How To

၎ ညအိပ် ၅ ရက်လောက်နဲ့သီတင်းကျွတ်မှာ ဘယ်လိုခရီးသွားရမလဲစဉ်းစားနေရပြီလား

၎ ညအိပ် ၅ ရက်လောက်နဲ့သီတင်းကျွတ်မှာ ဘယ်လိုခရီးသွားရမလဲစဉ်းစားနေရပြီလား google

မွေတော်ကက္ကူ ကနေ ထမ့်ဆမ်းကိုတိုက်ရိုက်သွားတဲ့လမ်းကြောင်းလေးလည်းပါတော့ အဆင်ပြေတယ်နော်

လမ်းခရီးမှာ သက်သက်သာသာနဲ့ စားသောက်နိုင်မယ့် စားသောက်ဆိုင်လေးတွေနဲ့ ဒေသထွက်စားသောက် စရာဆိုင်သေးသေးလေးတွေကအစ ဖော်ပြပေးထားလို့ အစားတစ်လိုင်းမြည်းစမ်းချင်လည်း အိုကေတယ်လို့

ဘယ်နေရာတွေရောက်မှာလဲအမြည်းလေး

မိုးလေကင်းလွတ်တဲ့သီတင်းကျွတ်ကာလမှာ မိသားစုလိုက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဆိုဆို သွားလာလို့ ကောင်းမယ့် တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ၊ ရွာငံ နဲ့ကလောခရီးစဉ်လေးက အဆင်ပြေမယ်ထင်ပါတယ်။ ပုဂံမှ အာနန္ဒာ ဘုရားပုံစံကို ပုံတူပွါး တည်ထား ပူဇော်ကိုးကွယ်ထားတဲ့ စူဠာမုနိစေတီတော်၊ တောင်ကြီးမြို့ရဲ့ အလှအပကို အပ်ါစီးကနေ ခံစားစေရမယ့် ရွှေဘုန်းပွင့်စေတီ နဲ့ပတ္တမြားလှိုင်ဂူ ၊ အလောင်းစည်သူမင်းကြီး တည်ထားခဲ့တဲ့ သမိုင်းဝင် မွေတော် ကက္ကူ၊ ဟိုပုံးရဲ့ သာသနာရောင် ထွန်းပြောင်နေတဲ့ ထမ့်ဆန်း လှိုင်ဂူတော်၊ အဆင်းလှတဲ့ ပင်းတယရဲ့ နတ်သမီး ၇ နှဖော် ပျော်စံရာ ပုန်းတလုတ်ရေကန်သာ ၊ အလောင်းစည်သူ မင်းကြီးတည်ခဲ့တဲ့ သမိုင်းဝင်တန်ခိုးကြီး ဘုရားတွေ ပြည့်နက်နေတဲ့ ရွှေဥမှင် သဘာဝ လှိုင်ဂူတော် ၊ ရှမ်းစော်ဘွားတွေစိုက်ပျိုးခဲ့တဲ့ သက်တန်းရင့် ညောင်ညိုပင်ကြီးတွေ ၊ ဘူမိနက်သန်ကောင်းပြီး ရောက်တဲ့သူတိုင်း စိတ်ချမ်းမြေ့စေတဲ့ ကုံလုံဆရာတော် စံကျောင်းတွေနဲ့ ထင်းရှုးမြို့တော်လို့ တင်စားရမယ့် ကလောရဲ့ မြင်းမထိလှိုင်ဂူ တောင်ပေါ်ဒေသ ရှူခင်းတွေ ရှေးခေတ်က အဆောက်အဦး စတာတွေကို ၀င်ရောက်လည်ပတ်၊ ဖူးမျှော်နိုင်သလို ခရီးသွားရင်းဓာတ်ပုံရိုက်တာဝါသနာပါသူတွေအတွက် အထူးအဆင်ပြေ စေမယ့် တောင်ကြီး ဟိုပုံး ပင်းတယ ရွာငံ ကလော ခရီးစဉ် ၄ ညအိပ် ၅ ရက်ခရီးစဉ် လေးကိုစကြည့်ရအောင်။

