Tips



လျှပ်စစ်ဆီပန့် နှင့် သတိထားသင့်သောအချက်

လျှပ်စစ်ဆီပန့် နှင့် သတိထားသင့်သောအချက် google

လောင်စာဆီပို့စနစ်တွင် ဆီတိုင်ကီမှ အင်ဂျက်တာ (Injectors)များအထိ လောင်စာဆီများရောက်အောင် တွန်းပေးသော အရာမှာ Electric Fuel Pump ဖြစ်သည်။

 

ယခင်ခေတ်ဟောင်း ဓာတ်ဆီကားများတွင် အေစီပန့်(ခေါ်) Mechanical Fuel Pump ကို သုံးခဲ့ကြသည်။ ကာပရိုက်တာစနစ်ထက် ပိုမိုကောင်းမွန်သော EFI စနစ်၊ Direct Injections စနစ်များ သုံးရသော ယနေ့ခေတ်တွင် Electric Pump သည် ဓာတ်ဆီ အင်ဂျင်တစ်လုံး၏ အသည်းနှလုံးပင်ဖြစ်သည်။

 

လောင်စာဆီသည် သတ်မှတ်ထားသော ဖိအား (Pressure-30 psi to 80 psi) အတွင်း ဆီတွန်းပို့ပေးနိုင်မှသာ အင်ဂျင် တစ်လုံးအတွက်လိုအပ်သော လောင်စာဆီပမာဏကို Injector များမှ ဖြန်းပေးနိုင်မည်။ ဆီဖိအားနည်းလွန်းပါက အင်ဂျင်ဆီ ငတ်ပြီး လည်ပတ်မှု မမှန်မကန် ဖြစ်မည်။ ပေါက်ကွဲမှု မမှန်မကန်တော့ဘဲ တုံ့ဆိုင်းတုံ့ ဆိုင်းဖြစ်ပြီး စက်ထိုးရပ်သွားနိုင်သည်။ ဆီဖိအား များလွန်းပါကလည်း လောင်စာဆီ လေလွင့်ဆုံးရှုံးပြီး ကုန်ကျစရိတ် များလာမည်။

 

ခေတ်ဟောင်းကားများတွင် Electric Fuel Pump ကို ဆီတိုင်ကီပြင်ပတွင် အထိုင်ချတပ်ဆင်သည်။ ခေတ်ပေါ်ကားများတွင် ဆီပန့်ကို ဆီတိုင်ကီအတွင်း ဆီထဲတွင် နှစ်ထားပြီးတပ်ဆင်သည်။ ဆီတိုင်ကီအတွင်းတွင် Fuel pump ကို နှစ်ထားခြင်း ကြောင့် ပန့်လည်ပတ်နေစဉ် တကျီကျီမြည်သံများကို ထိန်းချုပ်နိုင်သည်။ ပန့်မော်တာ အေးနေစေရန်အတွက်လည်း အထောက်အကူပြုသည်။ ဆီတိုင်ကီထဲတွင် ဓာတ်ဆီပမာဏ (၄) ပုံ (၁) ပုံ အနည်းဆုံးရှိနေစေရန် သတိထားသင့်သည်။

 

ဆီလုံးဝကုန်သည်အထိ ဆီပြတ်သွားသည်အထိ ကားကို မမောင်းသင့်ပါ။ ဆီနည်းလျှင် ဆီပန့်မော်တာ ပူလာမည်။ ရုတ်တရက် ဘရိတ်ဖမ်းလိုက်ခြင်း၊ လမ်းအချို့ အကွေ့များတွင် ဝိုက်ကွေ့လိုက်ခြင်းများကြောင့် ဆီပန့် ပျက်စီးနိုင်သည်။ EFI အင်ဂျင်နှင့် Direct Injection အင်ဂျင်များတွင် ဆီဂိတ်ကို ဂရုစိုက်ပြီး ဖတ်သင့်သည်။ ဆီနည်းလွန်းခြင်း၊ ဆီလုံးဝ ပြတ်သွားခြင်းကြောင့် Fuel Pump ပျက်စီးသွားနိုင်သည်။

 

