Tips



Engine Oil Check Light ဘာလို့လင်းတာလဲ?

Engine Oil Check Light ဘာလို့လင်းတာလဲ? google

ယေဘုယျအားဖြင့် အင်ဂျင်ဝိုင်ချက်မီးလင်းလာတယ်ဆိုတာ ချောဆီစနစ်ဖြစ်တဲ့ (Lubrication System) တစ်ခုခုချို့ယွင်းလို့ပါပဲ။

 

အင်ဂျင်အတွင်းပိုင်းက သံ၊ သတ္တုစတဲ့ အစိတ်အပိုင်းတွေဆီ လုံလောက်တဲ့ အင်ဂျင်ဝိုင်တွေ ချောဆီတွေ မရောက်လို့ ချက်မီးလင်းလာတယ်ဆိုပြီး ယေဘူယျ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ (Engine Oil Check Light မှိတ်တုတ် မှိတ်တုတ် မီးခုန်နေတာကလည်း ဒီနေရာမှာ အကျုံးဝင်ပါတယ်)

 

Engine Oil Level လျော့တာ၊ Engine Oil မရှိတာ

Engine Oil Check မီးလင်းစေတဲ့ အကြောင်းရင်းတွေ အများကြီးထဲကမှ အဖြစ်များဆုံးနဲ့ အင်ဂျင်အတွက် အန္တရာယ်ရှိဆုံးပြဿနာက အင်ဂျင်ဝိုင် Level လျော့တာပါ။ ဒါမှမဟုတ် အင်ဂျင်ဝိုင်မရှိတာမျိုးပါ။ ဆီရေလေဝိုင် အစရှိတဲ့ အခြေခံအချက်လက်တွေကို မတိုင်းတာဘဲ မောင်းတဲ့သူတွေအနေနဲ့ အင်ဂျင်ဝိုင် လျော့တာ၊ ခမ်းတာကို သတိမထားဘဲ အင်ဂျင်စက်နှိုးမောင်းနှင်တဲ့အခါ ချောဆီစနစ်ထဲ လုံလောက်တဲ့ အင်ဂျင်ဝိုင်ဖိအား တွန်းအားမရှိတဲ့အတွက် Engine Oil Check မီးခုန်လာတာ ဒါမှမဟုတ် ချက်မီးတောက်လျှောက်လင်းလာတာမျိုးကြုံရမှာပါ။

 

နောက်တစ်ချက်က လမ်းကြမ်းတွေ ချိုင့်တွေ၊ ကျောက်တုံးတွေ များတဲ့နေရာတွေမှာ ကားမောင်းတဲ့အခါ ကားရဲ့ အင်ဂျင်ဝိုင်ကန်က လမ်းမှာရှိတဲ့ကျောက်ချွန်ကျောက်ခဲတွေနဲ့ ထိုးမိတတ်ပြီး အင်ဂျင်ဝိုင်ယိုစိမ့်ထွက်တတ်တာကြောင့် အင်ဂျင်ဝိုင်မရှိတဲ့အခါ ဒီလိုအင်ဂျင်ဝိုင်ချက်မီးလင်းလာတတ်ပါတယ်။

 

Oil Filter ပိတ်ဆို့တာ

အင်ဂျင်ရဲ့ချောဆီစနစ်မှာ အင်ဂျင်ဝိုင် Filter လို့ ခေါ်တဲ့ Oil Filter က အတော်လေးအရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အင်ဂျင်အတွင်းပိုင်းသံနဲ့ သတ္တုအစိတ်အပိုင်းတွေ အခြားကြေးနဲ့အနယ်တွေ၊ အခြားအမှုန်အမွှားတွေကို ဒီချောဆီစနစ်ထဲမှာ မပါဝင်စေဖို့ အဓိက ဖယ်ရှားပေးတာက Engine Oil Filter ပါ။ ဒီအင်ဂျင်ဝိုင်ဆန်ခါမကောင်းရင် ဒါမှမဟုတ် အင်ဂျင်ဝိုင်ဆန်ခါစစ်ကြေးတွေကြောင့် အနယ်အနှစ်တွေကြောင့် ပိတ်ဆို့သွားရင် အင်ဂျင်ဝိုင်လည်ပတ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အင်ဂျင်ဝိုင်လဲတိုင်း အင်ဂျင်ဝိုင်ဆန်ခါ Engine Oil Filter ကို လဲလှယ်ပေးဖို့လိုပါတယ်။ ဈေးကွက်ထဲမှာတော့ Oil Filter က သံ Filter နဲ့ စက္ကူ Filter ဆိုပြီး နှစ်မျိုးလောက်ရှိသလို စက္ကူ Filter ကိုလဲလှယ်တဲ့အခါမှာ သေချာအထိုင်ကျနအောင်လဲလှယ်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် Engine Oil Pressure က တွန်းတဲ့အခါ အတွင်းပိုင်း စက္ကူစစ်က လိမ်သွားတတ်ပြီး Oil Filter ပိတ်ဆို့မှုဖြစ်ကာ အင်ဂျင်ဝိုင်မတက်တော့ဘဲ အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေ ပျက်စီးခြင်းဖြစ်စေတတ်ပါတယ်။

