How To



ပျက်မှမပြင်ရအောင် ထိန်းသိမ်းကြမယ်

ပျက်မှမပြင်ရအောင် ထိန်းသိမ်းကြမယ် google

ကားတစ်စီးကိုမောင်းနှင်ခြင်းသည် အန္တရာယ်ဖြစ်နိုင်သော စက်ယန္တရား တစ်ခုကိုထိန်းကျောင်းခြင်းပင် ဖြစ်ပါတယ်။

အန္တရာယ်ကင်းစွာ အသုံးခံနိုင်ရေးအတွက် မည်ကဲ့သို့ ထိန်းသိမ်းဂရုစိုက်ရမည်ကိုလည်း လေ့လာသိရှိ ထားရပါမည်။ မော်တော်ယာဉ်ဥပဒေတွင် မိမိပိုင်ယာဉ်ကို ထိန်းသိမ်းဂရုစိုက်ရန် သတ်မှတ်ထားပါတယ်။

ကားကို ပုံမှန်ထိန်းသိမ်းခြင်းသည် ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရုံ သာမက ကားသက်တမ်း ကြာရှည်အသုံးခံနိုင်ရေးအတွက်ပါ အရေးကြီးသောအချက် ဖြစ်ပါတယ်။

 

ပုံမှန် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဂရုစိုက်စောင့်ကြည့်ခြင်း
========================================

ကားတစ်စီးသည် အမြဲလှုပ်ရှားနေသော စက်ယန္တရားဖြစ်၍ ပွန်းစား ပျက်စီးမှုများ ရှိတတ်ပါတယ်။ ကားတစ်စီးတွင် ပုံမှန် ပြုပြင်ထိန်းသိမ်းပေးရသော၊ ဂရုစိုက်စစ်ဆေးပေးရသော အစိတ်အပိုင်းများ ရှိပါတယ်။

အချိန်ကာလ သတ်မှတ်ချက်ဘောင်အတွင်း အစားထိုးလဲလှယ်ပေးရသော အရာများလည်း ရှိပါတယ်။ ထိုသို့ပြုလုပ်ပေးခြင်းသည် သင့်ကားသက်တမ်း ကြာရှည်ခံ၍ ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အချို့သော ကားပိုင်ရှင်များသည် မပျက်မချင်း ကားကိုခိုင်းတယ်။ လုံးဝ သုံးမရမှပြင်ပါတယ်။ ကားဆိုသည်မှာ ပျက်မှပြင်ရသော အမျိုးအစားမဟုတ်ပါ။ လုံးဝ ပျက်စီးမသွားမီ ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းပေး ရသောအလုပ်များ ရှိပါတယ်။

ဆားဗစ်လုပ်ပေးရန် လိုအပ်သော ကာလ သတ်မှတ်ချက်များကို ကားထုတ်လုပ်သူက ပိုင်ရှင်လက်စွဲစာအုပ် (Owner s Manual)တွင် ဖော်ပြထားပါတယ်။ ကားထုတ်လုပ်သူများ ခြားနားသည့်အလျောက်

ကားအမျိုးအစားအလိုက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော အချိန်ကာလအပိုင်းအခြား(Time Periods) များမှာလည်း မတူကွဲပြားကြပါတယ်။

Air Cleaner လေစစ် ဖုန်ခါသန့်ရှင်းပေးခြင်း၊ သို့မဟုတ် Air Filter အသစ် လဲလှယ်ပေးခြင်းလုပ်ပေးမှသာ သင့်ကား အင်ဂျင်စက် ပုံမှန် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

အချို့သော ကားပိုင်ရှင်များသည် Air Cleaner ကြောင့် ဆီစားများသည်ဟုဆိုကာ လုံးဝမတပ်ဘဲထားတတ်ပါတယ်။ အင်ဂျင်မှ စုပ်ယူသောလေများတွင် လမ်းပေါ်မှ ဖုန်များ၊ သဲများ၊ အမှိုက်များ၊ အင်းဆက်ပိုးကောင်ကလေးများပါဝင်လာပြီး

၎င်းအရာများ အင်ဂျင်ထဲဝင်ရောက်သွားပါက အင်ဂျင် ညစ်ပတ်၍ အင်ဂျင်ဝိုင်များ ညစ်ညမ်းသွားနိုင်ပါတယ်။

အင်ဂျင်အတွင်း အမြဲလှုပ်ရှားနေသော ပစ္စတင်၊ ပစ္စတင်ရင်းနှင့် ဆလင်ဒါများ ပွန်းစားမှု ရှိ မရှိကိုလည်း ဂရုစိုက်သင့်ပါတယ်။

