Tips



ကားရေတိုင်ကီ အဖုံးမှာ 0.9 လို့ ဖော်ပြထားတာ ဘာကို အသိပေးချင်တာလဲ

ကားရေတိုင်ကီအဖုံးဟာ သတ္တုသားနဲ့ မာမာချာချာ ဖြစ်နေအောင် လုပ်ပေးထားတဲ့ ဖိအားအဖုံး Pressure Cap  ဖြစ်ပါတယ်။ 

ဖိအားအဖုံးရဲ့ လုပ်ငန်းဆောင်တာက အအေးပေးစနစ်ထဲမှာ ဖိအားကို ထိန်းသိမ်းပေးထားဖို့ ဖြစ်ပါတယ်။ အအေးပေးရည် မဆူအောင် တားဆီးဖို့ကိုလည်း ကူညီပေးတယ်။ 

အေးစေနစ်က ဟင်းချက်တဲ့အခါ သုံးစွဲတဲ့ ဖိအားအိုးနဲ့ ဆင်ဆင်တူတယ်။ ရေဆူမှတ်နား နီးလာတဲ့အအခါ အရည် ထုထည်ကြီးလာတာ ပိုများလာတာကြောင့် ဖိအား ပိုများလာတယ်။ ဖိအားများတဲ့အတွက် ရေဆူမှတ်က မြင့်တက်သွားတယ်။ ဒီတော့ အအေးပေးရည်က အပူဓာတ်တွေ ပိုများများ သိုမှီးနိုင်စေတယ်။ ရေဆူဖို့လည်း ပိုဝေးသွားတယ်။ တကယ်လို့ အပူချိန် ဆက်လက်မြင့်တက်ပြီး အအေးပေးရည် ဆူရင် လေပူစီဖောင်းတွေ ဖြစ်ပေါ်မယ်။ ဂျက်ကက်တွေထဲမှာ လေပူစီဖောင်းတွေ ရောက်ရှိပြီး အင်ဂျင်သတ္တုမျက်နှာပြင်မှာ ပလုံစီပြီး တွယ်ကပ်နေကြတာမို့ အအေးပေးရည်က အပူစုပ်ယူလို့ မရအောင် ကြားမှာ ကန့်လန့်ခံနေကြမယ်။ အဲဒါကြောင့် အရည်မဆူအောင် ဖြစ်နိုင်သရွေ့ စီမံပေးထားကြတယ်။

 

 

ရေတိုင်ကီ အဖုံးမှာ ဗား ၂ ခု ပါတယ်။ တစ်ခုက ဖိအားဗား၊ နောက်တစ်ခုက အရည်ဝင်ဗား။ 

သာမန်အခြေအနေတွေအောက်မှာ ဖိအားဗားက ပိတ်နေတယ်။ အေးစေစနစ်ကို အပြည့်အဝ အလုံပိတ်ပေးထားတယ်။ အဖုံးမှာ စပရိန်အကြီးစားတစ်ခု ပါတယ်။ အဲဒီ စပရိန်က ဖိအားဗားကို လုံနေအောင် တောက်လျှောက်တွန်းပိတ်ပေးထားတယ်။ အခုလို လုံနေတဲ့အတွက် အအေးပေးရည်တွေ တခြားဘယ်ကိုမှ ထွက်သွားလို့ မရတဲ့အတွက် ဆုံးရှုံးမှု မဖြစ်ပေါ်ဘူး။ 

အေးစေစနစ်မှာ ဖိအားက ရှိသင့်ရှိထိုက်တာထက် ကျော်လွန်သွားခဲ့ရင် စပရိန်ရဲ့ တွန်းအားထက် ပိုများသွားတော့ စပရိန်က အရှုံးပေးလိုက်တာမို့ တွန်းပိတ်ပေးထားတဲ့ ဖိအားဗား ကြွတက်သွားတယ်။ မလုံတော့ဘူး။ အပူကြောင့် ထုထည်ကြီးသွားတဲ့  အအေးပေးရည်တွေ ရေလျှံပိုက်ကနေ အအေးပေးရည်ဘူးဆီသို့ စီးထွက်တယ်။

အအေးပေးရည်တွေ အပူချိန်ကျဆင်းပြီး ပြန်ကျုံ့သွားတဲ့အခါ ရေတိုင်ကီထဲမှာ ဖိအား ပြန်ကျဆင်းတော့ ဖိအားဗားရဲ့ စပရိန်က အနိုင်ရသွားပြီး ဗားကို လုံနေအောင် ပိတ်ထားလိုက်တယ်။ ဘူးထဲမှ အအေးပေးရည်က အရည်ဝင်ဗားကနေ ရေတိုင်ကီထဲကို ပြန်ဝင်လာတယ်။ 

