Local Industry



YBS ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိ

ခရီးသည်တင်ယာဉ်လိုင်းများအား ပြည်သူလူထုသွားလာမှုပေါ်မူတည်၍ စီမံပြေးဆွဲပေးလျက် ရှိသည်။

 

ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်လျက်ရှိပြီး ခရီးသည်တင်ယာဉ်လိုင်းများအား ပြည်သူလူထုသွားလာမှုပေါ် မူတည်ကာ စီမံပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

 

“သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍအနေနဲ့ ပြည်သူလူထုသွားလာမှုသည် နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာ လိုက်နာမှုအတိုင်းအတာရှိတယ်ဆိုတဲ့ အပိုင်းကိုတော့ လေ့လာတွေ့ရှိရပါတယ်။ ယာဉ်လိုင်းတွေအပိုင်းအနေနဲ့ ပြောရရင် မူလကတည်းက ယာဉ်တွေက မထွက်ရရင်ရှုံးတာပါပဲ။

 

ယာဉ်တွေကို ကျွန်တော်တို့ လျှော့မထွက်ပါဘူး။ အခုက ယာဉ်လိုင်းအားလုံးအနေနဲ့ ကိုယ့်လမ်းကြောင်းပေါ်မှာ ပြည်သူလူထုရဲ့သွားလာမှုကို လေ့လာခြင်း၊ ပြည်သူလူထုသွားလာမှု အနေအထားအရ ယာဉ်တွေကို စီမံပြေးဆွဲခြင်းဆိုတဲ့အပိုင်းနဲ့ ယာဉ်လိုင်းကုမ္ပဏီတွေရဲ့ ရှင်သန်ရပ်တည်မှုအတွက် ကြိုးစားနေရပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

ရန်ကုန်မြို့ရှိ ဝန်ထမ်းအများစုမှာ နှစ်ပတ်ရုံးတက်၊ နှစ်ပတ်အိမ်တွင်နေထိုင်ခြင်း အစီအစဉ်အရလည်းကောင်း၊ မဖြစ်မနေသွားလာရသည့်သူများသာ သွားလာခြင်းကြောင့်လည်းကောင်း အောက်တိုဘာ ၁၁ ရက် ရုံးပိတ်ရက်(တနင်္ဂနွေနေ့)တွင် YBS ယာဉ်လိုင်းပေါင်း ၈၀ မှ ယာဉ်အစီးရေ ၁၀၀၁ စီးဖြင့် ၉၄၈၇၆ ဦးကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ရုံးဖွင့်ရက်ဖြစ်သော အောက်တိုဘာ ၁၃ ရက်တွင် ယာဉ်လိုင်းပေါင်း ၉၁ လိုင်းမှ ယာဉ်အစီးရေ ၁၃၄၂ စီးဖြင့် ၁၄၆၇၆၅ ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ယာဉ်လိုင်းအများစုအနေဖြင့် လက်ရှိအချိန်တွင် စီမံခန့်ခွဲမှုစရိတ်ပင်မရဘဲ ယာဉ်မောင်းများ အလုပ်အကိုင်ရရှိရေးနှင့် ပြည်သူလူထုသွားလာရေး အဆင်ပြေချောမွေ့စေရန် စီမံပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ယာဉ်များအတွက် သုံးစွဲသော စက်သုံးဆီ(CNG)ဈေးနှုန်းကို ထိုက်သင့်မျှတသောဈေးနှုန်းသို့ လျှော့ချပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် ယာဉ်များ၏ စီမံခန့်ခွဲမှုစရိတ်ကောက်ခံခြင်းကို မတ်လမှ အောက်တိုဘာလကုန်အထိ ဆိုင်းငံ့ထားကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲ လက်ရှိကာလတွင် YRTA အပါအဝင် YBS ယာဉ်လိုင်းများ၊ ယာဉ်လိုင်းကုမ္ပဏီများ၊ ပုဂ္ဂလိကယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ်မောင်းများအနေဖြင့် အခက်အခဲရှိသော်လည်း ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက တစ်နေ့လျှင် ယာဉ်အစီးရေ ၄၅၀၀ ခန့်နှင့် ခရီးသည်ဉီးရေ ၁၉ သိန်းခန့်ကို သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

MDN

Read times
Rate this item
(1 Vote)