ထို့ပြင် အင်ဂျင်ဝိုင် မှန်မှန်လဲရန်၊ ကားဘီးတာယာများကို လှည့်သုံးရန်၊ လေပေါင် မှန်မှန်ချိန်ရန်၊ တာယာဘီးအလိုင်းမန့် ချိန်ရန်၊ ရေတိုင် ကီအအေးခံစနစ်ကို ဂရုစိုက်စစ်ဆေးထိန်းသိမ်းရန်၊ ဘရိတ်ဆီ၊ ကလပ်ဆီ များစစ်ဆေးရန်၊

ဘရိတ်ရှူး၊ ဘရိတ်ဝါရှာများ စစ်ဆေးလဲလှယ်ရန်၊ ကား အောက်ပိုင်းတိုက်ရော့ဒ်၊ ဘောလ်ဂျွိုင်း၊ ဘွတ်များ စစ်ဆေးလဲလှယ်ရန်၊ ဘီး Hub ဘောလ်များ စစ်ဆေးရန်၊ တင်းကျပ်ရန်၊ အမဲဆီထည့်ရန်၊ ပန်ကာကြိုး၊ ဆီပိုက်၊ ရေပိုက်များ စစ်ဆေးဂရုစိုက်ရန်၊

ဘက်ထရီထိန်း သိမ်းရန်၊ ဒိုင်နမိုချာဂျင်ဝင်အား စစ်ဆေးရန် Starter မိုတာဆား ဗစ်စင်လုပ်ရန် စသည်ဖြင့် စစ်ဆေးထိန်းသိမ်းရသော အလုပ်များသည် ယာဉ်မောင်း၊ သို့မဟုတ် ကားပိုင်ရှင်တစ်ဦး ဂရုစိုက်လုပ်ပေးသင့်သော အလုပ်များ ဖြစ်ပါတယ်။

ဝါရင့်ကျွမ်းကျင်သော ယာဉ်မောင်းများသည် မိမိ ကိုင်တွယ်သော ကားတစ်စီးကို အမြဲဂရုစိုက် ထိန်းသိမ်းတတ်ကြပါတယ်။

 

ကားမောင်းလျှင် အမြဲဂရုစိုက်သတိထားပြီး မောင်းပါ
======================================

ကားတစ်စီးကို မောင်းနှင်ခြင်းဆိုသည်မှာ လမ်းပေါ်တွင် အချိန်မရွေး အန္တရာယ်နှင့် ရင်ဆိုင်တွေ့နိုင်ပါတယ်။ စက္ကန့်မလပ် သတိရှိရ၊ အာရုံ စိုက်ရပါတယ်။

စင်စစ် ကားမောင်းခြင်းသည် အန္တရာယ်ရှိရန် အလားလာရှိသော ယာဉ်တစ်စီးကို လိုရာခရီး ဘေးကင်းစွာရောက်ရှိရန် ထိန်းကျောင်းပေးခြင်း ဖြစ်ပါတယ်။

လမ်းပေါ်မှ အန္တရာယ်များအပြင် မိမိကိုင်တွယ် ထိန်းသိမ်းနေသော ကားတစ်စီး၏ အင်ဂျင်စက်အခြေအနေများကိုလည်း အမြဲ ဂရုစိုက်ရပါတယ်။

အင်ဂျင်ဝိုင် နည်းနေသလား၊ အင်ဂျင်အပူချိန် တက်နေသလား၊ ဘက်ထရီချာဂျင် ဝင်ရဲ့လား၊ ဆီလက်ကျန် ရှိသလား၊ ကားစက်သံက ဘာထူးခြားနေသလဲ၊ ထူးခြားတဲ့ ညှော်နံ့ ရသလား၊ တုန်ခါနေသလား၊

ကားဘီး လေနည်းနေသလား အမြဲစစ်ဆေးဖို့လိုအပ်ပါတယ်။ ကားသစ်များတွင် ပို၍ဂရုစိုက်ရပါတယ်။

ကားသစ်များတွင် Speed တင်ချင်တိုင်း တင်မောင်း ၍ မရသည်ကို သိထားရပါမယ်။ ကားသစ်၊ အင်ဂျင်သစ်များတွင် Brake-in Period ရှိလို့ပါ။ အနည်းဆုံးမိုင် တစ်ထောင်မပြည့်မီ အင်ဂျင်ကျင့်သားရစေရန်

တဖြည်းဖြည်းချော့ခိုင်းရပါတယ်။ ထိုကာလအတွင်းကား အမြန်နှုန်းကို တစ်နာရီ မိုင် ငါးဆယ်ထက် မပိုသင့်ပါ။

 