 

Engine Oil Pump မကောင်းတာ

ကားစက်စနှိုးလိုက်တဲ့အချိန် အင်ဂျင်ဝိုင်ကန်ထဲကအင်ဂျင်ဝိုင်တွေကို အင်ဂျင်အတွင်းပိုင်းအစိတ်အပိုင်းတွေဆီ ရောက်အောင်ပို့ဆောင်ပေးတာကတော့ အင်ဂျင်ဝိုင်ပန့်ပါ။ ဒီ အင်ဂျင်ဝိုင်ပန့်တွေက ကားအင်ဂျင်အမျိုးအစားပေါ်မှာ မူတည်ပြီးအကြီးအသေး ဒီဇိုင်းပုံစံအမျိုးမျိုးပြောင်းလဲပေမဲ့ Engine Oil Pump တွေအကုန်လုံးကတော့ Pressure Pump တွေချည်းပါပဲ။ ဘာဖြစ်လို့လဲဆိုရင် အင်ဂျင်အတွင်းပိုင်းအစိတ်အပိုင်းတွေ နေရာအစုံကို ရောက်အောင် သာမာန်ပန့်တွေနဲ့မပို့ဆောင်နိုင်ပါဘူး။ ဒါကြောင့် အင်ဂျင်အတွင်းပိုင်း တွန်းအားကောင်းတဲ့ Gear Pump တွေကိုပဲ အသုံးများကြပါတယ်။ ဒီ Gear Pump တွေမကောင်းတော့တာ ဒါမှမဟုတ် အင်ဂျင်ဝိုင်ဂျိုးတွေများတာ အစရှိတာတွေကြောင့် အင်ဂျင်ဝိုင်ပန့်မလည်နိုင်တော့ရင် အင်ဂျင်ဝိုင် ဖိအားတွန်းအား မရှိတော့တာမို့ အင်ဂျင်ဝိုင်ချက်မီးလင်းလာမယ်။ ဒါကို သတိမမူဘဲ ဆက်မောင်းမယ်ဆိုရင် အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေ အချင်းချင်းပွတ်တိုက်ကုန်ပြီး အင်ဂျင်တခုလုံးပျက်စီးစေပါမယ်။

 

Engine Oil Line တွေ ပိတ်ဆို့တာ

ဒါမျိုးအဖြစ်များဆုံးကတော့ အင်ဂျင်ဝိုင်ဈေးပေါတာတွေအသုံးများတာ ဒါမှမဟုတ် အင်ဂျင်နဲ့မကိုက်ညီတဲ့ အင်ဂျင်ဝိုင်တွေသုံးတာတွေကြောင့် အင်ဂျင်ဝိုင်ကြေးတက်တာ ဒါမှမဟုတ် အင်ဂျင်မိလ္လာလို့ခေါ်တဲ့ Oil Sludge ဖြစ်တာတွေဖြစ်ပြီး အင်ဂျင်ဝိုင်သွားမယ့်လမ်းကြောင်းတွေကို ပိတ်ဆို့ကုန်တတ်ပါတယ်။ ဒီလိုဆိုရင် အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေဆီကို အင်ဂျင်ဝိုင်တွေ ကောင်းကောင်းမရောက်ရှိနိုင်တော့ဘဲ အင်ဂျင်ဝိုင်မီးလင်းလာမှာဖြစ်ပါတယ်။ အထူးသဖြင့် အင်ဂျင်ဝိုင်ကန် (Crankcase) အထဲမှာရှိတဲ့ အင်ဂျင်ဝိုင် အဝင်ပေါက်သံဆန်ခါလေးမှာဒီလို အင်ဂျင်ဝိုင်ကြေးတွေပိတ်ဆို့တတ်ပါတယ်။

