ပြိုင်ပွဲဝင်ကားတစ်စီး၏ စွမ်းဆောင်ရည်မျိုး ရရှိစေပါသည့် 2017 Lamborghini Aventador LP 740-4 S


နာမည်ကျော်စူပါပြိုင်ကားကုမ္ပဏီ Lamborghini သည် Aventador ပြိုင်ကားကို ကုမ္ပဏီ၏ ထိပ်တန်း စူပါပြိုင် ကားမိုဒယ်အဖြစ် ၂ဝ၁၁ ခုနှစ်၊ အစောပိုင်းကတည်းက တည်ဆောက်ထုတ်လုပ်ခဲ့ပါသည်။

နောက်ပိုင်းတွင် အမိုးဖွင့်ပုံစံ Roadster ဗားရှင်းနှင့် စွမ်းဆောင်ရည်မြင့် ဗားရှင်း SuperVeloce များကဲ့သို့ အထူးထုတ်ဗားရှင်းများ ထပ်တိုးဖန်တီးခဲ့ပါသည်။ ၂ဝ၁၆ ခုနှစ် နှောင်းပိုင်းမှာလည်း Aventador S အမည်နှင့် ဗားရှင်းသစ် တစ်ခု ထပ်တိုးမွမ်းမံထုတ်လုပ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က တရားဝင်ပွဲထုတ်ပြသခဲ့ပါသည်။ ၂ဝ၁၆ ခုနှစ် အစောပိုင်းကတည်းက အများသုံးလမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်သော Aventador S သည် ထင်သာမြင်သာသော အပြောင်းအလဲအများကြီး မရှိဘဲ ခပ်ပါးပါးလေး မွမ်းမံထားခြင်းဖြစ်ပါသည်။ ကုမ္ပဏီ၏ အဆိုအရ လေခွင်းအားနှင့် အောက်ခံထည်ပိုင်းကို အပြည့်အဝမွမ်းမံထားသည်ဟုဆိုပြီး စွမ်းအားပိုပြည့်ဝခြင်းကြောင့် ကုမ္ပဏီထုတ် စွမ်းဆောင်ရည်အမိုက်စား SuperVeloce ပြိုင်ကားနှင့် ပိုနီးစပ်ပါသည်။

Lamborghini ကုမ္ပဏီ ဥက္ကဋ္ဌကိုယ်တိုင်က Aventador S သည် စူပါပြိုင်ကားများ ဖန်တီးထုတ်လုပ်ရာတွင် စွမ်းဆောင်ရည်နှင့် နည်းပညာသစ်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုကို အကောင်းဆုံး ဖော်ကျူးပြသနေသော Aventador မျိုးဆက်သစ်မိုဒယ်ဖြစ်ကြောင်း ပြောခဲ့သလို အနာဂတ်၏ရှေ့ပြေးဒီဇိုင်း၊ ခေတ်သစ်နည်းပညာနှင့် မောင်းနှင်မှုစွမ်းအားတို့ လိုက်ဖက်ညီစွာ သဟဇာတ ဖြစ်နေသော Aventador S သည် စူပါပြိုင်ကားများ၏ Concept ပုံစံကို အဆင့်သစ်တစ်ခုဆီ တွန်းပို့ပေးနေခြင်းဟုလည်း ဆိုပါသည်။ အဆင့်မြင့်စူပါပြိုင်ကားဈေး ကွက်တွင် 2017 Lamborghini Aventador LP 740-4 S နှင့် အနီးစပ်ဆုံးပြိုင်ဘက်ဟု ဆိုနိုင်ခြင်းမှာ Ferrari F12berlinetta ဖြစ်ပါသည်။

တံခါးနှစ်ပေါက်နှင့် စူပါပြိုင်ကားမိုဒယ်သစ် Aventador S ကို အဝေးကကြည့်လျှင် ယခင်မိုဒယ်နှင့် တူသယောက်ရှိသော်လည်း နီးနီးကပ်ကပ် ကြည့်မည်ဆိုလျှင် ဒီဇိုင်းအပြင်အဆင်သစ်များကို တွေ့မြင်နိုင်ပါသည်။