ခေတ်ပေါ်ကားသုံးဆီပန့်များတွင် ဆီ Level တိုင်းတာနိုင်ရန်အတွက် Float ဘောလ်ယူနစ်ကိုပါ ပူးတွဲတပ်ဆင်ထားသည်။ Float ဘောလ် အနိမ့်အမြင့် Level သည် ဆီပမာဏ အနည်းအများနှင့် တိုက်ရိုက်အချိုးကျသည်။ Float ဘောလ်မှ လျှပ်စစ်အချက်ပြသည် ဆီဂိတ် အလုပ်လုပ်နိုင်ရန်အတွက် အဓိကအချက်ဖြစ်သည်။ ဆီပန့်မကောင်း၍ အစားထိုး လဲလှယ်ရပါက Float ဘောလ်နှင့် ပန့်ကို သီးခြားစီဖြုတ်ပြီး လဲလှယ်ရသည်။

 

လျှပ်စစ်ဆီပန့်များသည် ထုတ်လုပ်သော ကုမ္ပဏီများစွာရှိ၍ ဒီဇိုင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိကြသည်။ ဆီတိုင်ကီပြင်ပတွင် တပ်ဆင်ရသော ခေတ်ဟောင်းကားများတွင် သင့်လျော်သော ဆီပန့်တစ်မျိုးမျိုးကို အစားထိုးတပ်ဆင်နိုင်ပါသည်။ ခေတ်ပေါ် ကားများတွင်မှု ဆီပန့်မကောင်း၍ အစားထိုးလဲလှယ်ရလျှင် ပုံစံတူ၊ အမျိုးအစားတူ၊ ဒီဇိုင်းတူ ထပ်တူကျမှ လဲလှုယ်၍ ရပါသည်။ ခေတ်ဟောင်းကားများတွင် သုံးစွဲသော လျှပ်စစ်ပန့်များမှာ Roller Cell Pump အင်ဂျင်ဝိုင်ကဲ့သို့သော Gerotor Pump နှင့် Vane Pump များဖြစ်သည်။

 

ခေတ်ပေါ်ကားသစ်များတွင် တာဘိုင်ပန့် (Turbine) ဆီပန့်အမျိုးအစားကို အသုံးများသည်။ တာဘိုင်ပန့် အမျိုးအစား၌ မော်တာဝင်ရိုးထိပ်တွင် Impeller Ring တပ်ဆင်ထားသည်။ Impeller လည်ပတ်ပါက အင်ပဲလာ ဒလက်များကဆီကို တွန်းပို့ပေးသည်။ တာဘိုင်ပန့်သည် Positive Displacement Pump များကဲ့သို့ ဆီကို တုံ့ဆိုင်းတုံ့ဆိုင်း ပို့ခြင်းမဟုတ်ပါ။ ဆီစီးဆင်းမှု Flow သည် ညင်သာချော့မွေ့ပြီး အသံငြိမ်သည်။ တာဘိုင်ပန့်များသည် လည်ပတ်နှုန်း (7000 r.p.m) အထိရှိ၍ မြန်နှုန်း မြင့်မားသည်။

 

လျှပ်စစ်ဆီပန့် လည်ပတ်အလုပ်လုပ်ပုံ

 

ကားသော့ လှည့်လိုက်ပါက PCM (Powertrain Control Module) သည် Pump Relay သို့ လျှပ်စစ်စွမ်းအား ပေးလိုက်သဖြင့် Electric Pump သို့ ဘက်ထရီမှ လျှပ်စစ်အားများ ရောက်ရှိပြီး မော်တာ စတင်လည်ပတ်သည်။ စက္ကန့် အနည်းအငယ်အတွင်း Fuel System လိုင်းတွင် ဆီများ ရောက်ရှိသွားမည်။

 

တာဘိုင်ပန့်ဝင်ပေါက်ထိပ်တွင် ဆန်ခါစိပ် တပ်ဆင်ထားသဖြင့် လောင်စာဆီထဲတွင် ရောပါလာသော အမှိုက်များ၊ အမှုန်အမွှားများ၊ ပန့်အတွင်းသို့ မဝင်ရောက်နိုင်ရန် တားဆီးပေးသည်။ ဆီပန့်အထွက်ပေါက်တွင် One Way ချက်ဗားပါရှိ၍ ဆီလိုင်းထဲတွင် ဆီလက်ကျန်အမြဲ ရှိနေစေရန် ထိန်းပေးထားနိုင်သည်။

