Tips



ဆီပန့် (Fuel Pump) အကြောင်း သိကောင်းစရာ

ဆီပန့် (Fuel Pump) အကြောင်း သိကောင်းစရာ google

ကားရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ နိုင်ငံတကာစံဖြင့် တစ်ပြေးညီ သတ်မှတ်ပေးထားတဲ့အတိုင်း ထုတ်လုပ်ရတဲ့ အစိတ်အပိုင်း တွေရှိသလို ကားထုတ်လုပ်တဲ့ ကုမ္ပဏီမှ စိတ်ကြိုက်ထုတ်လုပ်ခွင့်ရှိတဲ့ အစိတ်အပိုင်းတွေရှိသလို ထားသိုတဲ့နေရာကိုလည်း နှစ်သက်ရာ အဆင်ပြေရာ နေရာမှာ ထားသိုကြပါတယ်။

 

စက်သုံးဆီကို ဆီတိုင်ကီကနေ အင်ဂျင်ထိ အရောက်ကို ပို့ဆောင်ရတဲ့ လမ်းကြောင်းမှာ ဆီပန့်ကို အသုံးပြုပြီး ဆီကို ရွေ့လျားစေရာမှာ လမ်းကြောင်းနဲ့ အဆင်ပြေတဲ့ နေရာမှာသာ ထားသိုကြပါတယ်။ ဘယ်နေရာမှာ ထားရမယ်လို့ နိုင်ငံတကာ စံသတ်မှတ်ထားတာမျိုး မရှိပါဘူး။ပုံမှန်အားဖြင့် သူသဘော သူဆောင်ပြီး အလုပ်လုပ်ပြီး လိုအပ်ပါကလူကလည်း ပန့်ကို အလုပ်လုပ်ခိုင်းလို့ရအောင် လုပ်ပေးထားတဲ့ ပန့်မျိုးရှိပါတယ်။ ရေစုပ်တုံကင်ရဲ့ သဘောသဘာဝကို အခြေခံထားတာ ဖြစ်လို့ တုံကင်လိုပဲ လက်ဖြင့် ဖိလိုက် မတင်လိုက်လုပ်ဖို့ လက်ကိုင်ကို တပ်ဆင်ပေးထားပါတယ်။ တတောက်တောက် ခေါက်ပြီး စုပ်ပေးနိုင်ပါတယ်။ ဒီဇယ်အင်ဂျင်တွေမှာ ဆီပြတ်ပြီး လေခိုသွားရင် ခေါက်ပေးဖို့ လက်ပန့်ပါတတ်ပါတယ်။ လျှပ်စစ်မော်တာနဲ့ မောင်းတဲ့ ဆီပန့်တွေကို အသုံးများလာပြီး ပန့်ကို ဆီတိုင်ကီထဲမှာ စိမ်ထားတတ်ပါတယ်။ ဆီတိုက်ကီမှာ ဆီလက်ကျန်တိုင်းတဲ့ အစိတ်အပိုင်းနဲ့အတူ တွဲထားတာမျိုးလည်း ရှိပါတယ်။ ဆီတိုင်ကီ အပြင်ဖက် ဆီလမ်းကြောင်းမှာ နေရာချပေးထားတာတွေလည်း ရှိပါတယ်။ ဆီပန့် နှစ်လုံး သုံးတဲ့ကားတွေလည်း ရှိပါတယ်။ တစ်လုံးက တိုင်ကီထဲကနေ ဆီကို စုပ်ထုတ် ပို့ပေးပြီး ဆီလမ်းကြောင်းမှာရှိတဲ့ ပန့်ကနေ ပင်မပန့်အဖြစ် တာဝန်ယူပြီး လုပ်ကိုင်ပေးပါတယ်။

 

