How To



မော်တော်ယာဉ်ဆီစားနှုန်းကို လွယ်ကူတိကျစွာတွက်ချက်ခြင်း

မော်တော်ယာဉ်ဆီစားနှုန်းကို လွယ်ကူတိကျစွာတွက်ချက်ခြင်း google

အခုနည်းကတော့ ဆီတိုင်ကီပမာဏအပြင် ဆီစားနှုန်း ( မြို့တွင်း/မြို့ပြင် ) အင်ဂျင်ဝိုင်၊ ဂီယာဝိုင် လဲလှယ်ချိန် မှတ်တမ်းတင်နိုင်ခြင်း အင်ဂျင်သက်တမ်း တစ်ခုမှာ ဆီစားနှုန်းပြောင်လဲလာမှုတွေပါ ကိုယ်တိုင်သိရှိနားလည်လာမှာပါ။

 

သင့်ရဲ့ မော်တော်ကား/ဆိုင်ကယ်ရဲ့ ဆီစားနှုန်း ဘယ်လောက်ရှိသလဲ?

ဆီတိုင်ကီ ဘယ်လောက်ဝင်ဆံ့လည်းလို့ မေးလာခဲ့ရင် လူတော်တော်များများဟာ ဝေဝေဝါးဝါးလောက်ဘဲ ဖြေနိုင်ကြပါတယ်။ တချို့က တစ်သောင်းဖိုးဆို ၃ရက်လောက် စီးရတယ်ဆိုတဲ့ ကိုးယိုးကားယားအဖြေမျိုးတွေ ဖြေတတ်ကြပါသေးတယ်။ အနိစ္စသဘောတရား ရှိတဲ့ လောင်စာဆီဈေးနှုန်းကို လက်ကိုင်ထားပြီး ကိုယ့်ကား၊ ဆိုင်ကယ်ရဲ့ ဆီစားနှုန်းကိုတွက်ချက်တာဟာ လုံးဝမှားယွင်းတယ်လို့ဘဲ ဆိုပါရစေ။ ကိုယ့်မော်တော်ယာဉ်ရဲ့ အမှန်တကယ် ဆီစားနှုန်းကို အလွယ်တကူတွက်ချက်နိုင်တဲ့ နည်းလမ်းလေးတစ်ခု ပြောပြပေးပါမယ်။ပထမဦးစွာ မိမိမော်တော်ယာဉ်ရဲ့ odometer ဟာ ကောင်းနေဖို့လိုအပ်ပါတယ်။ အလွယ်ပြောရင် mile ledge မိုင်လစ်ပြ ဒိုင်ခွက်နဲ့ ဆီဂိတ် fuel gauge ပေါ့။ ဆိုင်ကယ် အများစုကတော့ ကီလိုမတတ်အောင် ဖြုတ်ထားတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ အဆင်မပြေပါဘူး။

 

ပထမဆုံး ဆီဆိုင်ကိုသွားပြီး ဆီတိုင်ကီအပြည့် နှုတ်ခမ်းဝအထိ ရောက်အောင်ဖြည့်ပါ။ ပြီးတာနဲ့ မိုင်လစ်မှ ရောက်ရှိ ကီလိုမီတာကို မှတ်ထားပါ (ဥပမာ- 56000km ဆိုပါစို့)ဆီဂိတ်ပြတံ အလယ်တိတိရောက်တဲ့ အထိမောင်းနှင်အသုံးပြုပါ။ ဆီဆိုင်ကိုပြန်သွားပြီး ဆီအပြည့်ပြန်ထည့်ပါ။ ဒီတခါထည့်တာမှာတော့ ကိုယ်ထည့်လိုက်တဲ့ ဆီပမာဏကို ဆီပန့်မှာ သေချာမှတ်သားပါ (ဥပမာ- 22.5L ထည့်လိုက်ရတယ်ဆိုပါစို့)။ ဆီဆိုင်မှ မထွက်ခင် မိုင်လစ်ကို ကြည့်ပါ။ ဆီတိုင်ကီတစ်ဝက်ထိမောင်းပြီးတဲ့ ကီလိုကို မှတ်သားပါ (ဥပမာ-56500 km ဖြစ်နေပြီ ဆိုပါစို့)။ ဒါဆိုရင် သင့်ကားရဲ့ ဆီစားနှုန်နဲ့ ဆီဝင်ဆံ့မှုကို တွက်ချက်လို့ရပါပြီ။