 

ဆီပန့်မှပေးပို့သော ဓာတ်ဆီများသည် ဆီစစ်ဘူးကို ဖြတ်သန်းပြီးမှ Injectors များဆီသို့ ရောက်သည်။ ဆီစစ်ဘူးအတွင်းရှိ Fuel Filter သည် ပန့်မှပေးပို့သော ဆီများထဲတွင် အမှုန်အမွှားများ၊ အမှိုက်များ၊ မသန့်ရှင်းသောအရာများကို စစ်ယူ သိမ်းဆည်းထားသည်။ Injector တွင်းသို့ ပေးပို့သောဆီများသည် အထူးသန့်ရှင်းရန် လိုအပ်သည်။ မသန့်ရှင်းသော အနယ်အနှစ် အမှုန်အမွှားများကြောင့် Injector တွင် ပိတ်ဆို့သွားနိုင်သည်။

 

ဆီစစ်ဘူးမှ ထွက်လာသောဆီများသည် Fuel Supply Rail ထဲတွင်ရှိနေပြီး Injector များနှင့် Rail လိုင်း ဆက်သွယ် ထားသည်။ ဆီ Rail လိုင်းထဲတွင် ဆီဖိအား ပုံမှန်ရှိနေစေရန် Fuel Pressure Regulator က ထိန်းညှိပေးသည်။ ပို့လျှံသောဆီများသည် Return ပိုက်မှတစ်ဆင့် ဆီတိုင်ကီထဲသို့ ပြန်သွားသည်။

 

ခေတ်ပေါ်ကားသစ်များတွင် ဆီပြန်ပိုက်မပါသော EFI စနစ်ဖြစ်သည်။ ဆီဖိအားထိန်းချုပ် ကိရိယာ Regulator ကို ဆီတိုင်ကီ အတွင်းတွင် တပ်ဆင်ထားပြီး Fuel Pump Module ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ကားအင်ဂျင်မှ ဆီပြန်ပိုက် ထားစရာမလိုပါ။

 

လျှပ်စစ်ဆီပန့်သည် ကားသော့စတင်လှည့်လိုက်ပြီး စက်နှိုးလိုက်သည်နှင့် တစ်ဆက်တည်း မရပ်မနား လည်ပတ်ပေးနေ သော အခြေအနေဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် အင်ဂျင်စက်ထိုးရပ်သွားလျှင် PCM (Po- wertrain Control Module) မှ စက်လည်ပတ်နေခြင်း ရှိ/မရှိ ထောက်လှမ်းပြီး လျှပ်စစ်ပန့်ကို ရပ်တန့်စေသည်။

 

တချို့ အမြင့်ကားများတွင် ကား Accident ဖြစ်ပါက ဆီပန့်အလိုအလျောက် ရပ်သွားစေရန် Inertia Safety Switch စနစ် တပ်ဆင်ပါရှိပါသည်။ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပိုက်လိုင်းပေါက်သွားပါက မီးလောင်နိုင်သော အန္တရာယ်ရှိသည်။ ဆီပန့် အလို အလျောက် ရပ်တန့်သွားစေရန် စီမံထားခြင်းဖြစ်သည်။

 

ဆီပန့်အတွက် ဂရုပြုသင့်သောအချက်များ

 

ဓာတ်ဆီအင်ဂျင် တစ်လုံးတွင် ဆီပန့်သည် အသက်ဖြစ်သည်။ လောင်စာဆီမသန့်ရှင်း၍ Fuel System ကို ထိခိုက် ပျက်စီးစေနိုင်သော အကြောင်းတရား များစွာရှိပါသည်။ မသန့်ရှင်းသောဆီများကြောင့် ဆီပန့်ဆန်ကာနှင့် ဆီစစ်ဘူး (Fuel Filter) တို့တွင် ပိတ်ဆို့နေပါက Pump ကို ပျက်စီးစေသည်။ ဆီတိုင်ကီတွင် ဆီလက်ကျန် နည်းလွန်းခြင်း၊ ဆီလက်ကျန် လုံးဝပြတ်တောက်သွားခြင်းကြောင့် Pump ကို ဒုက္ခရောက်စေပါသည်။ ဆီနည်းလွန်းခြင်း၊ ဆီစစ်ဘူးပိတ်ဆို့နေခြင်း၊ ဝါယာရိန်းပြဿနာကြောင့် ဆီပန့်အဝင်ဗို့အားကျဆင်းခြင်းတို့သည် ဆီပန့်ပျက်စေနိုင်သော အကြောင်းတရားများဖြစ်သည်။