အင်ဂျင်တာနဲ့ အင်၈ျင်ကို ဆီကျွေးနိုင်ဖို့ အတွက် ဆီကန့်ကနေ ပန့်နဲ့ မှုတ်တင်ပေးပါတယ်။ ဒီတော့ ဆီကို ဖိအားပြင်းပြင်းနဲ့ ပေးပို့နိုင်အောင် လုပ်ထားကြရပါတယ်။ ယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အရည်အသွေးနဲ့ အဆင့်အတန်းကို ထိန်းထားနိုင်တာကြောင့် နာမည်ရထားတဲ့ Bosch ရဲ့ လျှပ်စစ်မော်တာ ပန့်စတိုင်မှာ ဆိုရင် ပန့်တစ်မိနစ်ကို ပတ်ရေ ၇၀၀၀ လည်ပါတယ်။. ဖိအားက ၈၀ ပီအက်စ်အိုင် ရှိပါတယ်။ ဆီပန့်တွေပေးတဲ့ ဖိအားက ၃၀ကနေ ၈၅ ပီအက်စိအိုင်အထိ ရှိပါတယ်။. ဒါမှလည်း အက်ဂျက်တာတွေဆီကို ဆီကို ပန်းထုတ်ပြီး ဖြန်းပက်ဖို့ အား လုံလုံလောက်လောက်ရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ ဖိအားနည်းနေမယ်ဆိုရင် အင်ဂျင်က ဆီငတ်နေမယ်။. အားနည်းနေမယ်။ စက်ခုတ်တာ မမှန်တော့ပါဘူး။ ဖုန်းဖုန်း ဒိုင်းဒိုင်းအသံတွေ မြည်နေပါမယ်။ 

 

သိပ်များလွန်းရင်လည်း ဆီတွေ အကုန် ပေါက်လောင်နိုင်ခြင်း မရှိတာကြောင့် မီးခိုးအူးပြီး စက်သံကြမ်းနေမှာ ဖြစ်ပါတယ်။ဆီကန်ထဲမှာ ပန့်ကို စိမ့်ထားတဲ့အတွက် ပန့်သံကို မကြားရတော့ဘဲ နားအေးတယ်။ ပြီးတော့ ပန့်ကိုလည်း အေးစေပါတယ်။ ဆီထဲ စိမ့်ထားတာဆိုတော့ ပူတက်မလာတော့ဘူး။ ဒါပေမဲ့ တိုင်ကီထဲမှာ ဆီလက်ကျန် လေးပုံ တစ်ပုံထက် နည်းအောင် မောင်းတာများရင် ပန့်က မအေးနိုင်တော့တာကြောင့် ပျက်စီးတတ်ပါတယ်။ သက်တမ်းတိုသွားမယ်။ တကယ်တော့ ကားတည်ရှိနေသရွေ့ ပန့်မပျက်အောင် သက်တမ်းရှိနေဖို့ အရည်အသွေးပိုင်းကို ဂရုတစိုက်နဲ့ ထုတ်လုပ်ပေးထားတာကြတာ ဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့် ပျက်တာလည်း ရှိပါတယ်။

 

တိုင်ကီလဲ ဆီလက်ကျန် နည်းနည်းနဲ့ မောင်းတဲ့အခါ ကားကွေ့ချလိုက်ရင် ဘရိတ်ဆောင့်အုပ်လိုက်ရင် ဆီတွေက တစ်ဖက်ကို ပြေးကပ်တာကြောင့် ပန့်ကဆီထဲမှာ မရှိတော့တဲ့ အဖြစ်ကို ကြုံရပြီး ပူတက်ရာက ပျက်သွားတတ်ပါတယ်။ ပန့်ပျက်သွားရင် ဆီတိုင်းကဂရိယာနဲ့တကွ လဲမှ အဆင်ပြေတာမျိုးရှိသလို ပန့်ချည်း သက်သက်လဲလိုက်လို့ ရတာမျိုးတွေလည်း ရှိပါတယ်။ ဆီပန့်တွေက ဒီဇိုင်းအမျိုးမျိုးရှိပါတယ်။ စုပ်ကွက်ပါတဲ့ ဆီပန့်မျိုးလည်း ရှိပါတယ်။ ရိုလာဆဲလ်ပန့်လို့ ခေါ်ပါတယ်။ စတီးသားကွင်းထဲမှာ လည်နေတဲ့ ရိုလာအ၀ိုင်းမှာ ဆီခိုအောင်းလိုက်ပါဖို့ အချိုင့် စုပ်ကွက် ဆဲလ်ကလေးတွေပါပါတယ်။ အ၀င်လမ်းမှ ဆီကို ဆဲလ်အချိုင့်ထဲလိုက်ပါသွားပြီး အထွက်လမ်းပေါက်မှာ ဆက်လိုက်လို့မရအောင် လုပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ လည်နေတဲ့ ရိုလာအ၀ိုင်းရဲ့ လှည့်ချက်ကို စတီးသားအ၀ိုင်းအိမ်ရဲ့ ဗဟိုချက်ကနေ နည်းနည်းနေရာလွဲပေးပြီး လှည့်ပေးနေတာ ဖြစ်ပါတယ်။