ဘယ်နှစ်နာရီစထွက်မလဲ၊ ဘယ်နားမှာနားမလဲ

ပုံမှန်အားဖြင့် ရန်ကုန် ကနေ တောင်ကြီးကို ၁၂ နာရီဝန်းကျင်ခန့်မောင်းရပါတယ်။

ရန်ကုန်ကနေ ညနေ ၆ နာရီ စထွက်ပါမယ်။ လမ်းမှာ ၁၁၅ မိုင်မှာ နာရီဝက် အောင်ပန်းမှာ နာရီဝက်နားပါမယ်။ ကားသမားလည်း နည်းနည်းအနားရပါတယ်။ တစ်ရေးတစ်မောလေးနားတော့ ပိုပြီးစိတ်ချရပါတယ်။

တောင်ကြီးကိုမနက် ၆ နာရီလောက်မှာ ရောက်ပါမယ် မနက်စာကို အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ တောင်ကြီးမြို့ရဲ့နာမည်ကြီး တောင်ကြီးကဖေးမှာ မနက်စာ စားရင်း ၁နာရီခန့် နားပါမယ်။

တောင်ကြီးကနေ ၇ နာရီစထွက်ပါမယ် မွေတော်ကက္ကူကို ပုံမုန်မောင်းရင် ခန့်မှန်းကြာချိန် ၁နာရီခွဲပါ။

ဆိုတော့ ၈နာခွဲလောက်ဆိုရင် ရောက်ပါပြီ။ မွေတော် ကက္ကူမှာ ရှေးဟောင်းဘုရားတွေကို ဖူးမျှော်ရင်း ဓါတ်ပုံလေးတွေ ရိုက်ရင်း ဒေသခံ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ၀တ်စားပုံတွေကို တွေ့မြင်ရမှာဘဲဖြစ်ပါတယ်။ မွေတော် ကက္ကူကနေ ၉နာခွဲ ပြန်ထွက်ပြီး ထမ့်ဆမ်းကိုသွားပါ့မယ် ။ ပုံမှန်အားဖြင့်ကတော့ ထမ့်ဆမ်းကို သွားရင် တောင်ကြီး ဟိုပုံး ထမ့်ဆမ်း ဆိုပြီးသွားကြတာပါ ။

မွေတော်ကက္ကူ ကနေ ထမ့်ဆမ်းကိုတိုက်ရိုက်သွားတဲ့လမ်းကြောင်း

အခုပြောပြမယ့်လမ်းကြောင်းကတော့ မွေတော်ကက္ကူ ကနေ ထမ့်ဆမ်းကိုတိုက်ရိုက်သွားတဲ့လမ်းကြောင်းပါ။ မွေတော်ကက္ကူ ဘမ်းယဉ် နောင်မွန် ဟိုပုံးလမ်းကြောင်းပါ။ မွေတော်ကက္ကူ ဘုရားရဲ့တောင်ဘက် မှာ အရှေ့ဘက်ကို သွားတဲ့လမ်းလေး တစ်လမ်း ရှိပါတယ် လမ်းညွန်ဆိုင်းဘုတ်လည်းရှိပါတယ် တကယ်လို့ မတွေ့တာဘဲဖြစ်ဖြစ် မသိတာဘဲဖြစ်ဖြစ် အဲ့ဒီနားက ဒေသခံတွေကို မေးလို့ရပါတယ်

