Local Industry



မြန်မာနိုင်ငံတွင် ခေတ်စားလာတော့မည့် လျှပ်စစ်ကား

မြန်မာနိုင်ငံတွင် ခေတ်စားလာတော့မည့် လျှပ်စစ်ကား google

စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်ကားများထုပ်လုပ်ပြီး ပြည်တွင်းရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ လျှပ်စစ်ကား များအတွက် အားပြန်သွင်းရန် ချာဂျင်အားသွင်းစခန်း(Charging Stations)များကိုလည်း၊ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် တည်ဆောင်ရန် လျာထားဆောင်ရွက်နေပါတယ်။

 

လျှပ်စစ်ကား ထုတ်လုပ်မှုကို နိုင်ငံပိုင်စက်ရုံကြီးများသာ မက၊ တရုတ်နိုင်ငံ DI နှင့်မြန်မာနိုင်ငံမှ KhaingKhaingSanda Motor Car Factory တို့ ပူးပေါင်းပြီး လျှပ်စစ်ကား(Hybrid) နှစ်မျိုးကို စတင်ထုပ်လုပ်နေပြီဖြစ်ပါတယ်။ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနည်းပါးသော လျှပ်စစ်ကားထုပ်လုပ်မှုကို ကြိုဆိုရမည် ဖြစ်ပါတယ်။

 

မော်တော်ကားစီးရေ သန်းချီရှိနေသော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် လေထုညစ်ညမ်းမှုပြဿနာနှင့် လောင်စာဆီ ပြဿနာများ ရင်ဆိုင်နေကြရပါတယ်။ ဒီပြဿနာများကို လျှော့ချကုစားနိုင်ဖို့ လျှပ်စစ်ကားများ (Electric Vehicles) အစားထိုးသုံးစွဲရန် မူဝါဒ ပြောင်းလဲလာပါတယ်။ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် လျှပ်စစ်ကားနှင့် Hybird Car များ ပိုမိုသုံးစွဲလာရေး အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ ကြိုးပမ်းလျက်ရှိပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျော့ချဖို့၊ လေထုညစ်ညမ်းမှု ပြဿနာတွေ ဖြေရှင်းဖို့အတွက် ယနေ့ နိုင်ငံတကာမှာ လျှပ်စစ်ကားထုတ်လုပ်သုံးစွဲမှုတွေ ခေတ်စားလာပါတယ်။ စက်မှုဖွံ့ဖြိုးပြီး မော်တော်ယာဉ် သုံးစွဲမှု များလွန်းတဲ့ နိုင်ငံကြီးတွေမှာ သန်းပေါင်းများစွာသော ကားအိတ်ဇောဓါတ်ငွေ့များကြောင့် လေထုညစ်ညမ်းမှု ပြဿနာတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြပါတယ်။ တရုတ်အစိုးရက လေထုညစ်ညမ်းမှုတွေ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတွေ လျော့ကျ သွားစေဖို့ ရုပ်ကြွင်းလောင်စာသုံး မော်တော်ကားတွေ နေရာမှာ လျှပ်စစ်ကားတွေ ပိုမိုသုံးစွဲလာစေရေး မူဝါဒ ပေါ်လစီကို ပြောင်းလဲ ကျင့်သုံးနေပါပြီ။ လျှပ်စစ်ကားတွေ ဝယ်ယူသုံစွဲမှု မြင့်တက်လာစေဖို့ မက်လုံးတွေ အခွန်သက်သာခွင့်တွေ၊ အထူးအခွင့်အရေးတွေ ပေးပြီး စည်းရုံးနေပါတယ်။ အများပြည်သူသုံး ချာဂျင်အားသွင်းနိုင်တဲ့ Charging Station ကြီးတွေ ကို အစိုးရက လုပ်ဆောင်ပေးနေပါတယ်။

 