ကားရှေ့မျက်နှာစာမှာ ပိုခံ့ညားထည်ဝါသော အရှေ့ အလယ်ပိုင်းဧရိယာနှင့် သိသိသာသာ ဒီဇိုင်းမွမ်းမံ ပြောင်းလဲထားသော ကားရှေ့ဘမ်ပါတို့က အထင်ရှားဆုံးဖြစ်ပြီး ကားအရှေ့ဘက်စွန်း၏ အလယ်ပိုင်းမှာ ယခင်လို ကိုယ်ထည်အရောင်အတိုင်း ဖန်တီးထားသော သတ္တုပြား မဟုတ်တော့ဘဲ Front Spiltter နှင့် အရွယ်အစားသေးငယ်သော ဘေးဘက်လေစုပ်ပေါက်များ၏ ဝန်းကျင်ကို အနက်ရောင်ဖန်တီးထားပါသည့်အပြင် Spiltter သည်လည်း ယခင်ထက် ပိုရှည်လျားပြီး ဘမ်ပါ၏ ဘေးစွန်း နှစ်ဖက်အထိ ချဲ့ကားထားပါသည်။ ထိုကဲ့သို့ မွမ်းမံမှုက လေစီးဆင်းမှုကို ပိုချောမွေ့စေခြင်းကြောင့် လေခွင်းအား ပိုကောင်းစေရုံတင်မကဘဲ အင်ဂျင်၏ အေးမြမှုကို လည်း ပိုတိုးစေပါသည်။

ကားဘေးဘက်ဒီဇိုင်းမှာ ထူးထူးခြားခြား အပြောင်းအလဲမရှိသော်လည်း Lamborghini ထုတ် ခေတ်ဟောင်းကားမိုဒယ် Countach ၏ ပုံစံကို ခပ်ပါးပါးမှီငြမ်းထားသော ကားနောက်ဘီးခုံးဒီဇိုင်းသစ်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ကားနောက်ဘီခုံး၏ ထိပ်ပိုင်းသည် လေးထောင့်စပ်စပ်ပုံစံရှိပြီး ဘီးခုံးကောက်ကြောင်းများမှာ ကားဘေးဘက် Side Skirt များဆီ အချိုး ကျကျ သွယ်ဝိုက်ဆင်းသက်လာပါသည်။

အသိသာအထင်ရှားဆုံး အပြောင်းအလဲများကို ကားနောက်ပိုင်းတွင် တွေ့မြင်နိုင်ပြီး ကားနောက်မီးများ၏ အောက်ဘက်မှာ အထူးခြားဆုံးဖြစ်ပါသည်။ ကားနောက်မီးနှစ်ခုကြား ဧရိယာကိုလည်း ယခင်လိုကိုယ်ထည်အရောင်အတိုင်း မဟုတ်ဘဲ အနက်ရောင်သာ ဖန်တီးထားပြီး ဘေးဘက် လေစုပ်ပေါက်များက ပိုပြီး သွယ်လျပါသည်။ လေစုပ် ပေါက်တွေ ပိုသေးသွားခြင်းကြောင့် ဘမ်ပါသည် ဘေး ဘက်အထိ ပိုရှည်လာပြီး ကားကိုလည်း ပိုပြီးတောင့် တင်းကြံ့ခိုင်သော ရုပ်ထွက်မျိုးပိုင်ဆိုင်စေပါသည်။

ဘမ်ပါအောက်ဘက်တွင် ဒီဇိုင်းဆန်းအိပ်ဇောပိုက်၏ ဘေးတစ်ဖက်စီတွင် ငါးဆူးတောင်ပုံ သတ္တုပြားများ ပါဝင်သော ပြိုင်ပွဲဝင်ကားဆန်ဆန် Diffuser ခပ်ကြီးကြီး ပါဝင်ပါသည်။ ထို Diffuser ဒီဇိုင်းသစ်သည် ကားကိုယ်ထည်တရွတ်ဆွဲမှုမှလည်း လျော့နည်းစေပါသည်။ လေခွင်းအားပိုင်းကို ပြောရမည်ဆိုလျှင် ကားအနောက်ဘက် လေပင့်အားထိန်းတောင်ပံအရှင်သည် ကား၏အမြန်နှုန်းနှင့် မောင်းနှင်မှုပုံစံအပေါ်မူတည်ပြီး အနေအထားသုံးမျိုး ပြောင်းလဲနိုင်ပါသည့်အပြင် အသစ်မွမ်းမံထားသော Aventador S တွင် ကိုယ်ထည်အရှေ့ဘက်မြေဝပ်အားကိုလည်း အရင်ထက် ၁၃ဝ ရာခိုင်နှုန်း ပိုတိုးလာအောင် ဖန်တီးထားပါသည်။