အဲ့ဒီ့ကတ္တရာလမ်းအတိုင်း တန်းတန်းလေးထွက်လာမယ် ဆိုရင် ဘန်းယဉ်လို့ခေါ်တဲ့မြို့လေးကိုရောက်ပါတယ် မိနစ် ၂၀ လောက်မောင်းရပါတယ် ကတ္တရာလမ်းအတိုင်း ဆက်မောင်းလာပြီးရင် ရှေ့မှာလမ်းခွဲလေးရှိပါတယ် လမ်းညွန်ဆိုင်းဘုတ်လည်းရှိပါတယ် ဘက်ဘက်မှာ ဟိုပုံးမြို့ လို့ရေးထားပြီး ညာဘက်မှာ ဆီဆိုင်မြို့လို့ရေးထားပါတယ် ဟိုပုံးလို့ရေးထားတဲ့ဘက်ကို ကွေ့ပြီးတန်းတန်းသာမောင်းခဲ့ပါ မိနစ် ၄၀/၅၀ လောက်ကြာရင် ဟိုပုံးမြို့ကိုရောက်ပါမယ် ဟိုပုံးမှာ လမ်းညွှန်ဆိုင်းဘုတ် တွေတပ်ထားပါတယ် မိုင်းပွန်မြို့သို့ဆိုတဲ့ဘက်ကို မောင်းပါ နာရီ ၀က်လောက်မောင်းပြီးရင် လမ်းရဲ့ညာဘက် ဟိုပုံးရေထွက်လို့ခေါ်တဲ့ နေရာလေး မှာ နေ့လယ်စာ စားရင်းခနနားပါမယ် ခန့်မှန်းခြေ ၁၁ နာရီလောက်ပေါ့ အဲ့ဒီမှာ ဆိုင်တွေအများကြီးရှိပါတယ် အဲ့ဒီ့ဆိုင်တွေထဲက ဖွားကောင်းစံ ဆိုတဲ့ ဆိုင်လေးက မဆိုးဘူးပြောရမယ် ဈေးနှုန်းကော အရသာကပေါ့ သူ့ဆိုင်မှာက ကြက်ကြော် နာမည်ကြီးပါတယ်။

တောင်ပေါ်မှာမြင်းစီးချင်သေးလား

တကယ်လို့ အဲ့ဒီမှာ မနားချင်ဘူးဆိုရင် အဲ့နေရာကို နည်းနည်းလောက် ကျော်သွားလိုက်တာနဲ့ လမ်းရဲ့ညာဘက်မှာ Little Hopone ဆိုတဲ့ စားသောက်ဆိုင် ရှိပါတယ် ကားပါကင်ကျယ်ကျယ် ၀န်းဝန်းရှိပါတယ် အစားအသောက်လည်း စုံပါတယ် ထူးခြားတာ တစ်ခုက အဲ့ဒီ့ဆိုင်မှာ မြင်းစီးလို့လည်းရပါသေးတယ် မဆိုးဘူးနော် မြင်းမစီးဖူးသေးရင် အာ့ဆိုင်မှာသွားစားရင်းမြင်းစီးလို့ရတယ်။ ခန့်မှန်းခြေ ၁၂ နာရီလောက်ကျရင် ထမ့်ဆမ်းကို ခရီးဆက်ပါမယ် ၁၂နာရီခွဲလောက်ဆိုရင် ထမ့်ဆမ်းကို ရောက်ပါပြီ။

ပင်းတယမှာညအိပ်မယ်၊ Budget သမားတွေအတွက်ဈေးလည်းတစ်ချက်ကြည့်လိုက်ဦးနော်။

၁နာရီခွဲလောက် ထမ့်ဆမ်း ကနေ တောင်ကြီးကို ပြန်ထွက်ပါမယ် ၃နာရီခွဲလောက်တောင်ကြီးကို ရောက်မှာဖြစ်ပြီး စူဠာမုဏိ ပတ္တမြားဂူ ရွှေဘုန်းပွင့် တောင်ကြီးမြို့မဈေး ၀င်ပါမယ် ညနေ ၆ နာရီလောက် ပင်းတယရောက်ပါမယ် တည်းတာကတော့ ပင်းတယမြို့နယ်ဓမ္မာရုံ မြစ်ဖျားဇော်ဂျီဟိုတယ် သက်တံ့ရောင် သမ၀ါယမတည်းခိုခန်း တွေက အဆင်ပြေပါတယ်။ လူဦးရေများရင် မြို့နယ်ဓမ္မာရုံမှာတည်းသင့်ပါတယ် ရေ မီး အိမ်သာ အဆင်ပြေပါတယ် တစ်ယောက်ကို ၁၀၀၀ လောက်ပဲပေးရပါတယ်။ မြစ်ဖျားဇော်ဂျီ ဟိုတယ်ကတော့ တစ်ခန်းကို ၁၅၀၀၀ ၀န်းကျင်ပေးရပါတယ် ၄ထပ်အဆောက်အဦးဖြစ်ပြီး ပုန်းတလုတ်ကန်ဘေး ဖြစ်တဲ့အပြင် ပင်းတယမြို့မဈေးနဲ့လည်းကပ်လျက်ဖြစ်တော့ တော်တော်အဆင်ပြေပါတယ် သက်တံ့ရောင်တည်းခိုးခန်းကျတော့ တစ်ညမှ ၅၀၀၀ လောက်ဘဲရှိတဲ့အတွက် သက်သက်သာသာနဲ့တည်းခိုချင်တဲ့ သူတွေအတွက် မဆိုးဘူးပေါ့။