 

ဆီစစ်ဘူးတွင် အညစ်အကြေးများ ပိတ်နေပါက ဆီပန့်မော်တောသည် Over Load ရုန်းနေရသဖြင့် မော်တာလောင်နိုင် သည်။ သတိပေးအချက်ပြခြင်း လုံးဝ မမြင်တွေ့ရဘဲ ဆီပန့်ချို့ယွင်းနိုင်သည်။ ကားမောင်းနေရင်း ရုတ်တရက် စက်ထိုး ရပ်သွားပြီး စက်ပြန်နှိုးသော်လည်း အင်ဂျင်မနိုးဘဲ ဖြစ်တတ်သည်။ နံနက်ပိုင်းကား စတင်နှိုးလျှင်လည်း စက်နှိုးမရဘဲ ဖြစ်တတ်သည်။

 

ဤကဲ့သို့ ကားစက်နှိုးမရတိုင်း ဆီပန့်မကောင်း၍ဟု အတိအကျပြော၍ ရပါသလား။ ဆီပန့်လည်ပတ်နိုင်ခြင်း ရှိ/မရှိ စစ်ဆေးရမည်။ ပန့်လည်လျှင် လည်သံကြားနိုင်သည်။ အကယ်၍ ဆီတိုင်ကီထဲတွင် မြှုပ်ထားသဖြင့် အသံမကြားနိုင်ပါက Fuel Supply Rail လိုင်းအဝင်တွင် ဆီရောက်/မရောက် စစ်ဆေးကြည့်နိုင်သည်။ အင်ဂျင်လည်၍ စက်နှိုးလိုက်စဉ် ကားအိတ်ဇော မီးခိုးပိုက်မှ ဆီနံ့ ရ/မရ ခံစားကြည့်ရမည်။ မီးခိုးနှင့် ဆီနံ့မရပါက အင်ဂျင်သို့ ဆီမရောက်သည်မှာ သေချာသည်။

 

ဆီပန့် မလည်ရခြင်းမှာ (Relay) ရီလေးဘူးကြောင့်လား။ ဖျူး (Fuse) ပြတ်နေလို့လား။ ဝါယာဆော့ကတ် လွတ်နေလို့လား။ ဝါယာကို ကြွက်ကိုက်ထားလို့လား။ ဖြစ်နိုင်ခြေများကို စုံစမ်းဖော်ထုတ်ရမည်။ တချို့ကားများတွင် အင်ဂျင် Check မီးလင်း၍ သတိပေးမည်။ မီးစနစ်ကြောင့် ပလပ်မခုတ်တာလား၊ ဆီကြောင့်လား ခွဲခြားသိရှိဖို့လိုသည်။

 

အမြင့်ကားများတွင် ဆီလိုင်း Pressure ရှိ/မရှိ သိနိုင်သည်။ ဆီလိုင်းထဲတွင် ဆီဖိအားကျဆင်းနေပါက ဆီပန့် အလုပ် မလုပ်သည်မှာ သေချာသည်။ တစ်ခါတစ်ရံတွင် ဆီစစ်ဘူးပိတ်နေ၍ ဆီအရောက်နည်းနေခြင်းလည်း ဖြစ်နိုင်သည်။ မိမိ ကိုယ်တိုင် အပြစ်မရှာနိုင်ပါက ကျွမ်းကျင်သော အဆင့်မြင့်ကားဝပ်ရှော့ပ်တွင် ပြသ၍ ပြဿနာ ဇစ်မြစ်ကို ရှာဖွေနိုင်ပါသည်။ ဆီစစ်ဘူး မှန်မှန်လဲလှယ်ရန် နှင့် သန့်ရှင်းသော ဓာတ်ဆီသုံးစွဲရန် အရေးကြီးပါသည်။

 

Credit; ဆရာမာစတာ(စက်မှု)

Read times
Rate this item
(1 Vote)