Local Industry



သယ်ယူပို့ဆောင်ရေးတွင် အရေးပါသော Intelligence Transport System အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

သယ်ယူပို့ဆောင်ရေးတွင် အရေးပါသော Intelligence Transport System  အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ google

အာဆီယံနိုင်ငံများမှ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် သက်ဆိုင်သော အစိုးရဌာနများနှင့် ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းများကို ဖိတ်ကြား၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခဲ့သည်။

 

 

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် Automotive Association Myanmar ဥက္ကဌဦးအောင်ဝင်းက တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် Intelligence Transport System ၏ အသုံးဝင်ပုံကို အဓိကထားဆွေးနွေးခဲ့ကြသည်။

 

 

Intelligence Transport System မှာ ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပြီး လက်ရှိသွားလာနေသော ယာဉ်များ၏ အချက်အလက်များကို ကောက်ယူအသုံးပြုပြီး ပိုမိုထိရောက်သော သယ်ယူပို့ဆောင်မှုဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နည်းပါးအောင် စီမံနိုင်သည်။

 

အီလက်ထရွန်းနစ် နည်းစနစ်များ၊ အင်ဖော်မေးရှင်းနှင့် ကွန်မြူနီကေးရှင်း နည်းပညာများကို ယာဉ်ပေါ်တွင်သာမက လမ်းများပေါ်တွင်ပါ တပ်ဆင်အသုံးပြုကာယာဉ်များနှင့် လမ်းများ၏သတင်းအချက်အလက်များရယူပြီး စီမံခန့်ခွဲသော စနစ်ဖြစ်သည်။

 

 

ယာဉ်များပေါ်တွင် On Board Unit ကိုတပ်ဆင်ပြီး လမ်းများ၊ ငွေကောက်ခံသော တိုးဂိတ်များ၊ ကားပါကင်များတွင် စီစီတီဗီများနှင့် အခြားအီလက်ထရွန်းနစ် ကိရိယာများကို တပ်ဆင်ထားပြီး ထိုမှတ်တမ်းတင်ကိရိယာများမှ သတင်းအချက်အလက်များကို အချိန်နှင့်အမျှ Control Centre မှ ရယူပြီး ၂၄ နာရီပတ်လုံး စီမံခန့်ခွဲခြင်းဖြစ်သည်။

 

 

''လမ်းတွေပေါ်မှာ တပ်ဆင်ထားတဲ့ ကိရိယာတွေကနေသာမကဘဲ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကလည်း သတင်းအချက်အလက်တွေကို OBU ကနေအချင်းချင်း အလိုအလျောက်ရရှိပြီး ကိုယ်သွားမယ့်ခရီးအတွက် ပိုမိုတိကျတဲ့ အချိန်တွက်ချက်မှုကို စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်''ဟု ဦးအောင်ဝင်းက ပြောသည်။

 

 

အဆိုပါစနစ်သည် ကားပါကင်နေရာလွတ်မလွတ်ကိုပါ ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး ယာဉ်တိုက်မှုများဖြစ်ပါကလည်း မည်သူမှားသည်ကို သက်သေအဖြစ် ရရှိနိုင်သည်။ ယာဉ်ကြောတစ်လျှောက် အချက်အလက်များ တောက်လျောက်ရရှိနေသဖြင့် သယ်ယူပို့ဆောင်ရာတွင် အချိန်အတိုဆုံးနှင့် ဆီစားအသက်သာဆုံး မောင်းနှင်နိုင်ကြမည်ဖြစ်သည်။

 

 

အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားမောင်းသူများအတွက် ရှေ့ကား၊ နောက်ကားများ၏ သတင်းအချက်အလက်များရရှိပြီး မှတ်တိုင်များမှ ခရီးသည်များ၏ သတင်းအချက်အလက်များလည်း ရရှိနိုင်သည်။ ကုန်စည်သယ်ယူပို့ဆောင်သောယာဉ်များ၏ သတင်းအချက်အလက်များကိုလည်း ယာဉ်ပိုင်ရှင်များမှ အချိန်နှင့်တစ်ပြေးညီရရှိနိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်ကာ စရိတ်များလျှော့ချနိုင်သည့် အကျိုးကျေးဇူးများရှိသည်။

 

 

''ဘတ်စ်ကားတွေအတွက် အကျိုးများစေမယ့် စနစ်တစ်ခုဖြစ်ပါတယ်။ ခရီးသည်တွေလည်း သူတို့စီးမယ့် ဘတ်စ်ကားရောက်နေတဲ့နေရာကို ကြည့်ရှုနိုင်ပြီးတော့ မှတ်တိုင်ရောက်မယ့်အချိန်ကို ဖုန်းကနေဖြစ်စေ၊ ဘတ်စ်ကားမှတ်တိုင်က တီဗီကဖြစ်စေ သတင်းအချက်အလက်တွေ ရယူနိုင်မှာဖြစ်ပါတယ်''ဟု ဦးအောင်ဝင်းက ပြောသည်။

 

 

Intelligence Transport System ကိုအသုံးပြုပါက ယာဉ်များသာမက လမ်းဆုံများတွင် လမ်းဖြတ်ကူးသူများ၊ လူကူးမျဉ်ကြားများတွင် လမ်းဖြတ်ကူးသူများကိုပါ အချက်အလက်ကောက်ယူပေးသည့်အတွက် ယာဉ်များအတွက်သာမက လမ်းဖြတ်ကူးသူများအတွက်ထားရှိသော မီးပွိုင့်အချိန်အတိုး၊ အလျော့လုပ်ပေးနိုင်သည့် အကျိုးကျေးဇူးများကိုပါ ရမည်ဖြစ်သည်။

 

 

'' ITS ကိုအသုံးပြုခြင်းကြောင့် လမ်းပေါ်မှာသွားနေတဲ့ ယာဉ်အမျိုးအစား အားလုံးရဲ့အချက်အလက်တွေကို တောက်လျောက်ရရှိနေမှာဖြစ်လို့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းအမှန်ကို တွက်ချက်လို့ရမယ်။ ငွေကုန်အကျနည်းနည်းနဲ့ တိုးတက်အောင်လုပ်ဆောင်နိုင်ပြီး တိုင်းပြည်ရဲ့ GDP လည်း အလျင်အမြန် တိုးတက်လာမှာဖြစ်ပါတယ်''ဟု ဦးအောင်ဝင်းက ပြောသည်။

 

Source; Myanmar Times

Read times
Rate this item
(1 Vote)