ကဲနေဖို့ရပြီဆိုတော့ ညစာစားဖို့အတွက် ဆိုင်တွေကို ညွန်းပါ့မယ်၊

ပုန်းတလုတ်စားသောက်ဆိုင် (ပြည့်ပိုင်မှူးအိမ်ကိုသိကြသလား)

ရွှေဥမှင်ဘုရားသွားတဲ့ လမ်းမှာရှိပြီး မြန်မာအစားအသောက်ကော ဒေသအစားအသောက်တွေပါ ရပါတယ် အချိုပွဲလည်း တည်ခင်းထားပေးပါသေးတယ်။ ကားရပ်လို့အဆင်ပြေသလို သန့်စင်ခန်းတွေကလည်း သပ်သပ်ရပ်ရပ်ပါပဲ။ စားသောက်ဆိုင်ဘေးမှာ ဒေသထွက် ရိုးရာပစ္စည်းဆိုင်လည်း ရှိတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ရောင်စုံ ခမောက်တွေ ရှေးခေတ်မျက်နှာဖုံးရုပ်တွေ မြန်မာ့ရုပ်သေးရုပ်တွေ နဲ့ အလှဆင်ထားတဲ့ ဆိုင်ရဲ့အပြင်အဆင်က ဓါတ်ပုံမရိုက်ချင်တဲ့သူတွေတောင် အမှတ်တရ ရိုက်ချင်စိတ်ဖြစ်သွားမှာပါ ဒီဆိုင်ရဲ့ပိုင်ရှင်ကတော့ လူငယ်စာရေးဆရာ ပြည့်ပိုင်မှုးအိမ်ပါ။ သိတဲ့သူတွေလည်း သိပါလိမ့်မယ်။

ဦးအစိတ်စားသောက်ဆိုင် (ဒေသထွက်အစားသောက်ထက်တရုတ်စာပဲကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်)

ခေါက်ဆွဲကြော် ထမင်းကြော် နှင့် တရုတ်စာတွေ နာမည်ကြီးပါတယ်။ ကြီးတဲ့အတိုင်း စားလို့လည်းကောင်းပါတယ် ပုန်းတလုတ်ကန်ရဲ့ မြောက်ဘက်မှာ ရှိပြီး လမ်းညွန်ဆိုင်းဘုတ်လည်း ရှိပါတယ်။

ထမင်းစားပြီးပြီဆိုရင် ပုန်းတလုတ်ရေကန် တ၀ိုက် လမ်းလျောက်ထွက်မလား မြင်းလှည်းလေးနဲ့ မြို့ပတ်မလား

ဆိုင်ကယ်နဲ့မြို့ပတ်မလား မြင်းလှည်းတွေ ဆိုင်ကယ်တွေ မစီးဖူးသေးတဲ့ လူတွေအတွက် စီး ကြည့်သင့်ပါတယ်။

မနက်စာဘယ်မှာစားမှာလဲ

မနက် ၆ နာရီလောက်ထပြီး ပုန်းတလုတ်ရေကန်ရဲ့ လေကောင်းလေသန့်ကို ရှူရှိုက် လမ်းလျောက်ရင်း မနက်စာကို ပင်းတယဈေးမှာ စားပါမယ်။ ဒေသစာ ဖြစ်တဲ့ တိုဟူးနွေး ရှမ်းခေါက်ဆွဲ တိုဟူးသုတ် ဟင်းထုတ် စတာတွေကို မုန်လာထုပ် အစိမ်း ဂျူးမြစ် တို့နဲ့တွဲဖက်စားရတာကလည်း ဒေသခံ ဓနု တိုင်းရင်းသားတွေရဲ့အစားအသောက်တွေကို တီးခေါက်မိပြီးသား ဖြစ်သွားတာပေါ့။

