Local Industry



မိမိတို့ကားရှိရာ လာရောက်သန့်ရှင်းပေးမယ့် ဝန်ဆောင်မှုသစ် စတင်

မိမိတို့ကားရှိရာ လာရောက်သန့်ရှင်းပေးမယ့် ဝန်ဆောင်မှုသစ် စတင် google

'မိမိတို့ရဲ့ ကားတွေညစ်ပတ်နေတဲ့အခါ ကိုယ်တိုင်လည်းမဆေးချင်၊ ကားရေဆေးဆိုင်သွားဖို့ဆိုရင်လည်း အချိန်မရတာတွေ၊ ကားလမ်းပိတ်လို့ လမ်းမှာပဲ အချိန်ကုန်သွားမှာကြောင့် ဆိုင်မသွားချင်တဲ့သူတွေအတွက် မိမိတို့ကားရှိတဲ့နေရာကို လာပြီး ကားရေဆေးပေးတဲ့ ဝန်ဆောင်မှုတစ်ခုဈေးကွက်ကို ဝင်ရောက်လာပါတယ်။

 

ဒီဝန်ဆောင်မှုမှာဆိုရင် ကားတွေကို ရေလုံးဝမသုံးဘဲ ကားဆေးဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ ဆေးရည်တွေနဲ့သာ ဆေးပေးမှာဖြစ်လို့ ရေကုန်လည်းအများကြီးသက်သာမှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကိုတော့ 'SayyMal' လို့နာမည်ပေးထားပြီး လူငယ်လေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ 'Box Holding လီမိတက်က လုပ်ဆောင်နေတာဖြစ်ပါတယ်။ သူတို့အသုံးပြုတဲ့ နည်းကိုတော့ 'Eco friendly waterless technology' လို့ ဆိုပါတယ်။

 

 

''ကျွန်တော်တို့အဓိက ရည်ရွယ်ချက်ကတော့ ကားရေဆေးဆီထိုးဆိုင်တွေကို တကူးတကသွားနေရတာကို ဖြေရှင်းပေးချင်တာဖြစ်ပါတယ်။ ပိတ်ရက်တွေဆို နားချင်တာရှိမယ်။ ဆိုင်ကိုသွားဖို့ ကားလမ်းပိတ်တာ ရှိမယ်။ ဆိုင်မှာစောင့်ရတာတွေရှိမယ်။ ဒါကိုအဓိကဖယ်ရှားပြီး အဆင်ပြေအောင်လုပ်ပေးချင်တာ''လို့ Box Holding လီမိတက်က ဒါရိုက်တာ ကိုအာကာစိုးတင့်က ပြောပါတယ်။

 

 

ဒီဝန်ဆောင်မှုကိုရယူဖို့အတွက် 'Sayy Mal' ဆိုတဲ့ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ဒါမှမဟုတ်ဖုန်းကတစ်ဆင့် ဆက်သွယ်နိုင်ပြီး ကားဆေးပေးဖို့ လူတစ်ယောက်က စက်ဘီးနဲ့ကားရှိရာကို အရောက်လာပေးမှာ ဖြစ်ပါတယ်။

 

 

''ကျွန်တော်တို့ဆီက ဝန်ထမ်းကောင်လေးတွေက စက်ဘီးနဲ့ ကားဆေးချင်တဲ့သူရှိတဲ့ နေရာကိုသွားပေးတယ်။ အိမ်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်နေရာရာမှာ ကားရပ်ထားတာပဲဖြစ်ဖြစ်ရတယ်။ ကျွန်တော်တို့က ရေမသုံးတဲ့အတွက် နေရာကထွေထွေထူးထူးမလိုဘူး။ ကားတစ်စီးရပ်ဖို့ နေရာရှိရင်အဆင်ပြေပြီ။ ကားပိုင်ရှင်ဆီက သော့ယူပြီး အတွင်းခန်းဆေး၊ အပြင်ဆေး၊ ပြီးရင် သော့ပြန်ပေး၊ ပိုက်ဆံယူပြီး ပြန်လာရုံပဲ'လို့ ကိုအာကာစိုးတင့်က ပြောပါတယ်။

 

 

ကားဆေးဖို့ ဆေးရည်တွေကိုတော့ အဓိကအားဖြင့် တရုတ်ကတင်ပို့တာဖြစ်ပေမဲ့ နည်းပညာကတော့ ဥရောပနိုင်ငံတွေဘက်ကိုတင်သွင်းတဲ့ နည်းပညာအတိုင်း ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

 