အင်ဂျင်နှင့် စက်ပိုင်းဆိုင်ရာကိုလည်း ထပ်တိုး အဆင့်မြှင့်တင်ထားသော Aventador LP 740-4 S ပြိုင်ကားသစ်တွင် နာမည်နှင့်လိုက်ဖက်ညီအောင် မြင်းကောင်ရေ ရ၃ဝ အား 6.5 Liter V12 အင်ဂျင်ကို ISR (Independent Shifting Rod) ဂီယာခုနစ်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။ ထိုနှုန်းထားအရ Aventador S သည် ယခင်ထက် မြင်းကောင်ရေအား လေးဆယ်ပိုများပြီး စွမ်းဆောင်ရည်မြင့် Aventador SV ပြိုင်ကားနှင့် ယှဉ်ရင်တောင် မြင်းကောင်ရေကိုး ကောင်အားပဲ ပိုနည်းပါသည်။ ထိုကဲ့သို့ စွမ်းအင်ပိုများ လာရသည့် အဓိကအကြောင်းရင်းမှာ VVT (Variable Valve Timing) နှင့် VIS(Variable Intake System) တို့ကဲ့သို့ နည်းစနစ်များကြောင့်ဟု ဆိုနိုင်ပါသည်။ ကား၏ အမြင့်ဆုံးမောင်းနှင်နိုင်သော အမြန်နှုန်းသည် တစ်နာရီကို ၂၁၇ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၉ စက္ကန့်အတွင်းမှာ သုညမိုင်မှ တစ်နာရီ မိုင်ခြောက် ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ခြင်းကြောင့် ယခင်နှင့် နှုန်းထားချင်း သိပ်မကွာခြားလှပေ။

ကား အိပ်ဇောစနစ်သစ်ကလည်း ယခင်ထက် ၂ဝ ရာခိုင်နှုန်း ပိုပေါ့ပါးသလို အင်ဂျင်သံကိုလည်း ပိုကောင်းစေပြီး ကားဘီးမချော်အောင် ထိန်းချုပ်မောင်းနှင်စေနိုင်မည့် Traction Control နှင့် ကား၏ မောင်းနှင်နိုင်စွမ်းကို လည်း ပိုတိုးလာစေပါသည်။ နောက်ထပ်ထူးခြားချက် တစ်ခုမှာ ကား၏ မောင်းနှင်မှုပုံစံ (Driving Mode) မှာ ယခင်လို Strada၊ Sport နှင့် Corsa တို့နှင့်အတူ Ego Mode လည်း ထပ်တိုးပါဝင်လာပါသည်။ Strada Mode

က နေ့စဉ်အသုံးပြုရန်အတွက် အထူးဇိမ်ကျသက်သာမှုကို ရရှိစေပြီး Sport Mode က နောက်ဘီးယက်စနစ်သုံးခံစားမှုမျိုးနှင့် ပြိုင်ကားဆန် ဆန်ခံစားမှုကို ရရှိစေသကဲ့သို့Corsa မှာ တကယ့် ပြိုင်ပွဲဝင်ကားတစ်စီး၏ စွမ်းဆောင်ရည်မျိုး ရရှိစေပါသည်။ Ego Mode မှာ အင်ဂျင်၊ ဂီယာ၊ စတီယာရင်နှင့် ဆိုင်းထိန်းစနစ်ကို ကားမောင်းသူ၏ သဘော ဆန္ဒအတိုင်း ဖန်တီးမောင်းနှင်နိုင်ပါသည်။

အသစ်မွမ်းမံ ထားသော2017 Lamborghini Aventador LP 740-4 S ၏ ဈေးကို အမေရိကန်ဒေါ်လာ ၄၂၁,၃၅ဝ နှင့်အထက် သတ်မှတ်ပေးထားခြင်းကြောင့် ယခင်ထက် ဒေါ်လာနှစ်သောင်းနီးပါး ဈေးပိုကြီးပါသည်။

Read 369 times