ဘက်ထရီဖိုး မကျေနပ်လို့ 2013 Tesla Model S ဖောက်ခွဲဖျက်ဆီး


ဘက်ထရီဖိုး မကျေနပ်လို့ 2013 Tesla Model S ဖောက်ခွဲဖျက်ဆီး

ဖင်လန်မှာ နေထိုင်သူ 2013 Tesla Model S ကားပိုင်ရှင် Tuomas Katainen က ဘက်ထရီ အသစ်လဲရတဲ့ ကုန်ကျစရိတ် များလွန်းလို့ မကျေမနပ်ဖြစ်ပြီး သူ့ကားကုိ ဒိုင်းနမိုက် ကီလို ၃၀ သုံးပြီး ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ အဖြစ်အပျက်ကို ဗီဒီယို မှတ်တမ်းတင်ပြီး ဇာတ်လမ်းတို တည်းဖြတ်ကာ အင်တာနက်မှာ တင်ပြခဲ့ပါတယ်။ YouTube မှာ တစ်ရက်အတွင်း ကြည့်ရှုကြိမ်‌ေရ ၁၇၀,၀၀၀ ကျော်သွားပါတယ်။

သူက Tesla Model S ကို ဝယ်စီးခဲ့တာ ကျေနပ်စရာ အတွေ့အကြုံကို ရခဲ့ပါတယ်။ နောက်တော့ ကားရဲ့ ကွန်ပျူတာ ဗွေဖောက်တဲ့ error codes ပြဿနာတက်လို့ ကားကို ကရိန်းကားနဲ့ ဆွဲယူပြီး Tesla service center ဝပ်ရှော့မှာ ပြသခဲ့ရပါတယ်။

တစ်လအကြာမှာ Tesla service center က ကားပိုင်ရှင်ထံ အကြောင်းကြားတယ်။ ကားကို ဘက်ထရီအသစ်မလဲဘဲ ပြင်ဖို့ မဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဘက်ထရီအသစ်လဲခက ယူရို ၂၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၂၂,၄၈၀) ကုန်ကျမယ်လို့ ပြောပါတယ်။ ကားက သက်တမ်း ၈ နှစ် ရှိပြီဖြစ်လို့ အာမခံ warranty မရှိတော့ပါဘူး။ ကားအုံနာကသာ အကုန်အကျခံရမှာ ဖြစ်ပါတယ်။
Tesla ကားကို Tesla ရဲ့ service center မှာပဲ ပြင်လို့ရပါတယ်။ တခြားဝပ်ရှော့မှာ ပြင်လို့မရတာကြောင့် တခြား ဈေးသက်သာတဲ့ဆီ သွားပြပြီး ပြင်ဖို့ မဖြစ်နိုင်ပါဘူး။
Tesla-repair specialists တွေ ရှိပေမဲ့လည်း ပစ္စည်းရဖို့ မလွယ်ပါဘူး။ Tesla-repair specialists တစ်ဦးဖြစ်သူ Rich Rebuilds က ကားမှာ အင်ဂျင်ထိုင်ပြီး ဓာတ်ဆီအင်ဂျင်ကား အဖြစ် ပြောင်းလဲခဲ့ဖူးပါတယ်။

2013 Tesla Model S ကားပိုင်ရှင်က ကားကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မှတ်တမ်းတင် ရိုက်ကူးရေး အစီအစဉ်နဲ့အတူ ဖောက်ခွဲမှုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှ Elon Musk ရုပ်တူအရုပ်ကို ပစ်ချပေးပြီး အရုပ်ကို ဖောက်ခွဲမယ့်ကားထဲ အရင်ထည့်ပြီးမှ ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။

 

Read 10656 times