''ကျွန်တော်တို့ဆီမှာ ကားတွေညစ်ပတ်တာ အများစုက ခိုချေးနဲ့သစ်ပင်အစေးတွေများတယ်။ ဒါကြောင့် ကျွန်တော်တို့လိုချင်တာကို ပြောပြတယ်။ တရုတ်ကနေ သူတို့ ဥရောပဘက်ကို တင်သွင်းနေတဲ့ ဒါမျိုးတွေ ရှိတယ်ဆိုပြီး နမူနာပြတဲ့အပေါ်မှာ သေချာ စမ်းသပ်ပြီး ဒီမှာသုံးကြည့်တယ်။ အဲဒါတွေထဲကမှအကောင်းဆုံးလို့ ယူဆတာကို တင်သွင်းပြီးသုံးထားတာပါ'' လို့ ဒါရိုက်တာ ဒေါက်တာ အောင်သူမိုးက ပြောပါတယ်။

 

 

ကားဆေးတဲ့အရည်မှာ Lubricants လည်းပါတာကြောင့် အညစ်အကြေးတွေကို အလွယ်တကူ ဖယ်ရှားပေးပြီး နူးညံ့တဲ့အဝတ်နဲ့ သုတ်ပေးတာကြောင့် ကားမှာစင်းရာခြစ်ရာဖြစ်မှာ ပူစရာမလိုဘူးလို့ ဆိုပါတယ်။ ကားဆေးပြီးသွားရင်တော့ ဖယောင်းပါတင်ပေးတာကြောင့် ကားအရောင်ကိုပါ ပိုမိုတောက်ပစေမှာပါ။

 

 

ကားတစ်စီးကို လူတစ်ယောက်က တာဝန်ယူဆေးပေးမှာဖြစ်ပြီးတော့ ကားဆေးတဲ့အချိန်ကတော့ ကား အရွယ်အစားပေါ်ကိုမူတည်ပြီး အချိန် ၄၅ မိနစ်ကနေ တစ်နာရီခန့် ကြာမြင့်မှာဖြစ်ပါတယ်။ ကားဆေးတဲ့သူရဲ့ခေါင်းမှာကင်မရာအသေးတစ်ခုတပ်ဆင်ထားပြီး ကားအတွင်း အပြင်သန့်ရှင်းရေးလုပ်နေတဲ့ တစ်လျှောက်လုံးကို မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။

 

 

''ကားအတွင်းအပြင်အတွက် ဆေးရည်က ခြောက်မျိုးသုံးတယ်။ ပြီးတော့ ဖုန်စုပ်စက်သုံးတယ်။ micro fiber towel ခြောက်မျိုးနဲ့ ဘရပ်ရှ်တစ်ခုသုံးတယ်။ ကားထဲမှာရှိတဲ့ ပစ္စည်းပိုင်ဆိုင်မှုအတွက်ရော၊ ကားသုတ်လို့ စင်းရာ၊ ခြစ်ရာထင်သွားတယ်ထင်တဲ့ ကားပိုင်ရှင်တွေအတွက်ရော ဗီဒီယိုမှတ်တမ်း ပြန်ကြည့်လို့ရအောင် ကားဆေးနေတဲ့တစ်လျှောက်လုံးကို မှတ်တမ်းတင်ထားပါတယ်''လို့ ကိုအာကာစိုးတင့်က ပြောပါတယ်။

 

 

ဈေးကွက်ထဲကို လွန်ခဲ့တဲ့ နှစ်လခန့်ကမှ ရောက်ရှိခဲ့တဲ့ 'SayyMal' ဝန်ဆောင်မှုက နှစ်လအတွင်းမှာ ကားစီးရေ ၄ဝဝ ခန့် ကို ဝန်ဆောင်မှုပေးပြီးပါပြီ။ လက်ရှိမှာ ဝန်ထမ်း ၁၅ ဦးနဲ့ဝန်ဆောင်မှုပေးနေပြီးနောက်ပိုင်းမှာ ဝန်ထမ်း ၂ဝ ကနေ ၃ဝ အထိ တိုးမြှင့်ခန့်ထားဖို့ ရှိနေပါတယ်။

 

 

''ပုံမှန်ရေနဲ့ဆေးတဲ့သူတွေကျတော့ ပတ်ဝန်းကျင်မှာ ရေတွေရွှဲသွားပြီး ဆပ်ပြာရည်တွေနဲ့လည်းဖြစ်သွားမယ်။ ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ ကျွန်တော်တို့က ရေလုံးဝမသုံးဘဲ ကားကိုသန့်ရှင်းရေး လုပ်ပေးတယ်။ ကားထဲကထွက်တဲ့အမှိုက်၊ သဲကအစ အိတ်ထဲကို ထည့်ပြီးပြန်ယူလာတာ။ အဲဒီနေရာမျာ ညစ်ပတ်ခဲ့တာတို့၊ သူများကိုအနှောင့်အယှက်ဖြစ်တာတို့ မရှိဘူး'' လို့ ဒါရိုက်တာ ကိုဥာဏ်ထွန်းက ပြောပါတယ်။