 

Engine Oil Pressure Sensor (or) Switch မကောင်းတာ

ဒီအချက်ကတော့ အင်ဂျင်ဝိုင်အချက်ပြမီးလင်းရတဲ့ အကြောင်းတွေထဲက အဖြစ်အနည်းဆုံးအကြောင်းတခုဖြစ်ပါတယ်။ အပေါ်မှာရှင်းပြခဲ့သလိုပဲ ဒီ Engine Oil Pressure Sensor (or) Switch က အင်ဂျင်အတွင်းပိုင်းအင်ဂျင်ဝိုင်တွန်းအားတွေကို အာရုံခံတာဖြစ်ပြီး အင်ဂျင်အချက်ပြမီးလင်းဖို့ မှိတ်ဖို့အဓိက အချက်အလက်တွေပို့ပေးတာပါ။ ဒီအချက်ပြအာရုံခံ ဆင်ဆာ မကောင်းတာမျိုး ဒါမှမဟုတ် ဒီကောင်နဲ့ဆက်သွယ်ထားတဲ့ ဝါယာလိုင်းတွေပြတ်တောက်တာ Short ကျတာတွေမျိုးကြောင့်လည်း အင်ဂျင်ဝိုင် အချက်ပြမီးလင်းလာတတ်ပါတယ်။

 

ဒီအချက်တွေက Engine Oil Warning Light လင်းစေတတ်တဲ့ အခြေခံအကြောင်းတွေဖြစ်ပြီး နံပါတ် ၅ အချက်က လွဲလို့ကျန်တဲ့ အချက်တွေအကုန်လုံးက သတိမမူမိရင် အင်ဂျင်တခုလုံးပျက်စီးဆုံးရှုံးနိုင်တဲ့ အထိ အန္တရာယ်ရှိတဲ့အချက်တွေပါပဲ။ ဒီလိုဆိုရင် အင်ဂျင်ဝိုင် အချက်ပြမီးလင်းလာမယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ ဆိုရင်တော့Engine Oil Warning Light လင်းလာတယ်ဆိုရင်၊ လင်းလိုက်မှိတ်လိုက် မှိတ်တုတ် မှိတ်တုတ် ဖြစ်လာတယ်ဆိုရင် စက်ရပ်လိုက်ပါ။ အင်ဂျင်ဝိုင်ကန်အောက်ခြေမှာ ယိုစိမ့်မှုတွေရှိမရှိ စစ်ဆေးပါ။ ယိုစိမ့်တယ်ဆိုရင်တော့ ကားကိုဆွဲပြီး အနီးဆုံး ဝပ်ရှော့ပို့ပြုပြင်ပါ။

 

အင်ဂျင်ဝိုင်ဂိတ်တံကိုထုတ်ပြီး အင်ဂျင်ဝိုင်လျော့မလျော့စစ်ဆေးပါ။ လျော့နေတယ် မရှိဘူးဆိုရင်တော့ အင်ဂျင်ဝိုင်ဝယ်ဖြည့်ပါ။ ဖြည့်ပြီး စက်ပြန်နှိုးကြည့်ပါ၊ အင်ဂျင်ဝိုင် မီးငြိမ်း/မငြိမ်း သတိထားကြည့်ပါ။ မငြိမ်းဘူးဆိုရင် အောက်က အဆင့်တွေကို ဆက်လုပ်ကြည့်ပါ။အင်ဂျင်ဝိုင်အခြေအနေ (ညစ်နေပြီလား၊ မဲနေပြီလား) စစ်ဆေးပါ။ မဲနေပြီ ညစ်နေပြီဆိုရင် အင်ဂျင်ဝိုင်ညစ်ပြီး ဆီမတက်တော့လို့ ဒါမှမဟုတ် ဆီလိုင်းတွေပိတ်ကုန်လို့ အင်ဂျင်ဝိုင်မီးလင်းတာဖြစ်နိုင်တာမို့ ဆက်မမောင်းသင့်တော့ပါဘူး။ နီးစပ်ရာဝပ်ရှော့ပို့ပြုပြင်ရပါမယ်။

 