လျှပ်စစ်ကားနယ်ပယ်မှာ plug-in hybrid ကားတွေ၊ ဟိုက်ဒြိုဂျင် fuel cell ကားတွေ၊ လျှပ်စစ်သီးသန့် ကားတွေ၊ ဆိုလာ ပါဝါသုံး လျှပ်စစ်ကားတွေ ပါဝင်နေပါတယ်။ ဘက်ထရီနည်းပညာတွေ တိုးတက်လာတာကြောင့် လျှပ်စစ်ကားထုတ်လုပ်တဲ့ ကားကုမ္ပဏီတွေထဲမှာ Nissan Motor က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ Nissan Leaf လျှပ်စစ်ကားစီးရေ သိန်းချီပြီး ရောင်းချခဲ့ရပါတယ်။ Toyota, Cadillac, Ford, Tesla, Mercedes Benz, Volkswagen, Chevrolet, Mitsubishi, KIA စတဲ့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလည်း လျှပ်စစ်ကားတွေကို ပုံစံအမျိုးမျိုးနဲ့ အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။

 

ပထမဆုံးလျှပ်စစ်ကားကို ၁၈၈၄ ခုနှစ်က တီထွင်နိုင်ခဲ့ပါပြီ။ တီထွင်သူပညာရှင်ကတော့ မစ္စတာသောမတ်စ်ပါ့ကားဆိုသူ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီခေတ်က အင်ဂျင်နဲ့ မောင်းရတဲ့ ကားတွေသာ လူသုံးများပြီး လျှပ်စစ်ကားတွေကို လူကြိုက် နည်းပါတယ်။ အဲဒီခေတ်ဦးပိုင်းကာလမှာ သုံးတဲ့ ဘက်ထရီကလည်း ခဲအက်ဆစ် ဘက်ထရီအမျိုးအစား တစ်မျိုးတည်းပဲ ရှိပါသေးတယ်။ ယနေ့ မျက်မှောက်ခေတ်မှာတော့ ဘက်ထရီနည်းပညာအသစ်တွေ အများကြီး ပေါ်ထွန်းလာခဲ့ပါပြီ။ ကြာရှည်ခံပြီး စွမ်းအင် သိပ်သည်းဆ မြင့်မားတဲ့ ဘက်ထရီအမျိုးအစားတွေဖြစ်တဲ့ လီသီယမ်အိုင်ယွန်း (Li-ion) ဘက်ထရီနီ ကယ်မတ်တယ် ဟိုက်ဒရိုတ် (NiMH) ဘက်ထရီ၊ ဇင့်အဲယား (zinc-air) ဘက်ထရီစတဲ့ ဘက်ထရီအမျိုးအစားတွေကတော့ ရှေးရိုးခဲ-အက်ဆစ် ဘက်ထရီထက် ပိုကောင်းတဲ့ ဘက်ထရီတွေ ဖြစ်ကြပါတယ်။

 

လျှပ်စစ်ကားတစ်စီးကို အဓိကအားဖြင့် အခြေခံ အစိတ်အပိုင်း ၃-မျိုးနဲ့ ဖွဲ့စည်း တည်ဆောက်ထားပါတယ်။ လျှပ်စစ် မော်တာအပိုင်း၊ ထိန်းချုပ်ကွန်ထရိုလာ (Con- troller) အပိုင်းနဲ့ စွမ်းအင်သိုလှောင်ထားတဲ့ ဘက်ထရီ (Battery)တို့ ဖြစ်ပါ တယ်။ လျှပ်စစ်မော်တာက၊ ဘက်ထရီက ပံ့ပိုးတဲ့ လျှပ်စစ်စွမ်းအင်တို့ စက်မှုစွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးတဲ့အရာ ဖြစ်ပါတယ်။

 