ရွှေဥမှင်လှိုင်ဂူသွားမယ်

မနက် ၈ နာရီလောက် ရွှေဥမှင်လှိုင်ဂူ ကို သွားပါမယ် ၉ခွဲလောက်ပြန်ထွက်ပါမယ် ရွှေဥမှင်လှိုင်ဂူ ကနေအပြန် တောင်ခြေမှာခနရပ်ပါမယ် တောင်ခြေမှာရှိတဲ့ ညောင်ညိုပင်ကြီးတွေ နဲ့ ဓါတ်ပုံတွဲရိုက်လို့ရသလို မြင်းလည်းစီးလို့ရပါသေးတယ် ၁၀နာရီလောက်ကျရင် ခရီးဆက်ပြီး ကုံလုံဆရာတော် စံကျောင်းကို ၁၀နာရီခွဲ လောက်မှာရောက်ပါမယ် ၁၁ခွဲပြန်ထွက်ပြီး ၁၂နာရီ ပင်းတယကိုပြန်ရောက်ပါမယ်။

ရွာငံရေပြာအိုင်မှာဓာတ်ဖမ်းမယ်၊ရေတံခွန်မှာရေဆော့မယ်

နေ့လည်စာစားပြီး ရွာငံမိန်းမရဲတောင်ကို ၁ နာရီဝန်းကျင်လောက်ရောက်ပါမယ် မိန်းမရဲတောင်ရဲ့ အပေါ်ကိုရောက်ပြီဆိုရင် မြင့်မားလွန်းတဲ့ ရှမ်းတောင်တန်းပြာတန်း တွေကိုကြည့်ရင်း အဆိုတော် စိုင်းဆိုင်မောဝ် ရဲ့ တောင်ပြာတန်းကမောင့်အချစ်ကို ဆိုတဲ့ စာသားက ဘာကိုရည်ညွန်းလဲဆိုတာသိလာပါလိမ့်မယ်။ မိန်းမရဲ ဆိုတာက မိန်းမရဲသခင်မ တစ်နည်းအားဖြင့် မိန်းမရဲ နတ်ကိုပြောတာပါ။ အဲဒီ့ကနေ တောက်လျောက် ရေပြာအိုင်နှင့် တောကျယ်ရေတံခွန် ကိုဆက်သွားပါမယ် တောကျယ်ရေတံခွန်မှာရေကစားချင်ရင် ကစားလို့ရပါတယ် ။ ရွာငံရဲ့ကော်ဖီကိုတော့ ကျွန်တော်တောင်တော်တော်လေးကြိုက်ပါတယ်။

ကလောကိုဆက်သွားနိုင်ကြသေးတယ်ဟုတ်

၃နာရီလောက်မှာ ကလောကို ဆက်ထွက်ပါမယ် မြင်းမထိလှိုင်ဂူကို အရင်ဝင်မှာဖြစ်တဲ့အတွက် ကလောမြို့ကိုမရောက်သေးပါဘူး။ အောင်ပန်း နှင့် ကလော ကြားက လွှိုင်ကော် ကလော လမ်းခွဲကနေ လွှိုင်ကော် လမ်းခွဲအတိုင်း ဆက်မောင်းပြီး နာရီဝက်လောက်ကြာရင် မြင်းမထိ လှိုင်ဂူကိုရောက်ပါပြီ။ မြင်းမထိဂူကတော့ အ၀င်တစ်လမ်း အထွက်တစ်လမ်းပါ။ လမ်းတစ်လျောက်မှာ ဒေသထွက်သီးနှံစိုက်ခင်းတွေ နဲ့ကယားပြည်နယ်ဘက်ကို သွယ်တန်းနေတဲ့ တောင်တန်း တွေကိုမြင်တွေ့ရမှာပါ။ ကလောကို ညနေ ၆ နာရီလောက်မှာရောက်ပါမယ် ကလောမှာတည်းခိုစရာတွေအများ ကြီး ရှိပါတယ် အဲဒီ့အထဲကမှ မြို့ထဲလည်းဖြစ် ဈေးနဲ့လည်းနီး သွားရလာရ လွယ်ကူတဲ့ Winner Hotel ကိုရွေးလိုက်ပါတယ်။ အခန်းခက ၁ညကို မနက်စာအပါ ၂၅၀၀၀ ၀န်းကျင်လောက်က စပါတယ်။ ညစာအတွက်ကိုတော့ ကလောမြို့ရဲ့နာမည်ကြီး သုမောင်စားသောက်ဆိုင်မှာစားလို့ရသလို၊ ဟော့ပေါ့ ကြိုက်တဲ့သူဆိုရင်တော့ အောင်မို့မို့ဟော့ပေါ့ နှင့် အသားကင်ဆိုင်မှာစားလည်းအဆင်ပြေပါတယ် အ၀စားမှ ၅၀၀၀ပါ တော်တော်တန်တယ်ပြောရမယ်။ အသီးအရွက်တွေကလည်းဒေသထွက်ဆိုတော့ လတ်လတ်ဆတ်ဆတ်လေးပေါ့။ Winnner Hotel နဲ့ဆိုရင် ၁၀မိနစ်လောက်ဘဲလမ်းလျောက်ရပါတယ်။