 

ဒလက်တွေ သုံးတဲ့ ပန့်တွေလည်း ရှိပါတယ်။ အခုနောက်ပိုင်းမှာ တော့ အ-ပိုင်းမှာ ဖော်ပြခဲ့တဲ့ တာဘိုင်အင်ပဲလာပန့်တွေကို အသုံးများလာကြပါတယ်။ပန့်ပျက်လို့ အသစ်လဲရင် နဂိုပန့်ရတာ မရတာထက် ပန့်ကပေးတဲ့ ဖိအားတန်ဖိုးကို ကိုက်ညီဖို့ကို ဂရုပြုရပါတယ်။ ဖိအားမတူရင် ဆီကျွေးတာ နည်းတာဖြစ်ဖြစ် များတာဖြစ်ဖြစ် ကြုံရမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဖိအားလည်း တူရမဲ့အပြင် ပေးပို့တဲ့ ထုထည်ပမာဏလည်း တူရမှာ ဖြစ်ပါတယ်။ အရာရာကို ကွန်ပျူတာဖြင့် ထိန်းချုပ်က ကိုင်တွယ်ပေးတဲ့ကားတွေရဲ့ ခေတ်မှာ လျှပ်စစ်ဆီပန့်ကိုလည်း ကွန်ပျူတာဖြင့်ပဲ ကိုင်တွယ်ပေးတာပါ။ ပါဝါထရိန်း မော်ဂျူး (Powertrain control Module) အတိုပောက်အားဖြင့် ပီစီအမ် လို့ခေါ်ပါတယ်။ သော့ကိုလှည့်ပြီး စက်နိုးတဲ့အခါ ပိစီအမ်က ပန့်ကို အလုပ်စလုပ်ဖို့ စေခိုင်းလိုက်ပါတယ်။. ဒီအခါ ပန့်ထဲမှာရှိတဲ့ မော်တာက ထလည်ပါတော့တယ်။

 

ဒီအခါ ဆီစုပ်တဲ့ အလုပ်ကို စလုပ်ပါတယ်။ ဆီတွေ ပန့်အိမ်ကို အ၀င်မှာ ဆန်ခါကို ဖြတ်ရပါတယ်။ အနည်တွေ၊ အမှုန်တွေ၊ သံချေးမှုန်တွေကို ပါမလာအောင် ဆန်ခါက စစ်ပေးပါတယ်။ ပန့်ထဲမှာ အတွန်းခံရပြီး ဆီတွေ အထွက်ပေါက်ကို ပြေးထွက်လာကြပါတယ်။ တစ်လမ်းသွားဘားတွေက အထွက်ကိုခွင့်ပြုပြီး ပြန့်ဝင်တာကို ခွင့်မပြုပါဘူး။ ဘာလို့ တစ်လမ်းသွားဘားနဲ့တားထားရတာလဲဆိုရင် ပန့်က အချိန်ပြည့်လည်မနေပါဘူး။ ပီစီအမ်က ဖိအားနဲ့ ဆီပမာဏလိုသလောက်ရတဲ့အခါ ပန့်ကို နားခိုင်းထားလိုက်ပါတယ်။ ဒီအခါ ဆီက နောက်ဖက်မှာ တွန်းထားတာ မရှိလို့ နောက်ပြန် စီးလာတာကို တားဆီးပေးထားတာ ဖြစ်ပါတယ်။ ဖိအားလျော့မကျ နိုင်အောင် ပိတ်ကားထားလိုက်တာပဲ ဖြစ်ပါတယ်။

