Local Industry



PTT Oil and Retail Business (PTTOR) စက်သုံးဆီဆိုင် ၇၀ ဖွင့်လှစ်မည်

PTT Oil and Retail Business (PTTOR) စက်သုံးဆီဆိုင် ၇၀ ဖွင့်လှစ်မည် google

ထိုင်းနိုင်ငံမှ စွမ်းအင်ကုမ္ပဏီ ဖြစ်သော PTT Oil and Retail Business (PTTOR) သည် မြန်မာနိုင်ငံတွင် ယခုနှစ်တွင် ၎င်း ပထမဆုံး စက်သုံးဆီဆိုင်ကို ဖွင့်လှစ်မည်ဖြစ်ပြီး စက်သုံးဆီဆိုင်ပေါင်း ၇၀ ဖြင့် လက်လီအရောင်း ကွန်ရက်ကို ထူထောင်ရန် ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် လောင်စာဆီ ချရန် ဆိပ်ကမ်း၊ သိုလှောင်ကန်တို့ကိုလည်း တည်ဆောက်မည် ဖြစ်သည်။ သိုလှောင်ကန်များကို လောင်စာဆီအမျိုးမျိုးတို့အတွက်အပြင် LPGသိုလှောင်ရန်အတွက်ပါ တည်ဆောက်မည် ဖြစ်ကြောင်း PTTOR ၏ အကြီးအကဲ ဖြစ်သူ Attapol Rerkpiboom က ထုတ်ဖော်ပြောကြားသည်။

 

 

လောင်စာဆီ စုစုပေါင်း စည် တစ်သန်း သိုလှောင်နိုင်မည်ဖြစ်ပြီး LPG စုစုပေါင်း ၄၅၀၀ မက်ထရစ်တန် သိုလှောင်နိုင်မည့် သိုလှောင်ကန်များကို တည်ဆောက်မည် ဖြစ်သည်ဟု The Nation တွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် လောင်စာဆီနှင့် LPG တို့အတွက် အကြီးမားဆုံးသိုလှောင်ဌာန ဖြစ်လာမည်။

 

တည်ဆောက်မည့် နေရာမှာ သီလ၀ါ တွင် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အပြီးအစီး တည်ဆောက်ရန် လျာထားသည်။ အမေရိကန်ဒေါ်လာ ၁၈၅ သန်းကျော် ရင်းနှီးမြှုပ်နှံရန် လျာထားသည်။

 

 

PTTOR သည် မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွင် လုပ်ကိုင်ရန်အတွက် Kanbawza KBZ Group of Companies Ltd တွင် ဖွဲ့စည်းပါဝင်သည့် Brighter Energy Co Ltd နှင့် Brighter Energy Retail Co Ltd တို့နှင့်အတူ ရင်းနှီးမြှုပ်နှံပြီး လက်လီအရောင်းဆိုင်များ စီမံကိန်းနှင့် ဆိပ်ကမ်း သိုလှောင်ကန် စီမံကိန်းတို့ကို လုပ်ကိုင်သည်။ စက်သုံးဆီဆိုင်ပေါင်း ၇၀ ကို ၂၀၂၃ ခုနှစ်နောက်ဆုံးထားပြီး အပြီးအစီး တည်ဆောက်ဖွင့်လှစ်ကာ လောင်စာဆီ လက်လီရောင်းချမည်ဖြစ်သည်။ လက်လီအရောင်းဆိုင်များအတွက် အမေရိကန်ဒေါ်လာ ၂၆ သန်းကျော် ရင်းနှီးမြှုပ်နှံရန် လျာထားသည်။

 

 

PTTOR သည် PTT လောင်စာဆီဆိုင်များ တည်ဆောက်ဖွင့်လှစ်ခြင်းနှင့်အတူ ၎င်းလုပ်ကိုင်လျက်ရှိသည့် Cafe Amazon ဆိုင်များကိုလည်း တိုးချဲ့ဖွင့်လှစ်မည် ဖြစ်သည်။ လောလောဆယ်တွင် PTTOR သည် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဂျပန်၊ စင်ကာပူနှင့် အိုမန် နိုင်ငံများတွင် Cafe Amazon ဆိုင် စုစုပေါင်း ၂၈၀၀ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

 

 

အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံ လက်လီအရောင်းကဏ္ဍတွင် brand နှစ်ခုဖြစ်သော PTT နှင့် Café Amazon တို့ စတင် နေရာယူစေမည် ဖြစ်သည်။

 

 

Source; The Nation

Read times
Rate this item
(1 Vote)