ကလောမှာမိုးလင်းတာနဲ့စဉ်းစားထားသင့်တဲ့နေရာများ           

မနက် ၇ နာရီလောက်ထပြီး တောင်ပေါ်မြိ့လေးရဲ့လေကိုရှုရှိက်ရတဲ့အရသာကတော့ ကျွန်တော်တို့လို့ မြေပြန့်သားတွေအတွက် အထူးခြားဆုံးအတွေ့အကြုံတစ်ခုပါပဲ။ သွားသင့်တဲ့နေရာတွေကတော့(၁) ကလောမြို့ရဲ့အထင်ကရ နာရီစင်၊ (၂) ထင်းရှူးမြို့တော် ဆိုတဲ့အတိုင်း ထင်းရှူးပင်တွေနဲ့ကလောပန်းခြံ ၊ (၃) ကလောဘူတာရုံ ၊ (၄) နှစ်၁၀၀ ကျော်ပြီဖြစ်တဲ့ ရှေးခေတ်လက်ကျန် Kalaw Heritage Hotel ၊ (၅) နှစ်၁၀၀ရှိပြီဖြစ်တဲ့ Church ၊(၆) Café Kalaw၊ (၇) နှီးဘုရား ၊(၈)ကလောမြိ့အလှကို အပေါ်စီးကနေကြည့်နိုင်တဲ့ View Point နဲ့ (၉) ဒေသထွက် ပစ္စည်းတွေ ၀ယ်ချင်တာဘဲဖြစ်ဖြစ် စားခင်တာဘဲဖြစ်ဖြစ် အဆင်ပြေတဲ့ ကလောဈေးစတာတွေပဲဖြစ်ပါတယ်။

သွားရလာရ ခက်တာဘဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မသွားတတ်ရင် ဆိုင်ကယ် Taxi ငှားပြီးသွားလို့ရပါတယ်။ ဆိုင်ကယ် Taxi သမားတွေက သေချာလိုက်ပို့ပေးမယ့်အပြင် ဓါတ်ပုံ အရိုက်ကောင်းတဲ့ ဆိုင်ကယ် Taxi သမားနဲ့ကြုံရင်တော့ လန်းပြီပေါ့။ ကလောဟာ ခရီးသွားမြို့လေးပီပီ ဒေသခံတွေရဲ့ဖော်ရွေနွေးထွေးမှု့တွေက သင့်ကို စိတ်ကျေနပ်စေမှာပါ။

ညနေ ၇ နာရီလောက် ညစာ စားပြီး ရန်ကုန်ကို ပြန်ထွက်ပါ့မယ် မနက် ၅နာရီလောက် ရန်ကုန်ကိုပြန်ရောက်ပါပြီ။ သွားဖြစ်ပြီးပြန်လာရင် ဓာတ်ပုံလေးတွေနဲ့ အတွေ့အကြုံလေးလာမန့် မယ်ဆိုရင်တော့ အင်းလေးသီးသန့်ကိုပါ ရေပေးပါဦးမယ်ဆိုတဲ့အကြောင်း …….

Unicode

Myanmar Automobile Equipment Directory

Read times
Rate this item
(3 votes)