 

တွက်နည်းကတော့...ဆီတိုင်ကီတစ်ဝက် အထိမှာ ကုန်သွားတဲ့ ဆီပမာဏက 22.5 liter ဖြစ်ပါတယ်။ မောင်းနှင်လိုက်တဲ့ ကီလိုက 56000-56500=500 Km ဖြစ်ပါတယ်။ အဲ့ဒီတော့ 500 kilometer ကို 22.5liter နဲ့စားလိုက်တော့ 22.2 km ခရီးကို 1 liter ဆီစားတယ်ဆိုတာ သိရပါမယ်။ နည်းပညာ အခေါ်အဝေါ်နဲ့ ပြောရရင် 22.2Km/L ပေါ့ဗျာ။ မြန်မာပြည်သုံး ယူနစ်က mile/gallon ဖြစ်တဲ့ အတွက် unit converter နဲ့ ပြောင်းကြည့်လိုက်ယုံပါဘဲ။ ဒါမှမဟုတ်ရင် calculator လေးနဲ့ ဒီလို တွက်လို့ရပါသေးတယ်။

 

1mile=1.61km (or) 1km=0.621mile ရှိပါတယ်။ 500km ဆိုတော့ 310.5mile ဖြစ်ပါတယ်။ တွက်နည်းကတော့ (500/1.61) ဒါမှမဟုတ် (500*0.621) ဒီလိုတွက်ရပါတယ်။1gallon(UK)=4.5Liter ဖြစ်ပါတယ်။ 22.5Liter ဆိုတော့ 5gallon ပေါ့လေ။ ဒါဆိုရင် အခုနက ဆီစားနှုန်းကို ဂါလံတွေ မိုင်တွေနဲ့ သိချင်ရင် 310.5mile/5gallon=62.1M/Gal ပေါ့ဗျာ။ တစ်ဂါလံကို ၆၂ မိုင်လောက် ရတာပေါ့လေ။ တော်တော်ဆီစားသက်သာတာဘဲနော် ဘာကားလည်း သိချင်လား??? ဥပမာပေးတာပါဗျာ.....

 

ဆီတိုင်ကီတဝက်ကို ၅ဂါလံဆံ့ရင် ဆီတိုင်ကီ တစ်ခုလုံးဆို ၁၀ ဂါလံ ဆံ့တယ်လို့ ယေဘုယျ မှတ်ထားနိုင်ပါတယ်။ ကားထုတ်လုပ်သူတွေ ဟာ ဆီဂိတ်မှာ E ပြနေရင်းနဲ့ အကွာအဝေး တစ်ခုထိ သွားလို့ရအောင် ဆီတိုင်ကီထဲမှာ အနည်းအကျဉ်း ချန်ထားရအောင်လို့ ဆီဂိတ်ကို adjust လုပ်ထားပေးပါတယ်။ ဒါကြောင့် ၁၀ ဂါလန်လို့ဘဲ ယေဘုယျ ပြောတာပါ တကယ်က ခံဆီနဲ့ပေါင်းရင် ၁၁ဂါလံလောက်တော့ဆံ့ပါတယ်။

 