ဖိအားသုံး အအေးပေးရည်ဘူးတွေမှာတော့ ဖိအားအဖုံးကို ရေတိုင်ကီမှာ မတပ်ထားဘဲ ဘူးမှာ တပ်ထားလေ့ရှိတယ်။ အေးစေစနစ်မှာ ဖိအား ကျော်လွန်ရင် အဖုံးမှာ သက်ရောက်တဲ့ စပရိန်ဖိအားထက် ပိုများသွားလို့ စပရိန် နောက်ဆုတ်ပေးလိုက်ရပြီး အရည်အပေါ်မှာ ရှိနေတဲ့ လေတွေ အပြင်ကို တိုးထွက်ကုန်လို့ ဘူးထဲ ဖိအားလျော့ကျသွာပြီး ရေတိုင်ကီထံမှ အအေးပေးရည်တွေ ဘူးထဲကို စီးဝင်တယ်။ အရည်ပြန်အေးလို့ ကျုံ့သွားတဲ့အခါ အေးစေစနစ်မှာ ဖိအားလျော့ကျသွားတဲ့အတွက် စပရိန်ဖိအားက အသာရသွားတာမို့ ရှေ့တိုးပြီး ဗားကို လုံနေအောင် ပိတ်လိုက်တယ်။ လေဝင်ဗားက ပြင်ပလေထုမှ လေတွေကို ဝင်ခွင့်ပေးလိုက်ပြီး ဘူးထဲ လေဖြည့်တင်းပေးတယ်။ 

 

ဖိအားအဖုံးအသီးသီးမှာ စံနှုန်းအသီးသီး ရှိတယ်။ အဖုံးအပေါ်ဘက်မှာ ဖော်ပြပေးထားတယ်။ အဲဒီ စံနှုန်းက အအေးပေးစနစ်ထဲမှာ ထိန်းထားမယ့် ဖိအားပမာဏကို အဆုံးအဖြတ်ပြုပါတယ်။

ဖိအားပမာဏကို ဖော်ပြပုံတွေကတော့ တစ်ကျောင်းတစ်ဂါထာ ဖြစ်ပါတယ်။ 

တစ်စတုရန်းလက်မအရ ပေါင်ဖိအား (pounds per square inch-psi)နဲ့ ဖော်ပြထားတာ ရှိတယ်။ 

ဖိအားမြင့်တက်လို့ ရေဆူမှတ်လည်း မြင့်တက်တာမှာ ဘယ်လောက်အထိ မြင့်တက်မှာလဲ ဆိုတာကို သိစေပါတယ်။

ရေဆူမှတ်က သာမန်လေထုဖိအားမှာ ၁၀၀ ဒီဂရီ စဲလ်စီးယပ် ဖြစ်ပါတယ်။ ဖိအားနည်းရင် ရေဆူမှတ်က ၁၀၀ ဒီဂရီအောက်မှာ ဆူတယ်။ ဖိအားများရင် ၁၀၀ ဒီဂရီ အထက်ကျမှ ဆူပါတယ်။

 

၁၅ psi ဖိအားအောက်မှာဆိုရင် ရေဆူမှတ်က ၁၂၅ ဒီဂရီ စဲလ်စီးယပ် ဖြစ်ပါတယ်။ 

ဒီနေရာမှာ သတိပြုသင့်တာက ရေတိုင်ကီမှာ ရေဆူနေရင် သာမန်အားဖြင့် ၁၀၀ ဒီဂရီမှာ ထဆူနေတာ မဟုတ်ဘဲ ၁၀၀ ဒီဂရီထက် ပိုမြင့်တဲ့ အပူချိန်မှာ ဆူနေတာဖြစ်လို့ အရေပြားပေါ် မတော်တဆ ကျရောက်ရင် အပူလောင်တာ ပိုပြင်းထန်ပါလိမ့်မယ်။ NEVER OPEN WHEN HOT ပူနေတုန်း ဘယ်သောအခါမှ မဖွင့်ပါနဲ့လို့ ရေးထားတာကို လိုက်နာကြရမှာ ဖြစ်ပါတယ်။ 

 

ဂျပန်ကားထုတ်လုပ်သူတွေက စံနှုန်းကို ဖော်ပြတာမှာ သာမန်လေထုဖိအားထက် ပိုမြင့်မားနေတဲ့ အဆဖြင့် ဖော်ပြတယ်။ ၀.၉ လို့ ဖော်ပြထားရင် ပုံမှန်လေထုဖိအား (၁၄.၇ psi)ထက် ၀.၉ ဆ ပိုများတယ်လို့ ဆိုလိုတယ်။ ဖိအား ၁၃.၂၃ psi လို့ ပြောပြထားတာ ဖြစ်ပါတယ်။ 

ဥ ရောပမှာတော့ ရာခိုင်နှုန်းဖြင့် ပြသတယ်။ ၁၀၀ ဆိုရင် သာမန်လေထုဖိအား (၁၄.၇ psi)ရဲ့  ၁၀၀% ဖြစ်ပါတယ်။ 

 

အကြမ်းအားဖြင့် ပြောရရင် ကားတွေမှာ ရေဆူမှတ်က ၁၀၄.၄ မှ ၁၁၀ ဒီဂရီအထိ ဖြစ်ပြီး အဲဒီအပူချိန်အတွင်းမှာဆိုရင် အပူလွန်ကဲတာ မဟုတ်ဘဲ ပုံမှန်အခြေအနေသာ ဖြစ်ပါတယ်။ 

Read times
Rate this item
(17 votes)