Local Industry



လုပ်သက်ရင့် ဝန်ထမ်းမျာအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်မည်

လုပ်သက်ရင့် ဝန်ထမ်းမျာအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်ရန် ရှိကြောင်း

ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

ဇွန် ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ စတုတ္တတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအား ဦးမင်းမင်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းကြီးကြီးတစ်ခုက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီကန့်ကွက်ချက်ကို နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီးတော့မှ ရှေ့နေချုပ်ရုံးရဲ့ Legal Opinion နဲ့အကြောင်းပြန်ကြားထားပြီး ဖြစ်ပါတယ်။ ဒီပရောဂျက် ပြီးဆုံးသွားပြီလို့ ပြောလို့မရသေးပါဘူး။ ဒါကိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ရှိတယ်လို့ ပြောချင်ပါတယ်။ ပေးမယ့်ပရောဂျက်က မပျက်သေးပါဘူး” ဟု ဦးမင်းမင်းက ပြောကြားသည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် ညွှန်ချုပ်နှင့်အထက်၊ ဒုတိယအဆင့် အနေဖြင့် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ် ရရှိသူများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝန်ထမ်းများကိုပေးမည့် ကားပါမစ်ကိစ္စအား ဆိုင်းငံ့ထားသော်လည်း မည်မျှပေးရမည်ဆိုသည့် စာရင်းကို ကောက်ယူနေပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလာပါက ချက်ချင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားထားသည်။
အခြားနိုင်ငံများတွင် အလုပ်ရပြီ ဆိုပါက အိမ်၊ ကား၊ တီဗွီနှင့် ရေခဲသေတ္တာ စသည်များကို အရစ်ကျ ဝယ်ယူနိုင်ခြင်းကြောင့် ယင်းစနစ်ကို ဖော်ဆောင်ချင်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။
လုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် ဝန်ထမ်းကို စပေးရန် စဉ်းစားထားပြီး ဝန်ထမ်းများ အခွန်အခသက်သာစေရန် အတွက် အင်ဂျင်ပါ၀ါ ၁၅၀၀ စီစီအထိသာ ခွင့်ပြုရန် စဉ်းစားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။
ကညန ဥပဒေတွင်လည်း မှတ်ပုံတင်ကြေးကို ကင်းလွတ်ခွင့်ပြုမည်ဆိုပါက ကင်းလွတ်ခွင့်ပြု၍ရသည့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ရှိကြောင်း၊ အကောက်အခွန် ကင်းလွတ်ခွင့်ပြုသင့်သူများကို နိုင်ငံတော်သမ္မတက ကင်းလွတ်ခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားကြောင်း၊ ကားပါမစ်ပေးမည့် ရည်ရွယ်ချက်သည် တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းများအတွက် ကားထောက်ပံ့ပေးမှု လျော့ပါးရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အထူးအခွင့်အရေး ပေးသည့်သဘော မဟုတ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။
အထက်ပါ ကားပါမစ်ဖြင့် တင်သွင်းရန် သတ်မှတ်ထားသည့် Model Year သည် Use ကားဝယ်မည်ဆိုပါက လက်ရှိအချိန်အတိုင်းဆိုလျှင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဝယ်ယူရမည်ဖြစ်ပြီး Brand New ကားများလည်း ဝယ်ယူနိုင်ကြောင်း စီးပွားကူးသန်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။
ယင်းကဲ့သို့ ကားတင်သွင်းခွင့်နှင့် ပတ်သက်ပြီး ပြည်သူများက ၀ိုင်းဝန်းဝေဖန်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ဆိုင်းငံ့ထားကြောင်း ဦးဇော်ဌေးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားထားသည်။
Eleven News

Read times
Rate this item
(7 votes)