လျှပ်စစ်မော်တာရဲ့ မောင်းနှင်အားကြောင့် လျှပ်စစ်ကားတစ်စီးလုံးရွေ့လျားနိုင်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်မော်တာတစ်လုံးရဲ့ အခြေခံလုပ်ဆောင်ချက်ကတော့ လျှပ်စစ်သံလိုက်တွန်းအားကြောင့် လည်ပတ်နိုင်ခြင်း ဖြစ်ပါတယ်။ D.C Brushless Motor, A.C Induction Motor, Permanent Magnet Motor ဆိုပြီး မော်တာအမျိုအစားတွေ အများကြီးရှိပါတယ်။ Controller က မော်တောကို Speed အမျိုးမျိုးနဲ့ လည်ပတ်နိုင်အောင် ထိန်းချုပ်ပေးပါတယ်။ ဘက်ထရီရဲ့ ထောက်ပံ့ပေးတဲ့ လျှပ်စစ်စွမ်း အင်ကို Controller က လိုအပ်သလို မော်တာဆီသို့ ဖြန့်ဝေပေးပါတယ်။ ခြေနင်းတဲ့ လီဗာနဲ့ ဆက်သွယ်ထားတဲ့ Potential meter က လျှပ်စစ်ခုံခံအား အမျိုးမျိုးကို ပြောင်းလဲပေးပြီး မော်တာရဲ့ လည်ပတ်အားကို ပြောင်းလဲစေပါတယ်။ ခုံခံမှု အနည်း အများအလိုက် မော်တာကို ထောက်ပံ့ပေးတဲ့ ဗို့အားအနည်းအများလည်း ပြောင်းလဲသွားပါတယ်။ ဒါကို Controller က ထိန်း ချုပ်ပေးပါတယ်။ လျှပ်စစ်ကားသုံးဘက်ထရီမှာဆဲလ် (Cell) တွေအများကြီးနဲ့ စုဖွဲ့ထားတာကြောင့် ဗို့အားဖြင့် (High Voltage) ကို ထုတ်ပေးနိုင်ပါတယ်။ သာမန် ခဲ-အက်ဆစ် ဘက်ထရီတစ်လုံးကတော့ 12 Volt က ထုတ်ပေးနိုင်ပါတယ်။

 

လျှပ်စစ်ကားတွေမှာ သုံးထားတဲ့ ဘက်ထရီတွေက အားပြန်သွင်းလို့ရတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ လီသီယမ်အိုင်ယွန်း ဘက်ထရီ (Li-ion)၊ နီကယ်မတ်တယ် ဟိုက်ဒရိုက် (NiMH) ဘက်ထရီ၊ ဇင့်အဲယား (Zin –air) ဘက်ထရီတွေကို လျှပ်စစ်ကားတွေမှာ သုံးပါတယ်။ ဘက်ထရီတိုင်းမှာ အမငုတ် (Negative) နဲ့ အဖိုငုတ် (Positive) တို့ ပါဝင်ပြီး D.C လျှပ်စစ်အမျိုးအစားကိုထုတ်လုပ်ပေးပါတယ်။

 

ယနေ့ မိုဘိုင်းဖုန်းတွေမှာ လက်တော့ပ်ကွန်ပျူတာတွေမှာ သုံးနေတဲ့ ဘက်ထရီက လီသီယမ်အိုင်ယွန်း (Li-ion) ဘက်ထရီပါ။ ၁၉၉ဝ ခုနှစ်လောက်မှာ လီသီယမ် ဘက်ထရီတွေ ပေါ်ထွက်လာခဲ့ပါတယ်။ လီသီယမ်သတ္တု ပြန်ပြီး ဓာတ်ပြုတုံပြန့်မှု အလွန် မြင့်မားတဲ့ သတ္တုဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ လီသီယမ် အခြေခံဒြပ်ပေါင်းတွေနဲ့ တည်ဆောက်ထားတဲ့ လီသီယမ်အိုင်ယွန်း ဘက်ထရီဟာ စွမ်းအင်သိပ်ဆည်းဆ မြင့်မားတဲ့ ဘက်ထရီအမျိုးအစား ဖြစ်ပါတယ်။ ဓါတ်ဆီလောင်ထက် စွမ်းအင်သိပ် သည်းဆ (Energy Density) ၅ဆ ရှိပါတယ်။

 