( 2000 model နောက်ထွက်တဲ့ ကားတွေအကုန် နည်းပါးမှာ odometer ဟာ digital ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ပိုပြီး လွယ်ကူတဲ့ နည်းနဲ့ မှတ်လို့ ရလာပါပြီ။ Trip meter နဲ့ မှတ်တဲ့နည်းပါ။ ဒိုင်ခွက်မှာ လှည့်တဲ့ အတံကလေးကို နှိပ်ပါ တစ်ချက်နှိပ်ရင် odo trip A odo trip B odo ဆိုပြီး ပြောင်းကြည့်လို့ရပါတယ်။ မသိသေးတဲ့သူတွေအတွက် အကြမ်းမျဉ်းရှင်းပြ ရရင် Tripmeter ဆိုတာ ကိုယ်သွားတဲ့ ခရီးစဉ် အကွာအဝေးကို အတိအကျမှတ်သားနိုင်ဖို့ သုံးရတဲ့ function လေးပါ။ ခရီးစထွက်တယ်ဆိုတာနဲ့ odo Trip A မှာ ထားပြီး လှည့်တဲ့အတံလေးကို ၃ စက္ကန့်လောက်ဖိထားလိုက်ရင် 0.0km ဖြစ် သွားပါလိမ့်မယ်။ ခရီးက ပြန်ရောက်တဲ့အခါ ကြည့်လိုက်ရင်ကိုယ်သွားခဲ့တဲ့ခရီးစဉ်အစအဆုံး အကွာဝေးကို သိနိုင်ပါပြီ။ အင်ဂျင်ဝိုင်ကို ကီလို ၅၀၀၀ ပြည့်တိုင်းလဲချင်တယ်ဆိုလည်း ဒီ trip meter လေးကို အင်ဂျင်ဝိုင် လဲပြီးတာနဲ့ Reset ချထားလိုက်ရင် ကိုယ်လဲရမယ့် ကီလိုရောက်/မရောက် အလွယ်တကူ သိနိုင်တာပေါ့ဗျာ။

 

ဒီနည်းလမ်းနဲ့ မိမိမော်တော်ယဉ် ဆီစားနှုန်းကို အတိအကျတွက်ချက်နိုင်ပါတယ်။ နည်းပညာတွေ မြင့်တဲ့ကားတွေမှာတော့ ဒီလောက်အလုပ်မရှုပ်ပါဘူး။ ဆီစားနှုန်းတခါထဲ တွက်ပြပေးတဲ့ function ပါပါတယ်။ japan ကားတွေက km/l နဲ့ဘဲပြတဲ့အတွက် MPG ကို အပေါ်က တွက်နည်းနဲ့ ပြောင်းတွက်ကြည့်လို့ရပါတယ်။ဆီစားနှုန်းဟာ မြို့တွင်းမောင်းနှင်တာနဲ့ အဝေးပြေး မောင်းတာနဲ့လည်း ကွာခြားပါတယ်။ ဒါကြောင့် မြို့တွင်းအတွက် တစ်ခါ ၊ အဝေးသွားတဲ့အခါ တစ်ခါတိုင်းတာထားမယ်ဆိုရင်ကိုယ့်ကားရဲ့ ဆီစားနှုန်းကို သိရှိနိုင်ပြီဖြစ်တဲ့အတွက် ခရီးအကွာအဝေးကို တွက်ပြီး ဆီချင့်ချိန်မောင်းနှင်သွားလို့ရပြီဖြစ်ပါတယ်။ဒီနည်းလမ်းကို အသုံးပြုပြီး ၃ နှစ်လောက်နေရင် ပြန်ဆန်းစစ်ကြည့်ခြင်းအားဖြင့် မိမိမော်တော်ယာဉ်ရဲ့ အင်ဂျင်အခြေအနေကို သုံးသပ်ရာမှာပါ အထောက်အကူ ဖြစ်စေနိုင်ပါသေးတယ် ဆိုတာကို အကြံပြုတင်ပြလိုက်ရပါတယ်။

 

 

Credit;Original writer

Read times
Rate this item
(2 votes)