Tips



မှန်ကန်တဲ့ကားဘက်ထရီကို ဘယ်လိုရွေးချယ်ကြမလဲ

မှန်ကန်တဲ့ကားဘက်ထရီကို ဘယ်လိုရွေးချယ်ကြမလဲ google

ကျွန်တော်တို့အားလုံးလည်း ကြုံဖူးကြမှာပါ။ အရေးတကြီး သွားစရာရှိတဲ့အချိန်မျိုး၊ အလျင်အမြန်သွားမှဖြစ်မယ့် အခါမျိုးမှာ ကားဘက်ထရီပျက်နေတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

 

သင်ဟာ အရေးပေါ်ကျန်းမာရေးအခြေအနေ၊ အရေးကြီး တွေ့ဆုံပွဲတွေကိုသွားရမယ့်အခါမျိုးတွေ၊ လေဆိပ်လိုမျိုး အချိန်ကိုက်ရောက်နေဖို့လိုအပ်တဲ့ နေရာမျိုးတွေကို သွားဖို့အချိန်ကနီးကပ်ပြီး အလျင်စလိုဖြစ်နေပြီပဲဆိုပါတော့။ ကားထဲကို ခုန်ဝင်လိုက်ပြီး ပျက်ယွင်းနေတဲ့ ဘက်ထရီဆီက လျှပ်စစ်ဓါတ်ကိုထုတ်ယူဖို့ သော့တံကို လှည့်တာပဲဖြစ်ဖြစ်၊ ခလုတ်ကိုနှိပ်တာပဲဖြစ်ဖြစ် ကားကို စက်နှိုးလိုက်တဲ့အခါမှာ အားလျော့နေတဲ့ စက်သံပျော့ပျော့ဟာ သင့်ရဲ့ စိုးရိမ်စိတ် ရေအမှတ်ကို အမြင့်ဆုံးအထိ တွန်းတင်စေမှာ အမှန်ပါပဲ။ ဒီလိုမျိုးမဖြစ်စေဖို့ ဒါမှမဟုတ် အရေးတကြီး အရာတွေ မဆုံးရှုံးဖို့ဆိုရင် သင်ပိုင်ဆိုင်ထားတဲ့ကားအတွက် အမှန်ကန်ဆုံး ဘက်ထရီ လိုအပ်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းလို့ရမှာ မဟုတ်ပါဘူး။

 

ကောင်းပါပြီ။ ဘက်ထရီအသစ်တစ်လုံး ဝယ်တော့မယ်ပဲထားပါ။ ဘယ် အမှတ်တံဆိပ်၊ ဘယ်လိုအမျိုးအစား၊ ဘယ်လောက်တန်တဲ့ ဘက်ထရီကို ဘယ်နေရာက ဝယ်မှာလဲ? ဘယ်လိုရွေးချယ်ကြမလဲ?

 

ဘယ်ဟာက အကောင်းဆုံး ဘက်ထရီဖြစ်မလဲဆိုတဲ့ မေးခွန်းတွေအတွက် အရိုးအရှင်းဆုံးအဖြေကတော့ သင့်မော်တော်ယာဉ်အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဘက်ထရီကိုဝယ်ပါ ဆိုတာပါပဲ။ ကုန်ကျမယ့် စာရိတ်အတွက် အကောင်းဆုံးပြန်လည်ရရှိနိုင်မယ့် ဘက်ထရီဖြစ်ဖို့အတွက် သင်ဟာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ မလိုအပ်ပါဘူး။ အသုံးပြုသူ အညွှန်းစာအုပ်ကပဲဖြစ်ဖြစ်၊ online ပေါ်ကနေပဲဖြစ်ဖြစ် အလွယ်တကူ ရှာဖွေဝယ်ယူလို့ရပါတယ်။

 

ဘက်ထရီအသစ်တစ်လုံး ဝယ်ယူတာကတော့ ကျွမ်းကျင်မှုမလိုပေမယ့် လဲလှယ်ဖို့ဆိုရင်တော့ ကျွမ်းကျင်ဖို့ လိုလာပါပြီ။ တအားကြီးတော့ မခက်လှပါဘူး။ တစ်ချို့ ဘက်ထရီဆိုင်တွေဆိုရင် သူတို့ဆီကနေဝယ်ယူတဲ့ သူတွေကို အခမဲ့ တပ်ဆင်ပေးနေတာပါ။ တကယ်လို့ မဖြစ်မနေ ကိုယ့်ဘာသာ ဘက်ထရီ လဲလှယ်ရမယ်ဆိုရင်တော့ အသုံးပြုသူ အညွှန်းစာအုပ်ကို သေသေချာချာဖတ်ဖို့ အကြံပေးပါရစေ။ ကားဝယ်ယူစဉ်က မပါလာရင်တော့ online ကနေပြီး ကိုယ့်ကားရဲ့ အမျိုးအစား၊ model နဲ့ ထုတ်လုပ်တဲ့ခုနှစ်ကို ရိုက်နှိပ်ရှာဖွေနိုင်ပါတယ်။ အရင်တုန်းက ကားတွေမှာ ဘက်ထရီလဲမယ်ဆိုရင် အမခေါင်းကို အရင်ဖြုတ်၊ ပြန်တပ်ရင် အမခေါင်းကို နောက်ဆုံးတပ် ဒါကိုသိထားရုံပါပဲ။ ဒီနေ့ခေတ်ကားတွေမှာတော့ ဘက်ထရီရဲ့ ကဏ္ဍဟာ တော်တော်လေးအရေးပါလာတဲ့အတွက် ကားအတွင်း တပ်ထားတဲ့ ဘက်ထရီကိုမဖြုတ်ခင်မှာ အခြားအပို ဘက်ထရီတစ်ခုနဲ့ အရင်ချိတ်ထားဖို့လိုတာကိုလည်း သတိပြုရမှာပါ။