လျှပ်စစ်ကားတစ်စီးမှာအလေးချိန်များတဲ့ ဘက်ထရီအစုအဖွဲ့ကို ကားကြမ်းခင်းဖရိန်မှာ ကပ်ပြီး တည်ဆောက်ထားပါတယ်။ Maintenance Free ဘက်ထရီတွေ ဖြစ်ပြီး တာရှည်အသုံးခံပါတယ်။ ၁ဝနှစ် ကျော်အထိ အသုံးခံပါတယ်။ တစ်ကြိမ် အားသွင်းထားလျှင်လည်း အနည်းဆုံးမိုင် ၅ဝ လောက်အထိ တစ်ဆက်တည်း သုံးနိုင်ပါတယ်။ ယခုနောက်ပိုင်း လျှပ်စစ်ကား တွေမှာ ခရီးမိုင် ဝေးဝေးမောင်းသွားလို့ ရနေပါပြီ။ လျှပ်စစ်ကားတွေအတွက် အဓိကလိုအပ်ချက်ကတော့ ဘက်ထရီတွေ အား ပြန်သွင်းဖို့ Charging Station ကြီးတွေ ဖြစ်ပါတယ်။

 

ဘက်ထရီ အားသွင်းရာမှာလည်း ပလပ်ပေါက်ကို ထိုးပြီးအားသွင်းရတဲ့ Plug-in စနစ်တွေအပြင်၊ ကြိုးမဲ့အားသွင်းနည်း (Wireless Charging) နည်းစနစ်တွေလည်း ရှိပါတယ်။ ကြိုးမဲ့အားသွင်းနည်းက ပါကင်မှာ ကားရပ်ထားပြီး ချာဂျင် သွင်းနိုင်သလို၊ လမ်းပေါ်မှာကားတွေ သွားနေရင်လည်း အားပြန်သွင်းနိုင်ပါတယ်။ ဒီနည်းပညာကို ကိုရီးယားနိုင်ငံ၊ အင်္ဂလန်၊ ဂျာမနီနဲ့ အမေရိကန်တို့မှာ အောင်မြင်စွာ အသုံးချနိုင်ပါပြီ။ ခရီးသည်တင် ဘတ်စ်ကားသွားတဲ့ သီးသန့်ပတ်လမ်းကြောင်းမှာ၊ ကားမောင်းရင်းချာဂျင် အားသွင်းနိုင်အောင် စီစဉ်ထားကြပါတယ်။

 

လျှပ်စစ်ကားသုံးစွဲမှု နယ်ပယ်တွေ ကျယ်ပြန့်လာပါတယ်။ လူစီးကားတွေ၊ ဘတ်စ်ကားကြီးတွေ ကုန်တင်ထရပ်ကားတွေ အထိ သုံးနေကြပါပြီ။ ဂေါက်ကွင်းသုံး လျှပ်စစ်ကား၊ ဖော့ကလစ်ကား၊ ဥယျာဉ်အပန်းဖြေစခန်းသုံး အပျော်စီး လျှပ်စစ် ကားတွေအပြင် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်ဆိုင်ကယ်တွေ စကူတာတွေအထိ သုံးနေကြပါပြီ။ လျှပ်စစ်ကားတစ်စီးရဲ့ အားသာ ချက်တွေကတော့ ပြုပြင်ထိန်းသိမ်းစရိတ် သက်သာတယ်။ လောင်စာဆီကုန်ကျ စရိတ်သက်သာတယ်။ အကောင်းဆုံး ရလဒ်ကတော့ မီးခိုးလုံးဝ မထွက်တာကြောင့် လေထုညစ်ညမ်းမှု မရှိတော့ပါဘူး။

 

ရုပ်ကြွင်းလောင်စာများ သုံးစွဲမှုသည် ပတ်ဝန်းကျင် ထိခိုက်စေပြီး ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲလာမှု ဖြစ်စဉ်များကို အဓိကဖြစ်စေသော အကြောင်းတရား ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဆိုးကျိုး သက်ရောက်မှုများကို ယခုအခါ လူသားတို့ လက်တွေ့ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရာသီဥတုပြောင်းလဲမှုတွေ လျော့နည်းစေဖို့ ဖန်လုံအိမ် အာနိသင်ဖြစ်စေတဲ့ ကာဗွန်ထုတ်လုပ်မှု လျော့ချရေးကို မူဝါဒချမှတ် လုပ်ဆောင်လာတဲ့အခါမှာ လျှပ်စစ်ကားတွေကို တိုးတက်သုံးစွဲဖို့ တွန်းအားပေးလာပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို နိုင်ငံတကာက ပူးပေါင်း တိုက်ဖို့ ကြိုးပမ်းရာမှာ လျှပ်စစ်ကားတွေ တိုးတက်သုံးစွဲရေးက ရှေ့တန်းကို ရောက်လာပါတယ်။