အယိုအစိမ့်လည်းမရှိ၊ အင်ဂျင်ဝိုင်လည်းရှိတယ်၊ အင်ဂျင်ဝိုင်လည်း မညစ်ဘဲ သန့်နေတယ်ဆိုရင်တော့၊ စက်နှိုးထားပြီး အင်ဂျင်ဝိုင်ဖြည့်တဲ့ အဖုံးကိုဖွင့်စစ်ကြည့်ပါ။ စက်နှိုးထားတဲ့အချိန် အဲဒီအဖုံးဖွင့်ကြည့်ရင် အင်ဂျင်ဝိုင်တွေ တက်မတက်မြင်နိုင်ပါတယ်။ အင်ဂျင်ဝိုင်တွေ တက်တာ၊ ပန်းထွက်နေတာ မမြင်ရဘူးဆိုရင် စက်ပြန်သတ်ထားပါ။ အဲဒါ Oil Pump မကောင်းတာ၊ အင်ဂျင်ဝိုင် Filter ပိတ်တာ အစရှိတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ စက်နှိုးမောင်းဖို့အဆင်မပြေပါ။

 

အင်ဂျင်ဝိုင် ယိုစိမ့်တာတွေလည်းမရှိဘူး၊ အင်ဂျင်ဝိုင် ဂိတ်တိုင်းကြည့်တော့လည်း အင်ဂျင်ဝိုင်ရှိတယ်၊ အင်ဂျင်ဝိုင်လည်း မညစ်ပတ်ဘူး၊ အင်ဂျင်ဝိုင်ဖြည့်တဲ့အဖုံးကို စက်နှိုးထားတဲ့အချိန်ဖွင့်တော့လည်း အင်ဂျင်ဝိုင်တွေ ပန်းထွက်တယ်ဆိုရင်တော့ Engine Oil Pressure Switch ကြောင်တာ ပျက်တာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ကားဆက်မောင်းဖို့အဆင်ပြေပါသေးတယ်။အင်ဂျင်ဝိုင်ချက်မီးဆိုတာ ကားဒိုင်ခွက်ထဲက Check မီးတွေ အများကြီးထဲကမှ အရေးတကြီးဂရုစိုက်ပြုပြင်ရမယ့် သတိထားရမယ့် Check Light တစ်ခုပါ။ ကားအင်ဂျင်တစ်ခုလုံး ပျက်စီးစေနိုင်လောက်တဲ့အထိ၊ ငွေကုန်ကြေးကျများတဲ့ပြုပြင်မှုတွေ လုပ်ရနိုင်တဲ့အန္တရာယ်ကြီးတဲ့ Warning Sign တစ်ခုဖြစ်ပါတယ်။

 

ဒါကြောင့် Engine Oil Warning Light မပေါ်အောင် အင်ဂျင်အတွင်းပိုင်းချောဆီစနစ်တွေ အဆင်ပြေပြေ ချောချောမွေ့မွေ့လည်ပတ်နိုင်အောင် ကီလို ၅၀၀၀၊ ၆၀၀၀ ပြည့်တိုင်း အင်ဂျင်ဝိုင်နဲ့ အင်ဂျင်ဝိုင်ဆန်ခါကို ပုံမှန်လဲလှယ်ပေးတာ၊ ကားမမောင်းခင် ဆီရေလေဝိုင် စစ်ဆေးတာ၊ အရည်အသွေးပြည့်မီတဲ့ အင်ဂျင်ဝိုင် အမျိုးအစားတွေကို သုံးစွဲတာမျိုးလုပ်ပြီး အင်ဂျင်ဝိုင်ချက်မီးလင်းမလာအောင် ကြိုတင်ကာကွယ်ရမှာပါ။ ဒီလိုကြားထဲကမှ မတော်တဆ အင်ဂျင်ဝိုင်ချက်မီးလင်းလာခဲ့တာမျိုး၊ ချက်မီးခုန်လာတာမျိုးဖြစ်လာရင်လည်း သတိမမူဘဲ ဆက်လက်မောင်းနှင်တာမျိုး မလုပ်ဘဲ အပေါ်မှာပြောခဲ့သလိုချက်ခြင်း သတိထား စစ်ဆေးပြုပြင်ရပါမယ်။ ဒါမှသာ သင့်ကားရဲ့အရေးကြီးတဲ့အင်ဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီးမှုကနေ ကာကွယ်တားဆီးနိုင်မှာပါ။ သင့်ကားကျန်းမာရေးဆိုတာ သင့်ပိုက်ဆံအိတ်ကျန်းမာရေးပဲ မဟုတ်ပါလားခင်ဗျာ။

 

စာဖတ်သူ မိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေခင်ဗျာ။

 

 

Credit; Lynn Za Nee(PTU)

Read times
Rate this item
(2 votes)