Local Industry



ဒေဝူးမီနီဘတ်စ်နှင့် စီးတီးဘတ်စ်များ မြန်မာတွင်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့မည်

ဒေဝူးမီနီဘတ်စ်နှင့် စီးတီးဘတ်စ်များ မြန်မာတွင်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့မည် google

ဒေဝူးမီနီဘတ်စ်နှင့် စီးတီးဘတ်စ်များကို မြန်မာနိုင်ငံ၌ တစ်နှစ်လျှင်အစီး ၅ဝဝ ထုတ်လုပ်၍ ဈေးကွက်လိုအပ်ချက် အရ ပြည်ပနိုင်ငံများသို့တင်ပို့မည်ဖြစ်ကြောင်း Myanmar Trade Center Co.çLtd. မှ မန်နေဂျင်း ဒါရိုက်တာမှ ပြောသည်။

 

ဇွန် ၁၁ ရက်က ထောက်ကြန့် တွင်ပြုလုပ်သော ဒေဝူးကားထုတ်လုပ်သည့်စက်ရုံတည်ဆောက်နေမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ဒေဝူးမီနီဘတ်စ်နှင့် စီးတီးဘတ်စ်များထုတ်လုပ်ရာတွင် အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့်အထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး၂ဝ၁၉ ခုနှစ် မတ်လမှစ၍ ကားထုတ်လုပ်မှုစတင်နေသည်။

 

ဒေဝူးဘတ်စ် အမျိုးအစားနှစ်မျိုးဖြစ်သည့် ဝိုင်ဘီအက်စ် ၁ဝ၆ ၊စီးတီးဘတ်စ်နှင့် လက်စ်တာမီနီဘတ်စ် အမျိုးအစားတို့ကို ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတွင်ကုန်အမှတ်တံဆိပ်အသစ်ဖြင့် (Semi Knock Down-SKD) စနစ်အရ အစိတ် အပိုင်းများ တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကာမီနီဘတ်စ်များကို အမေရိကန်ဒေါ်လာ လေးသောင်းခွဲ၊ စီးတီးဘတ်စ်များကို အမေရိကန်ဒေါ်လာရှစ်သောင်းခွဲဖြင့် ရောင်းချမည်ဖြစ်သည်။

 

''ကျွန်တော်တို့လက်ရှိထုတ်နေတဲ့ ဒေဝူးမော်ဒယ်နှစ်ခုက တခြားဘယ်နိုင်ငံမှာမှမထုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ ကိုရီးယားနိုင်ငံမှာပဲထုတ်ပါတယ်။ တစ်နှစ်ကို အစီး ၅ဝဝ ထုတ်မယ်။ လောလောဆယ်လျာထားတာကတော့ ပြည်တွင်းကိုရောင်းချနိုင်ဖို့ တစ်ဝက်လောက်မှန်းထားပါတယ်။ ဈေးကွက်လိုအပ်ချက်အရ ပြည်ပနိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေထဲက လိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့ ရောင်းချပေးဖို့ရှိပါတယ်''ဟု ဒေါက်တာကျော်ကျော်အောင်က ပြောသည်။

 

''ကျွန်တော်တို့ ဒေဝူးကားထုတ်လုပ်တာ အခုလက်ရှိမှာ အမှတ်တံဆိပ်တစ်မျိုးကို ငါးစီးစီ ထုတ်လုပ်ပြီးသွားပါပြီ။ ကားထုတ်လုပ်တာနဲ့ ပတ်သက်ပြီး ပြည်တွင်းဈေးကွက်လိုအပ်ချက်ရှိလာရင်တော့ အဆင့်အတန်းမီတဲ့ထုတ်ကုန် တွေရှိသမျှကိုတော့ နိုင်ငံတွင်းမှာလုပ်သွားပြီး ကျန်တာတွေကိုတော့ နိုင်ငံခြားကနေ မှာယူ တင်သွင်းရမှာဖြစ်ပါတယ်''ဟု၎င်းက ပြောသည်။

 

မြန်မာနိုင်ငံ၌ Daewoo Bus Myanmar Co.,Ltd. ကို ၂ဝ၁၇ ခုနှစ် မတ်လတွင် စတင် တည်ထောင်ခဲ့ပြီး ထောက်ကြန့်ရှိ မြေ ၁၄ ဧကကို စက်မှုဝန်ကြီးဌာနမှ နှစ်ရှည်ငှားရမ်းခဲ့သည်။ထို့နောက် စက်ရုံအသစ်ပြန်လည် တည်ဆောက်ကာ ၂ဝ၁၉ ခုနှစ် မတ်လတွင် စက်ရုံစတင်ဖွင့်လှစ်ပြီး ဒေဝူးဘတ်စ်များကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။

 

ဒေဝူးစီးတီးဘတ်စ်နှင့် လက်စ်တာ မီနီဘတ်စ်နှစ်မျိုးကို တစ်နှစ်လျှင် အစီး ၅ဝဝ ခန့် တပ်ဆင်ထုတ်လုပ်မည်ဖြစ်ပြီး Daewoo Bus Myanmar ၏ ဆားဗစ်စင်တာများကိုလည်း ထောက်ကြန့်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ဆောက်ဖွင့်လှစ်မည်ဖြစ်သည်။

 

ကားများတပ်ဆင်ထုတ်လုပ်ရာတွင် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် နည်းပညာ များအားလုံးကို Korea Daewoo Bus Standard အတိုင်း တပ်ဆင်အသုံးပြုမည် ဖြစ်ပြီး ဒေဝူးဘတ်စ်အပိုပစ္စည်းများကိုလည်း အလွယ်တကူဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

Source; Myanmar Times

Read 47 times
Rate this item
(2 votes)