 

ဆီတွေက ဆီပိုက်လိုင်း တစ်လျှောက်မှာ စီးသွားတယ်။ ဆီစစ်ကိုရောက်ပြီး ဆီစစ်က ပန့်အ၀င်မှာ ရှိတဲ့ ဆန်ခါကို ကျော်ပြီး လွတ်လာတဲ့ အမှုန့်တွေ၊ သံချေးအစအနေတွေံ ပါလာတတ်တာကို စစ်ပေးတာ ဖြစ်ပါတယ်။ ပန့်အ၀င်ဝမှာ မတတ်ရတာက စုပ်အားကို ပိတ်ကာသလို ဖြသ်မှာ စိုးတာရယ်။ ချေးများတဲ့အခါ ဖြုတ်လဲဖို့ လွယ်ကူစေဖို့ရယ် အတွက် ဆီစစ်ကို တစ်ထပ်သတ်သတ် ထပ်တပ်ထားပေးထားတာ ဖြစ်ပြီး အလွယ်တကူ ဖြုတ်လို့ တပ်လို့ရတဲ့ နေရာမှာ အလွယ်တကူ ဖြုတ်လို့ရအောင် လုပ်ပေးထားပါတယ်။ ဒီလို လွယ်အောင် လုပ်ပေးထားတာတောင် ဖြုတ်မလဲဖြစ်လို့ ဆီစစ်ပိတ်တဲ့အထိ ထားတဲ့သူတွေလည်း ရှိပါတယ်။

 

ဆီစစ်ပိတ်လို့ လမ်းလယ်ခေါင်းမှာ ကားစက်ပျက်တဲ့အခါ ဆီစစ်ကို ပါးစပ်နဲ့ ဆီစုပ်ထည့်၊ လှုပ်ခါ၊ ဆီညစ်တွေ ပြန်မှုတ်ထုတ်ပြီး လက်ပူတိုက်ရပါတယ်။ ဆီစစ်က အင်ဂျင်တာမှာ ချေးမပိတ်အောင် ကာကွယ်ပေးပါတယ်။ ဆီစစ်ကနေ ခရီးဆက်ထွက်လာတဲ့ဆီတွေက အင်ဂျင်ကို ရောက်သွားကြပါတယ်။ အက်ဂျင်တာတွေကို ဆီကျွေးပေမဲ့ တန်းဆီကို ရောက်သွားကြတယ်။ အဲဒီမှာ ဖိအားထိန်းရှိပါတယ်။ သူက လိုတာထက်ပိုနေရင် ပိုနေတဲ့ ဆီပမာဏကို ဖယ်ထုတ်ပြီး ကွန်ပျူတာက ကျွေးခိုင်းတဲ့ ပမာဏ အတိုင်း အင်ဂျက်တာတွေဆီကို အချိန်ကိုက် ပြီး ဆီလွတ်ပေးပါတယ်။

 

 