 

မော်တာကား ထုတ်လုပ်ရေးကုမ္ပဏီကြီးများသည် ဈေးကွက် လိုအပ်ချက်အရ လျှပ်စစ်ကားများကို အပြိုင် ထုတ်လုပ်လာကြ ပါတယ်။ Toyota, Mercedes-Benz, Ford, Volvo နှင့် Nissan စသော ကားကုမ္ပဏီကြီးများသည် ပိုမိုကောင်းမွန်သော လျှပ်စစ်ကားများ၊ Plug-in Hybrids ကားများ၊ လျှပ်စစ်ဘတ်စ်ကားများကို ထုတ်လုပ်လာကြသည်။ လျှပ်စစ်ကားများတွင် Nissan “Leaf” လျှပ်စစ်ကားသည် လူကြိုက်များပြီး ဈေးကွက်အောင်မြင်မှု ရရှိထားသော လျှပ်စစ်ကားဖြစ်သည်။ Tyota ၏ Prius လျှပ်စစ်ကားနှင့် Toyota RAV-4 EV လျှပ်စစ်ကားများမှာလည်း လူကြိုက်များလာသော လျှပ်စစ်ကားများ ဖြစ်ပါ တယ်။၂၀၂၀ ခုနှစ်တွင် လျှပ်စစ်ကားများ ထုတ်လုပ်သုံးစွဲမှုသည် အဆများစွာ တိုးတတ်လာမည်ဟု ကားထုတ်လုပ်ရေး ဈေး ကွက်မှ ခန့်မှန်းထားပါတယ်။

 

မဝေးတော့တဲ့ အနာဂတ်ကာလမှာ လျှပ်စစ်ကားတွေက ရေနံလောင်စာသုံး ကားတွေနေရာမှာ ဝင်ရောက်လာပါတော့မယ်။ မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ကားတွေ၊ လျှပ်စစ်ဆိုင်ကယ်တွေ သုံးစွဲမှု မြင့်တတ်လာဖို့ သက်ဆိုင်ရာက ပညာပေး စည်းရုံးသင့်ပါပြီ။ လျှပ်စစ်ကားတွေ လျှပ်စစ်ဆိုင်ကယ်တွေ သုံးစွဲမှု တိုးတက်လာဖို့ ချာဂျင်အားသွင်းတဲ့ ဆိုလာပါဝါ Charging Station ကြီးတွေ တည်ဆောက်ဖို့ လိုပါပြီ။လျှပ်စစ်ကားသုံးစွဲမှု တိုးတက်လာရေးအတွက် စွမ်းအင်မူဝါဒတွေ ပြောင်းလဲဖို့ လိုပါပြီ။

 

ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြီးတွေမှာ သန်းပေါင်းများစွာသော ကားတွေကြောင့် အသက်ရှူလို့မရအောင်အထိ မြို့ပြလေထုညစ်ညမ်းမှုတွေ မြင့်တတ်နေပါတယ်။ လူတိုင်း နှာခေါင်းစီးတွေတပ်ပြီး သွားနေရတယ်။ လေထုညစ်ညမ်းမှု လျော့ချရေးလုပ်နိုင်တာကတော့ လျှပ်စစ်ကား၊ လျှပ်စစ်ဆိုင်ကယ်တွေသုံးစွဲရေးပဲ ဖြစ်ပါတော့တယ်။

 

Source; ဆရာမာစတာ(စက်မှု)

Read times
Rate this item
(1 Vote)