးသည်။  လမ်းကြမ်းတွင် ဗိုက်မလွတ်ပါက Extract Mode တွင် ဝမ်းဗိုက်အမြင့် ၁၅.၉ လက်မအထိ မြင့်အောင် မြှင့်တင်ပေးထားနိုင်သည်။  အဝေးပြေးလမ်းတွင် လက်လွတ်မောင်းနိုင်ရန် စူပါခရုစ် လက်လွှတ် ယာဉ်မောင်းထောက်ကူစနစ် Super Cruise hands-free driver-assist system ပါသည်။  သွားနိုင်သော ခရီးတာမှာ ၃၂၉ မိုင် ဖြစ်သည်။ 

 

စက်ရုံထုတ် ရောင်းဈေးသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၂,၅၉၅ ဖြင့် စတင်သည်။ နောက်ှနှစ်တွင် GMC က EV3X ဗားရှင်း ထုတ်လုပ်ရန် အစီအစဉ် ရှိသည်။ ရောင်းဈေးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၉၉,၉၉၅ ဖြင့် စတင်သည်။ ထို့ကားထက် ဈေးသက်သာသော  EV2X နှင့်  EV2 မော်ဒယ်များကိုလည်း ထုတ်လုပ်ရန် အစီအစဉ် ရှိသည်။ EV2X ကို ၂၀၂၃ တွင် စတင်ထုတ်လုပ် ပေးပို့မည်ဖြစ်ပြီး အခြေခံဈေးနှုန်း အမေရိကန်ဒေါ်လာ ၈၉,၉၉၅ ဖြင့် ဈေးဖွင့်ထားသည်။  နောက်ထပ်တစ်နှစ်အကြာ ၂၀၂၄ တွင် EV2  ကို ထုတ်လုပ်မည် ဖြစ်သည်။ အခြေခံဈေးနှုန်း အမေရိကန်ဒေါ်လာ ၇၉,၉၉၅ ဖြင့် ဈေးဖွင့်ထားသည်။
၂၀၁၃ တွင်  Hummer EV SUV ကိုလည်း ထုတ်လုပ်မည်ဟု ကြေညာထားသော်လည်း  ဈေးနှုန်း မကြေညာသေးပေ။

Read 18480 times