ဖယ်ထုတ်ခံရတဲ့ ဆီတွေကတော့ တိုင်ကီဆီကို ပြန် ရောက်သွားကြပါတယ်။ တစ်ချို့ကားတွေကျတော့ ပီစီအမ်က အင်ဂျင်နိုးထားသရွေ့ ဆီပန့်ကိုပါတောက်လျှောက် လည်ခိုင်းထားပါတယ်။ စက်သတ်တော့မှ ပန့်ကို ရပ်လိုက်ပါတော့တယ်။တစ်ချို့ကားတွေကတော့ ယာဉ်တိုက်မှု ဖြစ်ပွားတာနဲ့ ပီစီအမ်က ပန့်ကိုရပ်ပစ်လိုက်ပါတယ်။ ဆီပိုက်လိုင်းမှာ ဆီယိုပေါက်ရှိနေခဲ့ရင် မီးဘေးအန္တရာယ် ရှိတာကြောင့် ဆီကိုမလွတ်ခိုင်းတော့တာ ဖြစ်ပါတယ်။ ကားက ဆောင့်ရပ်မိလိုက်တာနဲ့ ပန့်ကရပ်သွားပါတယ်။ ဒတ်ရှ်လုတ်မှာ တပ်ဆင်ပေးထားတဲ့ ဘေးကင်းရေးခလုတ်ကိုနှိပ်ပြီး ပီစီအမ်ကို ပန့်ပုံမှန်ပြန် အလုပ်လုပ်ကြောင့် သိစေရပါတယ်. တစ်ချို့ကားတွေမှာ ပန့်လည်နှုန်းကို ဆီဖိအားနဲ့ ပမာဏလိုအပ်ချက်အရ ပီစီအမ်က လိုတိုးပိုလျော့ လုပ်ပေးပါတယ်။

 

 

ရိုလာဆီပန့်နဲ့ ဆီကျွေးစနစ်

ရိုလာဆဲလ်အသုံးပြုတဲ့ ဆီထောက်ပံရေးစနစ်မှာ အဆစ်အပိုင်းတွေ အဖြစ် လျှပ်စစ် ဆီပန့်၊ ဆီစုဆောင်းရေး၊ ဆီစစ်၊ ဖိအား ထိန်းကွပ်မှု ပင်မနဲ့ ဆီပန်းဘားတွေ ပါဝင်ကြပါတယ်။ ဒီတော့ အပေါ်က တင်ပြခဲ့တဲ့ လျှပ်စစ်မော်တာ ပန့်စနစ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဆီစုဆောင်းရေးဆိုတဲ့ အဆင့်တစ်ဆင့် ပိုပါနေပါတယ်။ ဆီစုဆောင်းရေး ကရိယာကို (Accumulator) လို့ခေါ်ပါတယ်။. သူက ဆီကိုရယူထားပြီး လိုအပ်ရင် ပြန်ထုတ်ပြီး ဖြည့်တင်းပေးပါတယ်။ ဘာလို့သူကို ထည့်သုံးထားရသလဲဆိုတော့ ရိုလာဆဲလ်ပန့်မှာ ပါတဲ့ စုပ်ခွက်ကလေးတွေက တစ်ခုနဲ့တစ်ခုကြားမှာ အဆက်ပြတ်နေပါတယ်။ အင်ပဲလာနဲ့ စုပ်ယူတွန်းထုတ်သလို အမြဲမပြတ်စီးကြောင်းကို မရနိုင်ပါဘူး။ ဆတ်ဆောက်ဆတ်ထောက်ဖြစ်နေပါတယ်။

 

 

ဒီလို ဆတ်တောက်ဆတ်တောက် ဖြစ်နေတာကို ဖြေဖျောက်ပေးဖို့ ( Accumulator) က တာဝန်ယူထားတာပါ။ ဖိအားလျော့လိုက်တက်လိုက်နဲ့ ဆတ်ထောက်ဆတ်ထောက်ဖြစ်နေတာမှာ လျော့တဲ့အချိန်မှာ သူထဲက ဆီကို ထုတ်ပေးပြီး များတဲ့အခါ သူက ဆွဲယူထားပြီး ဖြေဖျောက်ပေးတာ ဖြစ်ပါတယ်။ နောက်ထပ် တာဝန်တစ်ခုကတော့ အင်ဂျင်မအေးသေးခင်မှာ စက်သတ်ထားရာက စက်ပြန်နိုးရင် ဆီအဆင့်သင့်ယူပြီးသား ဖြစ်နေအောင်လည်း လုပ်ပေးထားပါတယ်။

 

 

Credit; CG GPS Myanmar

Read times
Rate this item
(1 Vote)