သင့်ကားအကြောင်း အသေးစိတ်လေ့လာပါ
================================

သင့်ကားနှင့် သက်ဆိုင်သော အကြောင်းတရား အသေးစိတ်ကို မှတ်တမ်းထားပါ။ ကားပြုပြင်မှု မှတ်တမ်းတင်ပါ။ ကားအစိတ်အပိုင်း Part နံပါတ်များကို မှတ်ထားပါ။ တာယာဆိုက် ဘယ်လောက်သုံးတယ်။

ပန်ကာကြိုးနံပါတ်၊ Hub ဘောလ်နံပါတ်၊ ပလပ်အမျိုးအစား စသည်ဖြင့် အသေးစိတ်မှတ်ထားပါ။ VIN နံပါတ်၊ ချက်စီနံပါတ်၊ အင်ဂျင် နံပါတ်၊ Model Year အသေးစိတ် မှတ်တမ်းတင်ထားပါ။

ဘက်ထရီ၊ တာယာ လဲလှယ်သော နေ့စွဲများ၊ အင်ဂျင်ဝိုင်လဲပေးသော နေ့စွဲများ မှတ်ထားပါ။ သုံးစွဲသော Oil Filter ဘူး၊ Fuel Filter ဘူးနံပါတ်များ မှတ်ထားပါ။ မောင်းခဲ့ပြီးသော ခရီးအကွာအဝေးမှတ်တမ်း ကို နေ့စွဲနှင့်တကွ မှတ်တမ်းထားပါ။

Timing Belt ကြိုးသက်တမ်းသည် သင့်ကားအင်ဂျင်အတွက် အသက်ဖြစ်၍ သေချာစွာမှတ်ထားပါ။ သတ် မှတ်ခရီးကီလိုမီတာ ရှစ်သောင်း-ကိုးသောင်းအတွင်း Belt ကြိုးအသစ်လဲ ပေးပါ။

Timing Belt ကြိုး အသွားအရေအတွက် နံပါတ်နှင့် Brand တံဆိပ်ကို မှတ်ထားပါ။

သင့်ကားအင်ဂျင်စက်သံကို အလွတ်ကျက်ထားပါ။ ကားမောင်းရသောခံစားမှုကို မှတ်သားပါ။ ထူးခြားသော အခြေအနေလက္ခဏာ၊ ရှေ့ ပြေး Sign တစ်ခုခုပြလျှင် ဂရုစိုက်စစ်ဆေးပါ၊

ကားအသံ၊ ကားအနံ့၊ ကားတုန်ခါမှု၊ ကားရုန်းအားဆွဲအားအခြေအနေများကို အမြဲဂရုစိုက်သတိထားပါ။

 

ကားအတွင်းအပြင် သန့်ရှင်းမှုကို အမြဲထိန်းသိမ်းပါ
=====================================
ကားတစ်စီး၏ အတွင်းပိုင်းကြမ်းခင်းများ၊ Carpet များ၊ ထိုင်ခုံ Leather များသည် အသုံးပြုချိန်ကြာလာလျှင် ဖုန်မှုန်နှင့် ရေငွေ့များ ကြောင့် မှိုတက်ညစ်ညမ်းပြီး အနံ့ဆိုးများ ထွက်လာတတ်ပါတယ်။

တစ်လ တစ်ကြိမ်၊ သို့မဟုတ် နှစ်လတစ်ကြိမ်ခန့် ကားအတွင်းပိုင်းကို အထူး သန့်ရှင်းဆေးကြောပါ။ သားရေ(Leather)အဖုံးများကို ပေါ်လစ်တိုက် ပေးပါ။

ကားအတွင်းပိုင်း သန့်ရှင်းမှ မကောင်းသော အနံ့အသက်များ ကင်းစင်ပြီး အမြဲလှပတောက်ပြောင်နေပါမယ်။

ကားအပြင်ပိုင်းတွင်လည်း ဘော်ဒီဆေးသားများ၊ ဝိုက်ပါ၊ ရှေ့ လေကာမှန်၊ နောက်ပိတ်မှန်၊ တံခါးပေါက်မှန် အားလုံးသန့်ရှင်းရန် ကား ရေဆေးဆီထိုး ဆားဗစ်စင်တာတွင် တစ်ပတ်တစ်ကြိမ်ခန့် သန့်ရှင်းရေး ဆောင်ရွက်ပါ။

ဘော်ဒီဆေးသားများ နေရောင်ခြည်စားခြင်းမှ ကာကွယ်ရန် Body Wax တင်ပေးပါ။ ပူပြင်းသော နွေရာသီတွင် နေရောင်ခြည် (UV) ပြင်းအားများသဖြင့် ကားရပ်ထားလျှင် အရိပ်ရှိသော ပါကင်နေရာ တွင်ထားပါ။

 

Read more: Toyota Alphard မှာ ဖြစ်တတ်တဲ့ ပြဿနာများ
Source: Automobile

Read times
Rate this item
(1 Vote)