 

Readmore;အလိုအလျောက်မောင်းနှင်မှုစနစ်သုံး အာကာသကားကို ပြသခဲ့တဲ့ Toyota

 

ဘက်ထရီအသစ် မဝယ်ယူမီ အရွယ်အစား သတိထားပါ

 

ဘက်ထရီအသစ်တစ်လုံးဝယ်တော့မယ်ဆိုရင် ပထမဆုံး သတိထားရမှာကတော့ အရွယ်အစားပါပဲ။ ဒီနေ့ခေတ်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဘက်ထရီတွေဟာ အမျိုးအစား ကျယ်ကျယ်ပြန့်ပြန့် အမျိုးမျိုးဖြစ်နေတဲ့ မော်တော်ယာဉ်တော်တော်များနဲ့ အလောတော်တော့ ဖြစ်နေကြပေမယ့် သတိနည်းနည်းတော့ ထားရမှာပါ။ Size 24/24F (top terminal) ဘက်ထရီတွေဆိုရင် Honda Acura Toyota Lexus Nissan နဲ့အခြားမော်တော်ကားအမျိုးအစားများစွာအတွက် အလောတော်ပါပဲ။ Size 35 (top terminal) ဘက်ထရီတွေဆိုရင်လည်း မကြာသေးမီကထွက်ရှိထားတဲ့ ဂျပန်ကားတွေဖြစ်ကြတဲ့ Toyota တွေ၊ Nissan တွေ၊ Honda တွေ၊ Subaru တွေနဲ့ ကွက်တိပါ။ ဥရောပနဲ့ အမေရိက ကားအများစုအတွက် သင့်တော်တဲ့ ဘက်ထရီ အရွယ်အစားကတော့ size 48H6 (top terminal) ပါ။ သင့်ကားအတွက် ဘက်ထရီ ဘယ်အရွယ်အစားအသုံးပြုရမလဲဆိုတာကို အတိအကျသိချင်ရင်တော့ အသုံးပြုသူ လမ်းညွှန်ကိုသာ ဖတ်ကြည့်ပါတော့။

 

သင့်ကားအတွက် ဘယ်လို ဘက်ထရီအမျိုးအစား လိုအပ်မှာလဲ?

 

သာမန် မော်တော်ကား အားလုံးနီးပါးမှာ အသုံးပြုလေ့ရှိတာကတော့ 12-volt SLA (sealed lead-acid) အမျိုးအစားဖြစ်ပြီး အချို့မှာတော့ မူကွဲနည်းနည်းရှိပါတယ်။ SLA ကို VRLA (valve-regulated lead-acid) ဘက်ထရီလို့လည်း ခေါ်ကြပါတယ်။ စွမ်းဆောင်ရည်အလွန်မြင့်တဲ့ ကားတစ်ချို့ကတော့ lithium-ion ဘက်ထရီတွေနဲ့လာတာပါ။ နဂိုတုန်းကဆိုရင် ဘက်ထရီအက်ဆစ်တွေကို ပြုပြင်ထိန်းသိမ်းပေးရတာမျိုးတွေရှိပေမယ့် ဒီနေ့ ဘက်ထရီတွေမှာတော့ ပြုပြင်ထိန်းသိမ်းစရာမလိုဘဲ ချိပ်ပိတ်ထားတာမျိုးတွေပဲ များပါတော့တယ်။ AGM (absorbent glass mat) ဘက်ထရီကတော့ ပုံမှန် SLA ဘက်ထရီတွေထက် ပိုမိုတာရှည်ခံတဲ့အပြင် အားသွင်းတဲ့အကြိမ်အရေအတွက်လည်း များများပိုရတယ်လို့ ဆိုကြပေမယ့် SLA ဘက်ထရီတွေကတော့ စံ အဖြစ် အသုံးပြုနေကြတာပါ။ DOD (depth of discharge) အကောင်းဆုံး ဘက်ထရီတွေကတော့ Gel-cell ဘက်ထရီတွေဖြစ်ပေမယ့် အရမ်းပူ/အရမ်းအေး တဲ့အခါမျိုးတွေမှာတော့ ပြဿနာရှိတဲ့ ဘက်ထရီမျိုးပါ။ သင့်လျော်စွာအကြံပြုလိုတာတစ်ခုကတော့ အရင်တုန်းက သုံးခဲ့ကြတဲ့ ဘက်ထရီအစိုတွေကို ဒီဘက်ခေတ်ကားတွေမှာ အသုံးမပြုဖို့ပါ။ ဒါကတော့ မှန်ကန်တဲ့ ရွေးခြယ်မှုတစ်ခုမဟုတ်တာ သေချာပါတယ်။

