Local Industry



စလစ်ဈေး နည်းနည်းတက်လာတဲ့ ကားဈေးကွက်

အခုတစ်ပတ်ကားဈေးကွက်အတွင်း အရောင်းအဝယ်ပြန်ဖြစ်လာတဲ့အတွက် စလစ်ဈေး နည်းနည်းတက်လာပါတယ် ။

သီရိမင်္ဂလာရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုအောင်ကျော်ထွန်းက”ဒီတစ်ပတ်မှာ စလစ် ဈေးနည်းနည်းပြန်တက်လာတယ်။ ကားအရောင်းအဝယ်ပြန်ဖြစ်လာတော့ စတိနံပတ်တွေ ကပ်ပေးဖို့ စလစ် လိုအပ်ချက်တွေရှိလာတယ်” လို့ဆိုတယ်။

 

ပြီးခဲ့တဲ့နှစ်လက ကိုဗစ်ကြောင့် အရောင်းအဝယ်မဖြစ်တဲ့ ကားဈေးကွက်က သည်တစ်ပတ်မှာပြန်လည် လှုပ်ရှားလာပါတယ်။ ဝန်ထမ်းပါမစ်တွေချထားပေးမယ် ဆိုတဲ့သတင်းတွေပြန်ထွက်လာပေမဲ့ ကားဈေးကွက် အပေါ်သက်ရောက်မှုနည်းပါတယ်။


ကားအရောင်းအဝယ်ရှိလာတာနဲ့ ငြိမ်သက်နေတဲ့ စလစ်ဈေးကွက်ကလည်း ပြန်လည်အသက်ဝင်လာပါတယ်။ ကျပ်သိန်း ၁၄၀ ဝန်းကျင်အထိမြင့်တက်တဲ့အမည်ပေါက်စလစ်ဈေးဟာ ကျပ် သိန်း ၁၀၀ အောက် အထိ ကျဆင်းခဲ့တာပါ။ လက်ရှိမှာ စလစ်အပ်ကားရဲ့ဈေးနှုန်းကကျပ်၁၀၂ သိန်းရှိပြီး ရန်ကုန်လိုင်စင် သက်တမ်းနှစ်၂၀ အမည်ပေါက်စလစ်တစ်စောင်ရဲ့ဈေးနှုန်းကတော့ ကျပ် ၁၀၉သိန်း ဝန်းကျင်ရှိ လာပါတယ်။ အရင်ကျပ် ၇၅သိန်းဝန်းကျင်ရှိတဲ့ တိုက်ကြေစလစ်ကကျပ် ၈၈သိန်းဝန်းကျင်ဖြစ်လာတယ်။

 

ရောင်းရတဲ့ကားတွေ

သည်တစ်ပတ်မှာ အယ်လ်ဖတ်တို့လို အမြင့်ကားတွေပါ ရောင်းလာရပါတယ်။ ကျပ်သိန်း ၁၅၀နဲ့ ၂၀၀ကြားကားအမျိုးအစားတွေ အရောင်းအဝယ်ဖြစ်တာများပါတယ်။ ရောင်းရတဲ့ကားဈေ့နှုန်းတွေကတော့ တိုယို တာပရာဒို ၂၀၀၆ မော်ဒယ် J နံပတ် အနက်ရောင်ကို ကျပ်၅၃၃သိန်း၊ တိုယိုတာဝှစ်ရှ် ၂၀၀၃ ဇက်ဂရိတ် အဖြူရောင် ကတော့ ကျပ်သိန်း ၂၂၀၊ တိုယိုတာပရိုဘောက်စ် ၂၀၁၂ ဂျီအယ်လ် ဝမ်းပွိုင့်သရီး 5N အဖြူရောင်ကို ကျပ်၂၀၇ သိန်း၊ဟွန်ဒါဖစ် ၂၀၀၈ E ခဲရောင် ကျပ်သိန်း၁၅၀၊ ဟွန်ဒါဖစ်၂၀၁၁ မန္တလေးလိုင်စင် N အနက်ရောင်ကိုကျပ် ၁၈၈ သိန်း ၊ ဟွန်ဒါဖစ် ၂၀၁၁ အယ်လ်ဂရိတ် Hကတော့ ကျပ်သိန်း၁၇၀ အသီးသီးအရောင်းအဝယ်ဖြစ်ပါတယ်။

 

ထုံးစံအတိုင်း ပွိုင့်သရီးတွေကတော့ဈေးမကျပါဘူး။ အမြင့်ကားတွေကတော့ ဈေးချရောင်းမှသာ ရောင်းရပါတယ်။ ကျပ်သိန်း ၄၀၀/၅၀၀ တန်းတွေက ကျပ်သိန်း ၄၀/၅၀ဈေးချရောင်းသလို ကျပ်သိန်း ၃၀၀/၄၀၀ တန်းတွေကလည်း ကျပ်သိန်း ၃၀/၄၀ ဈေးချရောင်းပါတယ်။ ပွိုင့်သရီးလေးတွေမှာလည်း ၁၅၀ ကနေ ၂၀၀ ကြား သာ အဝယ်များပြီး ကျပ်သိန်း၂၀၀ အထက်ဆိုရင်အဝယ်အေးပါတယ်။ ကလူဂါ၊ ရွှေငါး၊ ဗင်ဂတ်နဲ့ စီအာရ်ဗီ လိုကားတွေ အေးနေပါတယ်။

 

ကားသစ်ဈေးတွေနဲ့ သိပ်မကွာတော့တဲ့အတွက် ဝယ်သူကစဉ်းစားသွားတယ်။ အရစ်ကျနဲ့ဝယ်လို့ရတဲ့တရုတ်ကားသစ်တွေလည်းရောင်းလာရတယ်။ ဆူဇူကီးပြည်တွင်းတပ်ဆင်တဲ့ ကားတွေဆိုရင် ၁၀ ရာခိုင်နှုန်းပဲလက်ငင်းပေးချေပြီး အရစ်ကျဝယ်ယူနိုင်လို့ ရောင်းအားမြင့်တက်နေပါတယ်။

 

လုပ်ငန်းသုံးကားတွေကတော့ ကျပ်၁၃၀/၁၄၀ပတ်လည်တွေအရောင်းအဝယ်ဖြစ်တယ်။ ၆၆၀စီစီ ခွေးဘီလူးမန်နျူ ရယ်ကျပ် ၇၅သိန်း/သိန်း၈၀ ရှိပြီး အော်တိုဆိုရင်တော့ ကျပ် ၁၁၀/၁၂၀ ဝန်းကျင်ရှိပါတယ်။ ကိုဗစ်ကြောင့်အေးစက်နေခဲ့တဲ့ ကားဈေးကွက်ဟာ လက်ရှိမှာ ပြန်လည်လှုတ်ခတ်လာတာကြောင့် ကျောင်းတွေပြန်ဖွင့်ရင် ကားတွေပိုမိုအရောင်းသွက်လာဖို့ကို ကားဝယ်ရောင်းတွေကမျှော်လင့်နေကြပါတယ်။

 

အောင်ထွန်းဦး

Read times
Rate this item
(3 votes)