 

 

ဝန်ဆောင်မှုပေးနိုင်တဲ့ မြို့နယ်တွေကတော့ အကန့်အသတ်နဲ့သာရှိပါသေးတယ်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၊ စမ်းချောင်း၊ ကမာရွတ်နဲ့ မရမ်းကုန်းမြို့နယ်တွေအတွင်းမှာသာ ဝန်ဆောင်မှုပေးနေပါတယ်။ နောက်ပိုင်းမှာတော့ ဝန်ဆောင်မှုပေးတဲ့ မြို့နယ်တွေ ထပ်တိုးသွားမှာဖြစ်ပါတယ်။

 

 

''မကြာခင်မှာ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျအပြင် မိုဘိုင်းဖုန်းအပလီကေးရှင်းကနေလည်း ကျွန်တော်တို့ဝန်ဆောင်မှုကို ယူလို့ရအောင် စီစဉ်နေပါတယ်။ သြဂုတ်လကုန်လောက်ဆိုရင် သုံးလို့ရပါပြီ။ ပြီးတော့ နာမည်ကြီး ရှော့ပင်းမောလ်တွေမှာလည်း ကျွန်တော်တို့ဝန်ဆောင်မှုပေးဖို့ ညှိနှိုင်းမှုတွေလုပ်နေပါတယ်။ ဈေးဝယ်ထွက်ဖို့ ကားရပ်ထားတဲ့အချိန်မှာ ကားပါတစ်ခါတည်းဆေးလို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်''လို့ ကိုဥာဏ်ထွန်းက ပြောပါတယ်။

 

 

ကားဆေးတဲ့အခါ ကားကိုစိတ်ချလက်ချထားခဲ့ပြီး တခြားလုပ်စရာရှိတာကို တစ်ပြိုင်နက်တည်းလုပ်နိုင်ဖို့ ရည်ရွယ်တာကြောင့် ကားဆေးပေးတဲ့သူနဲ့ ကားပိုင်ရှင်ကြားမှာ အပြန်အလှန်ယုံကြည်မှုရှိစေဖို့ စနစ်တစ်ခုကိုလည်း သေချာလုပ်ဆောင်သွားဖို့ရှိနေပါတယ်။

 

 

''တကယ်တမ်း ကျွန်တော်တို့လိုချင်တာက ကားပိုင်ရှင်တွေက စောင့်မနေဘဲ အဲဒီအချိန်မှာသူတို့ တခြား အလုပ်တစ်ခုကိုလုပ်နေလို့ရစေချင်တာ။ ပိုင်ရှင်တွေကလည်း သူတို့ကားသော့ကို စိတ်ချလက်ချထားခဲ့နိုင်အောင် ကျွန်တော်တို့ဘက်က လုပ်ပေးဖို့လိုတယ်။

 

 

''ဝန်ထမ်းတွေကိုလည်း ဒီကုမ္ပဏီကဖြစ်တာသေချာကြောင်း ကုတ်နံပါတ်ပါတဲ့ ကတ်တစ်ခုပေးထားမယ်။ အဲဒီကုတ်ကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ မှန်၊ မမှန်တိုက်ကြည့်လို့ရမယ်။ ကားပိုင်ရှင်တွေဘက်ကိုလည်း လက်မှတ်တစ်ခုပေးလိုက်မယ်။ ကျွန်တော်တို့လည်း တကယ့်ကားပိုင်ရှင်ကို သော့ပြန်အပ်နိုင်ဖို့လိုတယ်။ အခုအချိန်ထိတော့ ပြဿနာမရှိသေးဘူး''လို့ ဒေါက်တာအောင်သူမိုးက ပြောပါတယ်။

 

 

'SayyMal' ဝန်ဆောင်မှုနဲ့ ကားဆေးမယ်ဆိုရင်တော့ ဆူဇူကီးဆွစ်ဖ် လိုမျိုး ကားသေးဆိုရင်တော့ ကျပ် ၅,ဝဝဝ၊ မာ့ခ်တူးလို ဆလွန်းမျိုးဆိုရင် ကျပ် ၆,ဝဝဝ နဲ့ အယ်လ်ဖတ်လို ကားကြီးမျိုးဆိုရင်တော့ ကျပ် ၇,ဝဝဝ စသဖြင့် ကားပုံစံအရွယ်အစားနဲ့ အခြေအနေပေါ်မူတည်ပြီး ကျသင့်မှာဖြစ်ပါတယ်။

 

 

Source; Myanmar Times

Read times
Rate this item
(1 Vote)