 

Engine-Starting Power

 

နောက်တစ်ခု စစ်ဆေးရမှာကတော့ မော်တော်ယာဉ် ဘက်ထရီရဲ့ engine-cranking power ပါ။ ဒါကိုတော့ CA (Cranking Amps) ဒါမှမဟုတ် CCA (Cold Cranking Amps) နဲ့ဖေါ်ပြကြပါတယ်။ ၃၂ ကနေပြီး ၀ ဒီဂရီ ဖာရင်ဟိုက်ရှိတဲ့ အပူချိန်မှာ စက္ကန့် ၃၀ အတွင်း လျှပ်စစ် စီးနိုင်တဲ့နှုန်းကို အမ်ပီယာနဲ့တိုင်းတာထားတာပါ။ CA/CCA ရဲ့ကိန်းဂဏန်းပိုများလေ ပိုကောင်းလေပါပဲ။

 

ဘက်ထရီနှင့် ပတ်သက်ပြီး နောက်ထပ်သိထားသင့်သည်များ

 

နောက်ထပ်သိထားသင့်တာတွေထဲက တစ်ခုကတော့ ဘက်ထရီရဲ့ စွမ်းအင်သိုလှောင်နိုင်စွမ်းပါ။ ဘက်ထရီဟာ charging သွင်းနေတဲ့အနေအထားမျိုးမှာမဟုတ်ဘဲ သင့်ကားရဲ့ မီးကြီးကို ဘယ်လောက်ကြာကြာဖွင့်ထားနိုင်မလဲဆိုတဲ့ ကိန်းဂဏန်းလည်းဖြစ်ပါတယ်။ တစ်နာရီခွဲလောက်ခံတယ်ဆိုရင် ကောင်းမွန်ပြီး နှစ်နာရီလောက်ဆိုရင်တော့ ပိုကောင်းတာပေါ့။

 

နောက်တစ်ခုကတော့ warranty ပါ။ အနည်းဆုံး ၃ နှစ်နဲ့ အပြည့်အဝ အစားထိုးလဲလှယ်ပေးခြင်းအပြင် ထပ်ဆောင်း ခံစားခွင့်အချို့ပါ ပါသင့်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာတစ်ခုကတော့ BMW အမျိုးအစား အချို့သော ကားအမှတ်တံဆိပ်တွေဟာ သူတို့ကားတွေမှာ အသုံးပြုမယ့် ဘက်ထရီတွေကို coding လုပ်ရမှာဖြစ်ပြီး တကယ်လို့ မလုပ်ထားဘဲ အသုံးပြုမယ်ဆိုရင်တော့ charging ဝင်မှာ မဟုတ်ဘူး ဆိုတာပါ။ တကယ်လို့ လဲလှယ်တပ်ဆင် အသုံးပြုချင်တယ်ဆိုရင်တော့ BMW ရောင်းချတဲ့နေရာတွေ၊ နာမည်ကျော် service ဆိုင်တွေမှာ BMW-specific OBDII software နဲ့ coding ပြန်လုပ်ဖို့လိုပါလိမ့်မယ်။

 

ကုန်ကျစာရိတ်

 

ဒါကတော့ ရှင်းပါတယ်။ ပိုကောင်းတာလိုချင်ရင် ပို ကုန်ကျပါလိမ့်မယ်။ သာမန်အားဖြင့်တော့ ကားဘက်ထရီတစ်လုံးအတွက် အနည်းဆုံးအနေနဲ့ $100 ကနေ $300 အကြား ကုန်ကျနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ သတိပေးချင်တာကတော့ ဘက်ထရီအသစ်တစ်လုံးဝယ်ပြီး ကိုယ့်ဘာသာပဲ လဲလဲ၊ ဆိုင်မှာသွားပြီးပဲ လဲလဲ ဘက်ထရီအဟောင်းကို စနစ်တကျစွန့်ပစ်နိုင်ဖို့ ဂရုစိုက်ကြပါ ဆိုတာပါပဲ။

 

 

Credit;စိုင်းဆိုင်(ရန်ကုန်)

Read times
Rate this item
(1 Vote)